ကလောမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သန်းငွေမှ ဆွေးနွေးခြင်း

ဒေါက်တာဒေါ်သန်းငွေ(ကလောမဲဆန္ဒနယ်)။                 ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ အားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြ ပါစေလို့ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်မကတော့ ကလောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၉ ရက်မြောက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း တင်သွင်းထားတဲ့  မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် ပတ်သက်တဲ့ အဆိုအပေါ် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်။ မူလအဆိုရှင်က မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေးနှင့်ပတ်သက်ပြီးတော့မှ မြန်မာ့သုခုမ အနုပညာရေစီးကြောင်း အပြောင်းအလဲကို မဏ္ဍိုင်ပြုပြီးတော့ အလေးထား တင်ပြသွားတာ တွေ့ပါတယ်။ နောက်တစ်ချိန်တုန်းကလည်း မြန်မာ့ အသံက စီစဉ်တင်ဆက်တဲ့ ဆရာမကြီးဒေါ်ရီကျိမ်ရဲ့ ပြောပါရစေဆိုတဲ့ ကဏ္ဍကို ရည်ညွှန်းပြီးတော့လည်း ပြန်လည်ဖော်ထုတ်သင့်ကြောင်း အကြံပြုသွားပါတယ်။ ခေတ်ရေစီးကြောင်းကို ဟန်တားလို့ မရပေမယ့် ရေစီးနှင့်အတူ မျှောပါလာတဲ့ အမှိုက်သရိုက်တွေကိုလည်း ဖယ်ရှားရှင်းလင်းဖို့ လိုအပ်လာပြီလို့ သူကထောက်ပြထားပါတယ်။

ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများရှင့်။ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတဲ့ စကားရပ် ဟာ စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်ဆိုတဲ့ သုခုမအနုပညာတွေထက် ပိုပြီးတော့မှ ကျယ်ပြန့်နက်ရှိုင်းပါ တယ်။ နောက်ပြီးတော့ ခုနက ကိုယ်စားလှယ်ကြီး ဦးဝင်းကို ပြောသွားသလိုပဲ မြန်မာ့ရိုးရာဆိုတဲ့အခါမှာ ကျွန်မတို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ မြန်မာ၊ ဗမာ တစ်မျိုးတည်းနေထိုင်တာမဟုတ်တဲ့အတွက် ဒီမှာ တူတူတွဲနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများဖြစ်တဲ့ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ချင်း၊ ရခိုင်၊ ရှမ်းဆိုတဲ့ လူမျိုးကြီးများအပြင် အင်း၊ ဓနု၊ တောင်ရိုး၊ ပအို့၊ ပလောင်၊ နာဂ၊ လီရှော၊ ယော၊ ယင်းဘော်၊ ယင်းနက်၊ ယင်းကြားဆိုတဲ့ လူမျိုးနွယ်စုတွေ အားလုံးနှင့်လည်း သက်ဆိုင်တယ်လို့ ယူဆပါတယ်။ လူမျိုးတိုင်း လူမျိုးနွယ်စုတိုင်းမှာ ကိုယ်ရဲ့သွင်ပြင် လက္ခဏာ၊ ကိုယ်ရဲ့ ယဉ်ကျေးမှုများ ရှိကြပါတယ်။ ကိုယ်ပိုင် ဓလေ့စရိုက်တွေ နှစ်လိုဖွယ်ရာရှိတဲ့ လူမျိုးရေး၊ ဆက်ဆံရေး သွင်ပြင်တွေနဲ့ မေတ္တာ၊ ဂရုဏာစတဲ့ ဗြဟ္မစိုရ်တရားတွေလည်း ရှိကြပါတယ်။

