ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံး မင်္ဂလာပါ။ ကျွန်မကတော့ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းဖြစ်ပါတယ်။ ကျွန်မအခု ဆွေးနွေးမှာကတော့ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တိုင်းပြည်မှာ လွတ်လပ်ရေးရပြီးကတည်းက စနစ်အမျိုးမျိုး၊ အစိုးရအမျိုးမျိုး အုပ်ချုပ်လာခဲ့ကြပါတယ်။ လွတ်လပ်ရေးရပြီးစ ပါလီမန်ခေတ်မှာလည်း အစိုးရပိုင်းရဲ့ပိုင်ဆိုင်မှုကို ပြဆိုဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင် မြင်ခဲ့ပါဘူး။ နောက်အကြောင်း အမျိုးမျိုးနဲ့ နှစ်ပေါင်း ၅၀ နီးပါးလောက် ဒီလိုထုတ်ဖော်ဖို့ နေနေသာသာ အစိုးရမင်းများဆိုရင် ပြည်သူက မော်တောင်မကြည့်ရဲတာ အားလုံးလည်း သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့၊ ဒီအချိန်မှာတော့ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တာ ကာလအားဖြင့် ၂ နှစ်နီးပါး ရှိနေခဲ့ပြီဖြစ်ပါတယ်။ ပြည်သူ့အစိုးရဆိုရင် ပြည်သူနှင့် အပြန်အလှန် ပွင့်လင်း မြင်သာမှု အပြန်အလှန် ထိန်းကျောင်းထားမှုဆိုတာ ရှိပါတယ်။ အခုဆိုရင် ကျွန်မတို့ တိုင်းပြည်တွင် မကပါဘူး။ ကမ္ဘာတိုင်းပြည်များမှာပါ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေဟာ လူထုယုံကြည် မှု၊ ထောက်ခံမှု အားနည်း လာတာကိုတွေ့ရပါတယ်။ ဒါကဘာကိုပြသလဲဆိုရင် အခုလိုပဲ ပွင်းလင်း မြင်သာမှု၊ အပြန်အလှန် ထိန်းကျောင်းမှု မခံယူတော့ပဲနဲ့ ပြည်သူအပေါ် ထိန်းချုပ်ဖို့ ကြိုးစားရင်းနဲ့ ကြုံလာရတဲ့ ပြဿနာ ပဲဖြစ်ပါတယ်။ ဒါဟာအာဏာ တစ်ခုတည်းကြောင့် မဟုတ်ဘဲနဲ့ ပြည်သူအပေါ် အာဏာတစ်ခု တည်းကြောင့် အဟုတ်ပဲနဲ့ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု တစ်ဘက်သက် အနိုင်ကျင့်ခြင်း ဆိုတာတွေနဲ့လည်း ဆက်နွယ်နေတာဖြစ်ပါတယ်။ ဒီလိုအခြေအနေဖြစ်လာပြီဆိုရင် အများဆုံး ခံစားရတာကတော့ ပြည်သူပဲ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုဟာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဒီမိုကရေစီ ဖြစ်ထွန်းဖြစ်ထွန်း ပေါ်ပေါက်ရေး နှင့် မျှတတဲ့စီးပွားရေး ပိုင်ဆိုင်မှုများအတွက်လည်း အရေးကြီးတဲ့ ခြိမ်းခြောက်မှု တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် တိုင်းပြည်တစ်ပြည်အတွက် အန္တရာယ်အလွန်ပဲ ကြီးပါတယ်။ ဒီမိုကရေစီစနစ်မှာ ပွင့်လင်း မြင်သာမှု၊ ဘယ်လောက် အရေးကြီးနေသလဲ ဆိုတာကိုလည်းပဲ ဖော်ပြနေတာပါ။ တိုင်းပြည်ဟာ ပြဿနာပေါင်း မြောက်များစွာနဲ့ ရင်ဆိုင်နေကြရတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ အခုနှစ်ပိုင်းတွေမှာဆိုလို့ရှိရင်လဲ Transparency International ခေါ်တဲ့ အဖွဲ့အစည်းက ထုတ်ပြန်တဲ့ သုတေသန စာတမ်းတွေမှာ မြန်မာပြည် ဟာ အဂတိလိုက်စားမှုအဆိုးဆုံး ပွင့်လင်းမြင်သာမှု အနည်းဆုံးတိုင်းပြည်အဖြစ် ထုတ်ပြန်ကြေညာထားတာ စိတ်မကောင်းစရာပဲ တွေ့ရပါတယ်။ များမကြာခင်က အိမ်နီးချင်း တရုတ်နိုင်ငံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် စစ်တပ် ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကို ထုတ်ပြန်ကြေညာဖို့ အမိန့်ထုတ်ပြန်ထားပါ တယ်။ အမေရိကန်နိုင်ငံမှာဆိုရင် သမ္မတကအစ တာဝန်ယူပြီး ရက်ပေါင်း ၃၀ အတွင်းမှာ ပိုင်ဆိုင်မှုကို ကြေညာပေးရပါတယ်။ ထိုင်းနိုင်ငံမှာလည်း အလားတူပါပဲ။ အိန္ဒိယနိုင်ငံမှာဆိုရင်တော့ တာဝန်ယူပြီး ၂ လ အတွင်းမှာ ကြေညာပေးရပါတယ်။ တင်ပြဖို့ ပျက်ကွက်တာတွေ၊ အချိန်နောက်ကျတာတွေ၊ မပြည်မစုံတင်ပြ တာတွေ၊ ပေါ့လျော့မှုကြောင့်၊ မှားယွင်း ဖော်ပြမိတာတွေ၊ ရည်ရွယ်ချက်ရှိရှိ လိမ်လည်ကြတာတွေ ကိုလည်း စောင့်ကြည့် အရေးယူတဲ့ အဖွဲ့အစည်းတွေက မပြတ်စောင့်ကြည့်နေပြီးတော့ အရေးယူမှုတွေကိုလည်း လုပ်ပါတယ်။ ဒါကြောင့် ဒီလို ပွင့်လင်းမြင်သာမှုနဲ့ အစိုးရနှင့် ပြည်သူ အပြန်အလှန် ထိန်းကျောင်းမှု ဘာကြောင့် အရေးကြီးသလဲဆိုတော့ ဒီမိုကရေစီစနစ် အဓွန့်ရှည်ခိုင်မြဲဖို့ ရှင်သန်အားကောင်းစေဖို့ လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ အစိုးရပိုင်းက ပိုင်ဆိုင်မှုကို ကြေညာခြင်းအားဖြင့် မတော်မတရား ငွေရှာတဲ့ကိစ္စ၊ ပြည်သူနဲ့ အခြားသူတွေက အပြစ်ရှာစွတ်စွဲ လာတဲ့အခါမှာလည်း အလွယ်တကူရှင်းသွားမှာ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုကို ကြေညာခြင်းအားဖြင့် လာဘ်ပေးလာဘ်ယူမှုကိုလည်း တိုက်ဖျက်ပြီး သားဖြစ်သွားမှာပါ။ ဒါကြောင့် အစိုးရ တာဝန်ရှိသူတွေ ပိုင်ဆိုင်ခြင်းဟာ ပိုင်ဆိုင်ခြင်းကို ကြေညာခြင်းဟာ အစစနောက်ကျနေတဲ့ တိုင်းပြည်အတွက် ပြဿနာ တော်တော်များများကို ဖြေရှင်းပြီးသားဖြစ်သွားမှာပါ။ ဒီမိုကရေစီစနစ်မှာ ပြည်သူဟာ အက္ခရာကျ ပါတယ်။ မကြာခင်မှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့ ညွန်ကြားချက်ကို ကျွန်မတို့အနေနဲ့ ကြိုဆိုပါတယ်။ ၁-၈-၂၀၁၂ခုနှစ် နောက်ဆုံးထားပြီးတော့ ပိုင်ဆိုင်မှုစာရင်း ထုတ်ဖော် ကြေညာရမယ်ဆိုတဲ့ အမိန့်ကြေငြာစာတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒီလိုထုတ်ပြန်ရာမှာလည်း အုပ်ချုပ်ရေးပိုင်း က အကုန်မဟုတ်ဘဲ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကိုပါ ထုတ်ပြန်ရမယ်ဆိုတာ မပါရှိခဲ့ ပါဘူး။ တပ်မတော်သား တွေဟာလည်း အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်နေတဲ့အတွက် တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များကိုပါ ထုတ်ပြန်ကြေညာပေးဖို့ လိုအပ်တယ်လို့ ထပ်မံ ဖြည့်စွက်ချင်ပါတယ်။ အဂတိ လိုက်စားမှု အဖွဲ့အစည်းတွေ ဖွဲ့စည်းပြီး စနစ်တကျလေ့လာ စောင့်ကြည့် ထုြတ်ပန်ပေးနိုင်ရင် ပိုမိုကောင်းမွန် မှာဖြစ်ပါတယ်။ အစိုးရပိုင်းက တာဝန်ယူမှု၊ တာဝန်ခံမှုတွေအရ ဒီလိုပိုင်ဆိုမှု ထုတ်ဖော်ကြေညာခြင်းဟာ အစိုးရကိုရော ပြည်သူကိုပါ လိပ်ပြာလုံမယ့်ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ပုသိမ်မဲဆန္ဒနယ် ဦးဝင်းမြင့်ရဲ့ Good Governance, Clean Government ဖြစ်ပေါ်စေရေး အဆိုကို ကျွန်မအနေနဲ့ အပြည့်အဝထောက်ခံ ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။
