ဒေါက်တာသန်းဝင်း၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ အမျိုးသား ယဉ်ကျေးမှု မြှင့်တင်ရေး စီမံချက်ချ ဆောင်ရွက်ပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးခြင်း

ဦးဝင်းကို(ဆီဆိုင်မဲဆန္ဒနယ်)။              ။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စွာ နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုးဆထက်တပိုး ထမ်းဆောင်နိုင်ကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်း ဆက်သ ဂါရဝပြုအပ်ပါတယ်။           ကျွန်တော်ကတော့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းကို ဖြစ်ပါတယ်။ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုဗဟိုဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်ပါတယ်။ ပွင့်လင်းစွာ ဆွေးနွေးခွင့်ရတဲ့အတွက် များစွာကျေးဇူးတင်ပါတယ်။ အဆိုရှင် ဒေါက်တာသန်းဝင်းကိုလည်း များစွာကျေးဇူးတင်ရှိပါတယ်။

ဦးစွာပထမမြန်မာဆိုတဲ့ ဝေါဟာရဟာ ကျွန်တော်တို့ တိုင်းရင်းသားများ နားလည်ထားတာက ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာ စုပေါင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော်ကို ကိုယ်စားပြုထားတဲ့ စကားလုံးဖြစ်တယ်လို့ သိရှိနားလည် ခံယူထားကြပါတယ်။ ဒါကြောင့် မြန်မာ့ ယဉ်ကျေးမှုကို တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် ယဉ်ကျေးမှုလို့ မှတ်ယူထားမိပါတယ်။ ညီအစ်ကိုတိုင်းရင်းသား ယဉ်ကျေးမှုများဟာလည်း လူမျိုးတမျိုးနှင့် တမျိုးကွာခြားမှု သိပ်မရှိကြပါဘူး။ ပြည်ထောင်စု နိုင်ငံတော်ကြီး အတွင်းမှာ နေရာအနှံ့ဒေသအစုံမှာ ရှေးပဝေသနီကတည်းက တိုင်းရင်းသား၊ လူသားများဟာ ရေကြောွမေကြော၊ ရေကြည်ရာမြက်နုရာ အုပ်စုလိုက်၊ အမျိုးလိုက် အသက်မွေးဝမ်း ကြောင်းပြု နေထိုင်လာကြပါတယ်။ ရောက်ရာဒေသ ရောက်ရာ အရပ်များမှာ သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတု မတူညီမှုကြောင့် စားဝတ်နေမှု၊ ယုံကြည်အားကိုးမှု ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများလည်း ကွဲပြားလာကြောင်း သိရှိမှတ်သား မိပါတယ်။ မြေခြားရေခြား မည်ကဲ့သို့ မတူညီသြည်ဖစ်စေ ပြည်ထောင်စုဖွား ပြည်ထောင်စုသားတော့ အတူတူဖြစ်ပါတယ်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများဟာ ယုံကြည် ကိုးစားကိုးကွယ်ရာ ဘာသာများမှ ဆင်းသက်လာကြတာ ပိုမိုများပြား တာလည်း တွေ့ရှိရပါ တယ်။ မည်သည့် တိုင်းရင်းသားများမဆို မိမိသမိုင်း၊ မိမိယဉ်ကျေးမှုများနှင့် ဆင်းသက်လာကြပြီး မိမိလူမျိုးမပပျောက်ရေး၊ မိမိယဉ်ကျေးမှုများကို အမြတ်တနိုး တန်ဖိုးထားကာ မိမိစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ ဖွဲ့စည်းပြီး မိမိယဉ်ကျေးမှုများကို ထိန်းသိမ်းနေကြတာလည်း တွေ့ရှိရပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်းမှာ တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ ကျော် အေးအတူပူအမျှ အတူတကွနေထိုင်လာကြပြီး ခေတ်စနစ်များစွာမှာ ဆိုးအတူ ကောင်းအတူ ဖြတ်သန်းလာခဲ့ကြပါတယ်။ နယ်ချဲ့ကိုယ်လိုနီခေတ်စနစ် မှာလည်း တိုင်းရင်းသားများ ဘာသာစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ယုံကြည်မှု ကွဲအောင် သွေးခွဲခံခဲ့ရတဲ့အတွက် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ပိုမိုကွဲပြားလာတာ မှတ်သားသိရှိရပါ တယ်။ ဘယ်ခေတ်စနစ်ဆိုးမှာ ဖြစ်ဖြစ် ဘယ်အဖျက်နဲ့ ဝင်ဝင် တိုင်းရင်းသားများနဲ့ မိမိမျိုးချစ် စိတ်ဓာတ် ဟာ ဘယ်တော့မှ မလျော့သွားခဲ့ပါဘူး။ ယဉ်ကျေးမှုပျောက်ရင် လူမျိုးပျောက်မည်။ တိုင်းရင်းသားမရှိ ရင် ပြည်ထောင်စုလည်း မရှိပါ။ မြေမျိုလို့ လူမျိုးမတုံး၊ လူမျိုမှ လူမျိုးတုံးမည်ဆိုသော ‌ဆောင်ပုဒ်နှင့် အညီ လူအမျိုမခံရဖို့ အဆိုရှင်ရဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု ထိန်းသိန်းစောင့်ရှောက်ရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် အဆိုဖြစ်ကြောင်း ထောက်ခံတင်ပြအပ်ပါတယ်။ အဆိုရှင်ရဲ့ အဆိုသည် တိုင်းရင်း သားများအတွက် ပျားရည်တစ်စက် အားဆေးတစ်ခွက်ပါပဲ။

