တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးခင်မောင်ထွန်း မှ ဦးဝင်းမြင့်အဆိုအား ဆွေးနွေး

ဗိုလ်မှူးကြီးခင်မောင်ထွန်း (တပ်မတော်သား ကိုယ်စားလှယ်)။             ။ ချစ်ခင်လေးစား အပ်ပါသော ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျား။ မင်္ဂလာအပေါင်းနှင့် ပြည်‌့စုံကြ ပါစေကြောင်း ဂါရဝပြု နှုတ်ခွန်းဆက်သ အပ်ပါတယ်ခင်ဗျား။

ကျွန်တော်ကတော့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းဖြစ်ပါတယ်။ ယခု ဦးဝင်မြင့် အဆိုမှာပါတဲ့ Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည်၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာ ပြီး မှတ်တမ်းတင်ထားရန် အဆိုနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။

ဒီနေရာမှာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးတင်ပြလိုပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good governance) ကနေ့ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်နှင့် စီးပွားရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ ဝေါဟာရဖြစ်ပါတယ်။ Good governance အကြောင်းမဆွေးနွေးမီ governance လိုရင်း အဓိပ္ပာယ်ကတော့ အစိုးရ governance ပြည်သူ Public နဲ့ ဈေးကွက် Market တို့အချင်းချင်း အပြန်အလှန် ဆက်သွယ်မှု အင်တာအက်ရှင်း of မာတီပယ်ဆိတ်ဖိုတာ ဖြစ်ပါတယ်။ governance သဘောတရားကို ကြည့်မယ်ဆိုရင် အစိုးရရဲ့ အခန်းကဏ္ဍ ပိုမိုကျဉ်း‌မြောင်း သွားပြီးတော့ ပြည်သူလူထု ရဲ့ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့် လာတာ ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံတော် တည်ဆောက်ရေး State Building မှာ ပြည်သူတို့ရဲ့ ကဏ္ဍပေါင်းစုံမှ ပါဝင်လာပြီးတော့ ပူးပေါင်းခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်း လုပ်ဆောင်ချက်တို့ အကျုံးဝင်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ governance ရှိ၊မရှိဆိုတာနဲ့ ပတ်သက်လို့ လူ့အခွင်‌့အရေးကို ဘယ်အတိုင်းအတာ အထိ ပြည့်ဝစွာ အကောင်အထည် ဖော်နိုင်သလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ်လို့ ဖွံ့ဖြိုးရေးပညာတွေက ဆိုကြပါတယ်။ ဆိုလိုတာကတော့ လူတို့ရဲ့ အခြေခံမရှိမဖြစ် အရာများဖြစ်တဲ့ စားဝတ်နေရေး ပြည့်ဝ ပြေလည်နေ စေရန်အတွက် လုံလောက်သော စားနပ်ရိက္ခာ (Servicesent Food)၊ ကျန်းမာရေး စောင့်ရှောက်မှု အခွင်‌့အရေး (Right to Health)၊ လုံလောက်သော အိမ်ရာ (အက်ဒီကုတ်ဟောက်ဇီ) အရည်သွေး ပြည့်ဝသော ပညာရေး (Quality Education)၊ တရားမျှတမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး(Fair Justic and Personal Secruty) စတာတွေကို အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိတို့ကို တိုင်းတာတဲ့ဟာဖြစ်ပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နဲ့ ဒီမိုကရေစီ စနစ်ဟာလည်း လိုက်ဖက်ညီတာကို တွေ့ရပါတယ်။ အဆိုပါစနစ် ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစနစ် ကျင့်စဉ်တွေ ထွန်းကားလာဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ဒီမိုကရေစီစနစ်ကို အနှစ်သာရ ရှိရှိ အပြည့်အဝ အကောင်အထည်ဖော် ကျင့်သုံးနိုင်ဖို့အတွက် ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ အုပ်ချုပ်မှု စနစ်ခိုင်ခိုင်မာမာ ပေါ်ပေါက်လာရမှာ ဖြစ်ပါတယ်။ သို့ပါ၍ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာကျင့်သုံး နိုင်ရန် အစိုးရအဖွဲ့အတွင်း၌သာမက ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထု အတွင်းတွေမှာ ဒီမိုကရေစီကျင်‌့စဉ်များ ထွန်းကားရေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီသည် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နဲ့ တွဲဖက်မှသာ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်စေရန် နိုင်ငံသားအားလုံးအနေနဲ့ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကား အောင်အလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်။

ကောင်းမွန်သော အုပ်ရေးစနစ် (Good governance) အချင်းအရာများနဲ့ ပတ်သက်လို့ အခြေခံအားဖြင့် အောက်ပါအချက်များ ပေါ်မူတည်ပြီး သတ်မှတ်လေ့ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ အများစုပါဝင်ခြင်း၊ စည်းမျဉ်းစည်း ကမ်းဥပဒေ (Rule of Law) ကြိုတင်ခန့်မှန်းနိုင်မှု၊ ပွင့်လင်းထင်သာမြင်သာမှု၊ တုန့်ပြန်မှုရှိခြင်း၊ အများပြည်သူသဘော တူညီမှုကိုရယူပြီးတော့ ရှေးရှုလုပ်ကိုင်ခြင်း၊ ညီမျှခြင်းနှင့် အများစုအား ထည့်သွင်း စဉ်းစားခြင်း၊ ထိရောက်မှုရှိခြင်းနှင့် စွမ်းဆောင်မှုပြည့်ဝခြင်း၊ တာဝန်ယူမှုရှိခြင်းတို့ ဖြစ်ပါ တယ်။

အထက်ပါ အရည်အချင်းများ ရှိနေရမယ့်အပြင် လာဘ်ပေးလာဘ်ယူမှု (Corruption) ကိုလည်း အနည်ဆုံး ဖြစ်စေရမှာဖြစ်ပါတယ်။ Corruption is Minimize ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ လူနည်းစုရဲ့ အမြင်ကိုလည်း ထည့်သွင်း စဉ်းစားနိုင်ရမှာ ဖြစ်တယ်ဆိုတာကိုလည်း အထူးသတိပြုဖို့လို ပါတယ်။ အဆိုရှင်ရဲ့ ရည်ရွယ်ချက်မှာလည်း Corruption ရဲ့ပပျောက်ရေးကို ဦးတည်တယ်လို့ ယူဆရ မှာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈ မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးတဲ့ တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေအိမ်၊ အဆောက်အုံ၊ စီးပွားရေး လုပ်ငန်းစုငွေနဲ့ အခြားအဖိုးတန် ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမယ်လို့သာ ဖော်ပြထားပါတယ်။

ကျွန်တော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနှင့် ကတိသစ္စာပြုချက်ပါ အတိုင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်ရဲ့ ဥပဒေများကိုလည်း လိုက်နာရမှာဖြစ်တဲ့ အတွက် ဦးဝင်းမြင့်အဆိုမှာပါတဲ့ နိုင်ငံတော်အုပ်ချုပ်ရေး အာဏာကို ခွဲဝေအပ်နှင်းခြင်း ခံရတဲ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များရဲ့ ပိုင်ဆိုင်မှုများကို စာရင်းပြုစုကာ ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင် ထားရမယ့်အတိုင်း ဆောင်ရွက်မယ် ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ ကို ကျော်လွန်နေတာ တွေ့ရှိရပါ တယ်။ သို့ပါ၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုများကို စာရင်းပြုစု ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင် ထားရမယ်ဆိုတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့အဆိုဟာ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၈ နဲ့ မကိုက်ညီတဲ့အတွက် အဆိုကိုပြန်လည်သုံးသပ်သင့် ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Standard (Image)