ဒေါက်တာမျိုးအောင် (ဒဂုံမြို့သစ်မဲဆန္ဒနယ်)။ ။ လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ ခင်ဗျား။ အားလုံးကို ကျန်းမာ၊ ချမ်းသာစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ ကျွန်တော် ကတော့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်ဖြစ်ပါတယ်။
လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျား ပုသိမ်မြို့နယ်မဲဆန္ဒနယ် ဦးဝင်းမြင့် ရဲ့ Good Governance ကောင်းမွန်သော အုပ်ချုပ်ရေး၊ Clean Government သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ အဖြစ် တာဝန်ပေးခံရတဲ့ လူတွေဟာ ၎င်းတို့ရဲ့ ရွေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ မရွေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေနဲ့ တကွ အကျိုးစီးပွားတွေကို ထုတ်ဖော်ကြေငြာပြီး မှတ်တမ်းတင်ထားပါ ဆိုတဲ့ အဆိုကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား ပြည်သူလူထုကြီးက တစ်ခဲနက် လိုလားနေတဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ထောင် ရေးကို၊ နိုင်ငံတော်အစိုးရက အားသွန်ခွန်စိုက် ကြိုပမ်း ဆောင်ရွက်နေတာ အခုကာလမှာ နိုင်ငံတကာက အသိအမှတ်ပြုကြိုဆိုတဲ့ အခြေအနေကိုရောက် ရှိလာပါပြီ၊ နိုင်ငံတော်သမ္မတကြီးကလည်း ဒါကိုပဲပြန်လည်ရည်ညွန်းပြီး နိုင်ငံတကာကို အသိအမှတ်ပြုတယ်ဆိုရင် လက်တွေ့ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေး ကိစ္စတွေမှာ စီးပွားရေး ရင်းနှီးမြှပ်နှံကြဖို့ မကြာခဏ မြွတ်ကြား ဖိတ်ခေါ်လေ့ရှိပါတယ်။ ဒီနေရာမှာ နိုင်ငံတကာက သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ မူဝါဒတွေမှာ ထုတ်ဖော်ပြောကြားသည် ဖြစ်စေ၊ ပြောကြားသည် ဖြစ်စေ၊ သူတို့အထဲမှာ အသေအချာရှိနေတဲ့ အချက်ကတော့၊ အမြဲတမ်း စုံစမ်းလေ့လာနေတဲ့ အချက်ကတော့ သူတို့ရင်းနှီးမြှပ်နှံနေတဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေး အခြေအနေနဲ့ အဂတိလိုက်စားမှု အခြေအနေလည်း ဖြစ်တယ်ဆိုတာ မလွဲမသေ ယုံကြည်ပါတယ်။ ဒီအချက်ကို ကျွန်တော်တို့ ရင်းနှီးမြှပ်နှံမှုကို အမြန်ဆုံးအများ ဆုံးရအောင်ကြိုးပမ်းနေတဲ့ ကျွန်တော်တို့ နိုင်ငံတွေနဲ့ အကောင်းဆုံး တုန့်ပြန်ဖို့ အချက် တစ်ခုကတော့ ပုသိမ်မြို့တော် ကိုယ်စားလှယ် လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးဝင်းမြင့်တင်ပြပေးတဲ့ အဆိုပဲဖြစ်ပါတယ်။ နိုင်ငံတကာကို လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့ကြီးတွေက ထုတ်ပြန်ကြော်ညာတဲ့ အဂတိတရား