ဥက္ကဋ္ဌကြီးရှင့်။ ဒီကနေ့ခေတ်မှာ သတင်းနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု နှင့်အတူ ကျဉ်းမြောင်းလာတဲ့ ကမ္ဘာဆန်မှု ဖြစ်စဉ်တွေမှာ ကျွန်မတို့ ရင်ဆိုင်နေရတဲ့အခါမှာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုး တွေလည်း တွဲဖက် ပါလာပါတယ်။ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုရင် ယုံကြည်မှုနှင့် အတွင်းကိုယ်ခံ အားကောင်းဖို့ အထူးလိုအပ်ပါတယ်။ နိုင်ငံတိုင်းလူမျိုးတိုင်းဟာ ဖွံ့ဖြိုးတိုးတက် အောင်မြင်ပြီးတော့ ကိုယ်ကိုယ့် ဂုဏ်ယူနိုင်ပြီဆိုရင် ကိုယ့်ရဲ့ ယဉ်ကျေးမှုကို တန်ဖိုးထားလာကြပါတယ်။ ကာကွယ်စောင့်ရှောက် လာကြပါတယ်။ ဒါကို ဂျပန်နှင့်တောင်ကိုးရီးယားကို ဥပမာ အနေနဲ့ မြင်တွေ့နိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ အဆိုရှင်တင်သွင်းသွားသလို ယဉ်ကျေးမှု ပျောက်ရင် လူမျိုးပျောက်မယ်ဆိုတဲ့ စကား အတိုင်းဖြစ်ဖို့ရှိပါတယ်။ ယခု National Geographic ရဲ့ သုတေသန ပြုချက်အရဆိုလို့ရှိရင် မိရိုးဖလာစကားပပျောက်လို့ရှိရင် လူမျိုးနှင့်ယဉ်ကျေးမှုပါ ပပျောက်နိုင်တယ်ဆိုပြီးတော့ အခုလောလောဆယ် ကမ္ဘာမှာ ဘာသာစကားပေါင်း ၆၉၀၀ ကျော်ရှိတဲ့ အနက်က လာမယ့်အနှစ် ၁၀၀ မှာ တစ်ဝက်က ပပျောက်ဖို့ရှိပါတယ်လို့ သူတို့ကယူဆထားပါတယ်။ ဒါဟာ ယဉ်ကျေးမှုဆိုတဲ့ ဂီတ၊ အကပဒေသာများနှင့်မပြီးဘဲ ပြောတတ်၊ ဆိုတတ်၊ ရေးတတ်၊ ဖတ်တတ် တဲ့အပြင် တွေးတတ်ဝေဖန်သုံးသပ်တတ်တဲ့ ပညာအရာနှင့်ပြည့်စုံဖို့လိုပါတယ်။ အဲဒီအခါမှာ ကိုယ်ရဲ့ ယဉ်ကျေးမှုဓလေ့ကို ကိုယ်ကိုယ့်ကို ဂုဏ်ယူလာပါမယ်။ ကိုယ့်ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ဆိုတာလည်း ယုံကြည်မှုရှိလာပါမယ်။ ကလေးလူငယ်တွေအတွက် ယဉ်ကျေးဖို့ အသိပညာရှိစေဖို့ အတွက်ကတော့ ကျောင်းတွင်းပညာရေးမှာ ၁၉၅၃ ခုနှစ်လောက်အထိ ကျင့်သုံးခဲ့တဲ့ ပြည်သူ့နီတိဆိုတဲ့ သင်ခန်းစားများကို ထိထိရောက်ရောက် သင်ကြားပေးဖို့ လိုအပ်တယ်လို့ ယူဆပါတယ်။ နောက် ဘိုးဘွား မိဘတွေရဲ့ သမိုင်းနှင့် သွင်ပြင်လက္ခဏ ဂုဏ်အင်တို့ကို မျိုးဆက်သစ်လူငယ်တွေက ကြည့်ပြီး တော့မှ ကျွမ်းဝင် တန်ဖိုးထား တတ်လာအောင် လမ်းဖွင့်ပေးဖို့ လိုမယ်လို့ ယူဆပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများရှင့်။ ခုနက လွှတ်တော် ကိုယ်စားလှယ် ပြောသလိုပဲ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၂၂ နှင့် ပုဒ်မ ၂၇ တွေက တိုင်းရင်းသား တွေရဲ့စာပေ၊ ယဉ်ကျေးမှုနှင့် ဓလေ့စရိုက်တွေကို စောင့်ရှောက်မယ်ဆိုတာပါတဲ့အပြင် ပုဒ်မ ၃၃ မှာ လူငယ်များ မျိုးချစ် စိတ်ဓာတ်ရှင်သန်ရေးနှင့် အတွေးအခေါ်မှန် ဗလငါးတန် ဖွံ့ဖြိုး ဆောင်ရွက်မယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီအခြေခံဥပဒေအတိုင်းသာ လက်တွေ့အကောင်အထည်ဖော်ပြီးတော့မှ ကျင်‌့သုံးမယ်ဆိုရင် လူတိုင်းဟာ မိမိတို့ရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ဖို့ မိမိတို့မှာသာ တာဝန်ရှိ တယ်ဆိုတဲ့ အသိပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီအခြေခံ ဥပဒေရှိပြီးသား ဖြစ်တာကတစ်ကြောင်း၊ ကိုယ်အသိနဲ့ ကိုယ်ဘာသာ ထိန်းသိမ်းရမယ်ဆိုတဲ့ ပညာတတ်ဖို့ ဆိုတဲ့အသိက ရှိတာတစ်ကြောင်းမို့လို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုကို စောင့်ရှောက်တဲ့အခါမှာ စီမံကိန်းတွေ ချပြီးတော့မှ ကော်မရှင်တွေဖွဲ့မယ်ဆိုတဲ့ အဆိုရှင်ရဲ့ အဆိုကို ကျွန်မက မလိုအပ်ဘူးလို့ ထင်ပါကြောင်း ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်ရှင့်။

Standard (Image)