တပ်မတော်သားကိုယ်စားလှယ်တစ်ဦးမှ Good governance, Clean governance နှင့် ပတ်သက်သော အဆိုအား ဆွေးနွေး

ဗိုလ်မှူးကြီးခင်မောင်ထွန်း (တပ်မတော်သား ကိုယ်စားလှယ်)။              ။ ချစ်ခင်လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျား။ မင်္ဂလာအပေါင်းနှင့် ပြည်‌့စုံကြပါ စေကြောင်း ဂါရဝပြု နှုတ်ခွန်းဆက်သအပ် ပါတယ်ခင်ဗျား။ ကျွန်တော် ကတော့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ခင်မောင်ထွန်းဖြစ်ပါတယ်။ ယခု ဦးဝင်မြင့် အဆိုမှာပါတဲ့ Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာ ပြီး မှတ်တမ်းတင်ထားရန် အဆိုနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။

ဒီနေရာမှာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးတင်ပြလိုပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good governance) ကနေ့ နိုင်ငံတကာဆက်ဆံရေး နယ်ပယ်နှင့် စီးပွားရေးနယ်ပယ်၊ နိုင်ငံရေး နယ်ပယ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ ဝေါဟာရဖြစ်ပါတယ်။ Good governance အကြောင်း မဆွေးနွေးမီ governance လိုရင်း အဓိပ္ပာယ်ကတော့ အစိုးရ governance ပြည်သူ Public နဲ့ ဈေးကွက် Market တို့အချင်းချင်း အပြန်အလှန် ဆက်သွယ်မှု Interaction  of Multiple State Holder ဖြစ်ပါတယ်။ governance သဘောတရားကို ကြည့်မယ်ဆိုရင် အစိုးရရဲ့ အခန်းကဏ္ဍ ပိုမိုကျဉ်း‌မြောင်းသွား ပြီးတော့ ပြည်သူလူထုရဲ့ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့် လာတာဖြစ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတော် တည်ဆောက်ရေး State Building မှာ ပြည်သူတို့ရဲ့ ကဏ္ဍပေါင်းစုံမှ ပါဝင်လာပြီးတော့ ပူးပေါင်းခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်း လုပ်ဆောင်ချက်တို့ အကျုံးဝင် လာတာကို တွေ့ရမှာဖြစ်ပါတယ်။ governance ရှိ၊မရှိဆိုတာနဲ့ ပတ်သက်လို့ လူ့အခွင်‌့အရေးကို ဘယ် အတိုင်းအတာအထိ ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်သလဲ ဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ်လို့ ဖွံ့ဖြိုးရေးပညာတွေက ဆိုကြပါတယ်။ ဆိုလိုတာကတော့ လူတို့ရဲ့ အခြေခံမရှိမဖြစ် အရာများဖြစ်တဲ့ စားဝတ်နေရေး ပြည့်ဝပြေလည် နေစေရန်အတွက် လုံလောက်သော စားနပ်ရိက္ခာ (Servicesent Food)၊ ကျန်းမာရေး စောင့်ရှောက်မှုအခွင်‌့အရေး (Right to Health)၊ လုံလောက်သော အိမ်ရာ (Adequate Housing) အရည်သွေးပြည့်ဝသော ပညာရေး (Quality Education)၊ တရားမျှတမှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေး(Fair Justic and Personal Secruty) စတာတွေကို အုပ်ချုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိတို့ကို တိုင်းတာတဲ့ဟာဖြစ်ပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နဲ့ ဒီမိုကရေစီ စနစ်ဟာလည်း လိုက်ဖက်ညီတာကို တွေ့ရပါတယ်။ အဆိုပါ စနစ်ဖြစ်ပေါ်ရေး အတွက် ဒီမိုကရေစီစနစ်ကျင့်စဉ်တွေ ထွန်းကားလာဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် ဒီမိုကရေစီစနစ်ကို အနှစ်သာရ ရှိရှိ အပြည့်အဝ အကောင်အထည်ဖော် ကျင့်သုံးနိုင်ဖို့ အတွက် ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ အုပ်ချုပ်မှု စနစ်ခိုင်ခိုင်မာမာ ပေါ်ပေါက် လာရမှာဖြစ်ပါတယ်။ သို့ပါ၍ ဒီမိုကရေစီ စနစ် ခိုင်ခိုင်မာမာ ကျင့်သုံးနိုင်ရန် အစိုးရ အဖွဲ့အတွင်း၌ သာမက ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူလူထု အတွင်းတွေမှာ ဒီမိုကရေစီ ကျင်‌့စဉ်များ ထွန်းကားရေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီသည် ကောင်းမွန် သောအုပ်ချုပ်ရေးစနစ်နဲ့ တွဲဖက်မှသာ အောင်မြင် နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ပေါ်ပေါက်စေရန် နိုင်ငံသား အားလုံးအနေနဲ့ ဒီမိုကရေစီကျင့်စဉ်များ ထွန်းကား အောင်အလေးထား ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ကောင်းမွန်သော အုပ်ရေးစနစ် (Good governance) အချင်းအရာများနဲ့ပတ်သက်လို့ အခြေခံအားဖြင့် အောက်ပါအချက်များ ပေါ်မူတည်ပြီး သတ်မှတ်လေ့ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ အများစုပါဝင်ခြင်း၊ စည်းမျဉ်းစည်း ကမ်းဥပဒေ (Rule of Law) ကြိုတင်ခန့်မှန်းနိုင်မှု၊ ပွင့်လင်းထင်သာ မြင်သာမှု၊ တုန့်ပြန်မှုရှိခြင်း၊ အများပြည်သူ သဘောတူညီမှုကို ရယူပြီးတော့ ရှေးရှုလုပ်ကိုင်ခြင်း၊ ညီမျှခြင်းနှင့် အများစုအား ထည့်သွင်းစဉ်းစားခြင်း၊ ထိရောက်မှုရှိခြင်းနှင့် စွမ်းဆောင်မှုပြည့်ဝခြင်း၊ တာဝန်ယူမှုရှိခြင်းတို့ဖြစ်ပါ တယ်။အထက်ပါ အရည်အချင်းများ ရှိနေရမယ့်အပြင် လာဘ်ပေးလာဘ်ယူမှု (Corruption) ကိုလည်း အနည်ဆုံးဖြစ်စေရမှာဖြစ်ပါတယ်။ Corruption is Minimize ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ လူနည်းစုရဲ့အမြင်ကိုလည်း ထည့်သွင်းစဉ်းစားနိုင် ရမှာဖြစ်တယ် ဆိုတာကိုလည်း အထူးသတိပြုဖို့လို ပါတယ်။ အဆိုရှင်ရဲ့ရည်ရွယ်ချက်မှာလည်း Corruption ရဲ့ပပျောက်ရေးကို ဦးတည်တယ်လို့ ယူဆရ မှာဖြစ်ပါတယ်။ ဒါပေမယ့်လို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈ မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးတဲ့ တစ်စီးပွားတည်း ဖြစ်သော မိသားစုပိုင် မြေအိမ်၊ အဆောက်အုံ၊ စီးပွားရေးလုပ်ငန်းစုငွေနဲ့ အခြားအဖိုးတန် ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမယ်လို့သာ ဖော်ပြ ထားပါတယ်။ ကျွန်တော်တို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် ကတိသစ္စာပြုချက်ပါ အတိုင်း နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော်ရဲ့ ဥပဒေများကိုလည်း လိုက်နာရမှာဖြစ်တဲ့ အတွက် ဦးဝင်းမြင့်အဆိုမှာပါတဲ့ နိုင်ငံတော်အုပ်ချုပ်ရေး အာဏာကို ခွဲဝေ အပ်နှင်းခြင်း ခံရတဲ့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များရဲ့ ပိုင်ဆိုင်မှုများကို စာရင်းပြုစုကာ ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင် ထားရမယ့်အတိုင်း ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၈ ကို ကျော်လွန်နေတာ တွေ့ရှိရပါ တယ်။ သို့ပါ၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုများကို စာရင်းပြုစု ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရမယ်ဆိုတဲ့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မဲဆန္ဒနယ်ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့အဆိုဟာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၈ နဲ့ မကိုက်ညီတဲ့အတွက် အဆိုကိုပြန်လည် သုံးသပ်သင့် ပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Standard (Image)