ကင်းစင် မှုဆိုင်ရာ စစ်တမ်းတစ်ခုမှာဆိုရင် အညွှန်းကိန်းမှာ ကျွန်တော်တို့နိုင်ငံဟာ အညံ့ဆုံးအပိုင်းမှာ ရောက်နေတယ်ဆိုတာ ဝမ်းနည်းဖွယ်ရာ လေ့လာသိရှိခဲ့ရပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေကို အားကောင်းစေချင်တယ်ဆိုရင် နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ကိုက်ညီဖို့တော့ ကျွန်တော်တို့တစ်တွေ ကြိုးစားကြရပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံတကာက ရင်းနှီမြှပ်နှံတော့မယ်ဆိုရင် ဒီနိုင်ငံတကာရဲ့ စံချိန်စံညွှန်း၊ ညွှန်းကိန်းတွေကိုပဲ လေ့လာအကဲဖြတ်ပြီးတော့မှ လာကြမှာ ဖြစ်လို့ပါပဲ။ ဒါကတော့ လက်တွေ့ပကတိရှိနေတဲ့ အမှန်တရားပါ။ ဒါကို ကျွန်တော်တို့ ငြင်းပယ်လို့၊ မသိချင်ယောင် ဆောင်နေလို့မရပါဘူး။ ဒါကြောင့်လည်းပဲ ဒီဦးဝင်းမြင့်ရဲ့အဆိုကို ဆောင်ရွက်ခြင်းက အကောင်းဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပါလိမ့်မယ်လို့ ကျွန်တော်ရိုးသားစွာ ခံယူမိပါတယ်။
လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးခင်ဗျ။ ဒီမိုကရေစီဆိုတာ ပြည်သူ့အုပ်ချုပ်ရေးပါပဲလို့ တစ်ခွန်းထဲ အဓိပ္ပါယ် ဖွင့်ဆိုလို့ရပါတယ်။ ပြည်သူပါဝင်မှာသာ ဒီမိုကရေစီ စနစ်ဖြစ်ထွန်းရေးက အောင်မြင်လိမ့်မယ်လို့ ထပ်ဆင့် ဖွင့်ဆိုလို့လည်းရ ပါတယ်။ ဒီလိုပါဝင်ဖို့ဆိုရင် ပြည်သူတွေ ယုံကြည်မှုရှိမှုရှိမှ ဖြစ်ပါလိမ့်မယ်။ ဒီကိစ္စကလည်း အပြောလွယ် သလောက် လက်တွေ့မှာ ခက်ခဲတဲ့ကိစ္စကြီးတစ်ခု ဖြစ်ပါတယ်။ ယုံကြည်မှုရဖို့အတွက် အကောင်းဆုံးနည်း လမ်းကတော့ ဒီမိုကရေစီ နိုင်ငံတွေမှာ ကျင့်သုံးနေကျတဲ့ အဂတိနည်းပါးကြောင်း သက်သေပြဖို့ အချက်တစ်ခုလည်း ဖြစ်ပါတယ်။ အစိုးရတစ်ရပ်က ဘယ်လောက် ကောင်းမွန်အောင် ဆောင်ရွက်နေတယ် ဆိုတာ ဖော်ပြရုံနဲ့ ပြည်သူရဲ့ယုံကြည်မှုကို ရဖို့ခက်ခဲပါတယ်။ ဆောင်ရွက်မှုဟာ အဂတိတရားနည်းပါး ကြောင်းကိုလည်း သက်သေ ထူကြရပါလိမ့်မယ်။ အဲလိုပြသရာမှာ ဝါဒဖြန့်မှုဆိုတာ မဟုတ်ဘူးဆိုတဲ့အနေ နဲ့ လက်တွေ့ကိန် ဂဏ္ဍာန်းတွေနဲ့ ဖော်ွပဖို့ကို ပြည်သူနားလည်အောင် အစိုးရအဖွဲ့ဝင်တွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို အများပြည်သူသိအောင် ထုတ်ဖော် ကြော်ညာခြင်းက အကောင်းဆုံးသော နည်းလမ်း တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေ ကြည့်ပြီးတော့မှ သိရှိနိုင်ပါတယ်။ ဒါကြောင့်လည်းပဲ အကျဉ်းချုပ်ရရင်တော့ ကျွန်တော်တို့ ပုသိမ်မဲဆန္ဒနယ်က ဦးဝင်းမြင့်ရဲ့ အဆိုကို လေးလေးနက်နက် ထောက်ခံကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
