ဦးစိုးဝင်း(စမ်းချောင်းမဲဆန္ဒနယ်)။ ။ ချစ်ခင်လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံး မင်္ဂလာပါလို့ ကျွန်တော်လေးစားစွာ နှုတ်ခွန်းဆက်ပါတယ်။ ကျွန်တော်ကတော့ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း ဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တင်သွင်းသွားတဲ့ Good Governance ကောင်းမွန်သော အုပ်ချုပ်ရေး၊ Clean Government သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်စေရေးဆိုတဲ့ အဆိုနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်ဆွေးနွေ းသွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု နိုင်ငံတော် ဖွဲ့စည်းပုံအွခေခံဥပဒေ ပုဒ်မ (၆၈)မှာ နိုင်ငံတော် သမ္မတနဲ့ ဒုတိယ သမ္မတများဟာ မိမိတို့ ဦးစီးတဲ့ တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေးလုပ်ငန်း၊ ဆုငွေနဲ့ အခြားအဖိုးတန် ပစ္စည်းများကို တန်ဖိုးနဲ့တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံသို့ ပေးပို့ရမည်လို့ သတ်မှတ်ပြဌာန်းထားခဲ့ပါတယ်။ အဲဒီသတ်မှတ်ထားတဲ့အတိုင်းလည်း ပေးပို့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် ရဲ့ တင်သွင်းတဲ့ အဆိုအတိုင်းဆောင်ရွက်မယ်ဆိုပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၈ နဲ့ မကိုက်ညီတဲ့ အတွက် အဆိုပါ ပုဒ်မ ၆၈ကို ပြင်ဆင်ရန်လိုအပ်လာပါတယ်လို့ ထင်မြင်ပါတယ်။ အစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၁၀၁နဲ့လည်း တိုက်ဆိုင်ကြည့်ပြန်တော့လည်း အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၁ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပါတ်သတ်ဆက်နွယ်ခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။ ဦးဝင်းမြင့်အဆိုအတိုင်း ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၆၈ကို ပြင်ဆင်ရန် လိုအပ်လာပါတယ်။ သို့ဖြစ်ပါ၍ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးအာဏာကို ခွဲဝေအပ်နှင့်ခြင်းခံရတဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များသာမက တရားမျှတမှုနဲ့ သာတူညီမျှမှု ဖြစ်စေရန်အတွက် ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး အာဏာကို ခွဲဝေအပ်နှင်းခြင်းခံရတဲ့ အဖွဲ့ဝင်များနဲ့ ရေးရာကော်မတီဝင်များ ကော်မရှင် အဖွဲ့ဝင်များ၏ ပြည်တွင်း ပြည်ပရှိ ပိုင်ဆိုင်မှုများကို စာရင်းပြုစုကာ ထုတ်ဖော်ကြေငြာပြီး မှတ်တမ်းတင် ထားရမည်လို့ ပြင်ဆင်သင့်ပါကြောင်း တင်ပြအပ်ပါတယ် ခင်ဗျား။အားလုံးကို လေးစားပါတယ်ခင်ဗျား။