ဥက္ကဋ္ဌကြီးခင်ဗျား။         ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ စည်းကမ်းပြည့်ဝပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ စဆင်ခြေလှမ်းနေတဲ့ အချိန်အခါ ဖြစ်ပါတယ်။ ခေတ်စနစ်နဲ့အညီ ဒီမိုကရေစီကျကျ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး ဥပဒေများကိုလည်း လွှတ်တော်ကြီး ၂ ရပ်မှာ အကောင်အထည်ဖော်ရေးဆွဲနေကြတာလည်း အမြင်အသိဖြစ်ပါတယ်။ ရည်မှန်းထားတဲ့ ပန်းတိုင် အလျင်အမြန်ရောက်နိုင်ဖို့လည်း လွှတ်တော် ၂ ရပ်နဲ့အတူ ပြည်သူ၊ အစိုးရအားလုံး တာဝန်ယူ ကြရမှာ ဖြစ်ပါတယ်။ အောင်မြင်မှုအရင်းခံသော အကြောင်းတရားမှာ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေးပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးရဲ့ အရင်းခံ ဟာလည်း လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူအခွင့်အရေးရှိခြင်း၊ တစ်ပြေးညီလူမှုဘဝဖွံ့ဖြိုး တိုးတက်ခြင်းဆိုတဲ့ ဆေလာကပါလ တရားပဲဖြစ်ပါတယ်။ အခြေခံဥပဒေပုဒ်မ ၂၂ မှာ တိုင်းရင်းသား များရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်ဟု ဖွင့်ဆိုထားသော်လည်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေတာ မတွေ့ရသေးပါဘူး။ ယခု အဆိုရှင်ရဲ့ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး အဆိုတွန်းအားပေးမှုကြောင့် အ‌ွခေခံဥပဒေ    ပုဒ်မ ၂၂ အသက်ဝင်လာ မလားလို့ မျှော်လင့်စောင့်စေားနေတာ တိုင်းရင်းသားများ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။         သားသမီးတိုင်းမှာနွေးထွေးတဲ့ မိဘမေတ္တာ၊ တိုင်းရင်းသားတိုင်းမှာ နွေးထွေးတဲ့ နိုင်ငံတော်ရဲ့အချစ်ကို ရယူလိုနေကြပါတယ်။ ပြည်တွင်းအားသည် ပြည်တွင်းမှာ သာရှိသည်။ ပြည်ထောင်စုစိတ်ဓါတ်သည်လည်း ပြည်ထောင်စုမှာသာရှိပါတယ်။ အရေးကြုံရင် သက်လုံကောင်းဖို့ဟာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပဲ ဖြစ်ပါတယ်။ ပြောင်းလဲလာမယ့် ဒီမိုကရေစီနိုင်ငံတော်သစ်မှာ နိုင်ငံတကာနဲ့ စီးပွားရေး၊ လူမှုရေး၊ နယ်ဖြတ်ကူးကျော် အလုပ်အကိုင် ရှာဖွေရေး ကူလူးရော ယှက်လာတော့မှာ အမှန်ပါပဲ။ မိမိနိုင်ငံရဲ့ ယဉ်ကျေးမှုများကို စည်းကမ်းတကျ ကြိုတင်ထိန်းသိမ်းကြဖို့ လိုအပ်သလို အမျိုးချစ်၊ နိုင်ငံချစ်စိတ်ဓါတ်လည်း မွေးကြဖို့ လိုလာပါပြီ။ ဂီတ၊ ရုပ်ရှင်၊ သဘင် သရုပ်ပျက်လည်း သတိပြုကြရမှာွဖစ်ပါတယ်။ မိမိယဉ်ကျေးမှုကို အကြောင်းပြုပြီး သူများဘာသာ၊ ယဉ်ကျေးမှု၊ လူမျိုးမထိခိုက်ဖို့၊ မထိခိုက်ဖို့၊ ပဋိပက္ခမဖြစ်ဖို့လည်း ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ မှောင်မိုက်တဲ့ အတိတ်သမိုင်းရဲ့ အဖြစ်အပျက်၊ ခံစားချက်များကို အတိတ်မှာလိုက်ကာ ချပြီး သင်ခန်းစာ ကောင်းများယူကာ မိုးသားကင်းစင် ကြည်လင်တောင်ပသော ဒီမိုကရေစီနိုင်ငံတော် သစ်ဆီသို့ အမျိုးစစ်၊ အမျိုးချစ်သော ပြည်ထောင်စုဖွား နိုင်ငံသားပီပီ မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်းရဲ့ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းရေး၊  အမျိုးသားယဉ်ကျေးမှု မြှင့်တင်ရေး စီမံချက်ချဆောင်ရွက်ပါရန် နိုင်ငံတော်အစိုးရသို့ တိုင်တွန်းကြောင်း အဆိုကို လေးနက်စွာ ထောင်ခံပါကြောင်း တင်ပြနိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါ တယ်။

Standard (Image)