ဦးကျော်မင်း(လက်ပံတန်းမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံးကို မင်္ဂလာပါလို့ ကျွန်တော့်အနေနဲ့ နှုတ်ခွန်ဆက်သဂါရဝပြုပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ ကျင်းပပြုလုပ်ခဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှာ ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်မှ အဆိုဖြစ်တဲ့ Good governance (ကောင်းမွန်သောအုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များဟာ မိမိတို့ရဲ့ပိုင်ဆိုင်တဲ့ မရွှေ့ပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်း များနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီးတော့ မှတ်တမ်းတင်ထားရန် ဟူတဲ့ အဆိုကို နိုင်ငံ့အကျိုးငှာ၊ ကျွန်တော်တို့ပြည်သူတွေရဲ့အကျိုးငှာ ကျွန်တော် ထောက်ခံတင်ပြဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကမ္ဘာမှာ ပြည်သူတွေဟာ မိမိတို့နိုင်ငံရဲ့ အစိုးရအပေါ်မှာ ယုံကြည်မှုရှိ ခြင်းဟာ အဲ့ဒီ တိုင်းပြည်ကို တိုးတက်စေတယ်လို့ ကျွန်တော်တို့ ထင်မြင်ယူဆမိပါတယ်။ ဥပမာ ဂျပန်နိုင်ငံကိုကြည့်မယ်ဆိုရင် ဂျပန်နိုင်ငံဟာ ဒုတိယအမ္ဘာစစ်မှာ စစ်ရှုံးခဲ့တဲ့ တိုင်းပြည်တစ်ပြည်ဖြစ်ပါ တယ်။ အဲဒီ စစ်ရှုံခဲ့တဲ့ ဂျပန်နိုင်ငံဟာ ကျွန်တော်တို့ ကမ္ဘာမှာ မဟာအင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန်တို့လို၊ ဆိုဗီယက်ပြည်ထောင်စုနိုင်ငံတို့လို အဲဒီနိုင်ငံတွေကို အမီလိုက်နိုင်တာဟာ သူတို့အစိုးရအပေါ်မှာ ပြည်သူတွေဟာ အင်မတန် ယုံကြည်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီလို ယုံကြည်မှုမျိုး ကျွန်တော်တို့နိုင်ငံမှာလည်းပဲ ဖြစ်စေချင်ပါတယ်။ အဲဒီလို ဖြစ်စေချင်တဲ့အတွက်ကြောင့် ကျွန်တော်တို့တိုင်းပြည်မှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ဟာ ပြည်သူများရဲ့ယုံကြည်အားကိုးမှုကို ဖြစ်စေပါတယ်။ အစိုးရနှင့် ပြည်သူတို့အကြားမှာ အပြန်အလှန် ယုံကြည်မှုရှိလို့လည်းပဲ အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းတဲ့ဆောင်ရွက်မှု ကောင်းမွန်စေနိုင်ပြီးတော့ အုပ်ချုပ်မှုယန္တရားဟာ အချိတ် အဆက်မိမိနဲ့ လည်ပတ်စေနိုင်မှာဖြစ်ပါတယ်။ အဲဒီလို လည်ပတ် စေတော့မှာလည်းပဲ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လူမှုဖွံ့ဖြိုးတိုးတက်မှုဟာ ရှိလာမှာလို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ အခုအချိန်ဟာ ကျွန်တော်တို့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အပြင်းအထန်ကြိုးစားနေတဲ့၊ ကြိုးပမ်းနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ အသွင်ကူးပြောင်းရေးကာလမှာ ဦးဆောင်နေတဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အစိုးရအပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထုက အကြွင်းမဲ့ယုံကြည်ဖို့ ကျွန်တော်တို့ အထူးလိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ သမ္မတကြီးကလည်းပဲ အဲဒီအချက်ကို လက်ခံတယ်လို့ ကျွန်တော့်အနေနဲ့ အလေးအနက်ယုံကြည်ပါတယ်။ သမ္မတကြီးရဲ့ တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းထဲမှာ မိမိတို့အစိုးရဟာ ကောင်းမွန်သောအစိုးရ (Good governance) သန့်ရှင်းသောအစိုးရ (Clean government) ဖြစ်ရမယ်လို့ ကျွန်တော်တို့ကို ပြောကြားခဲ့ပါတယ်။ ကျွန်တော်တို့တိုင်းပြည် အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဆိုလို့ရှိရင် ကျွန်တော်တို့ ဈေးကွက ်စီးပွားရေးစနစ်နဲ့ ဒီမိုကရေစီစနစ် ပြောင်းလဲမှုကိုလည်း ကျွန်တော်တို့ ဒီကနေ့ လုပ်နေပြီလို့ ကျွန်တော်တို့ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ ကျွန်တော်တို့ နည်းပညာတွေ၊ ဈေးကွက်တွေလည်းပဲ အများကြီး လိုအပ်နေတယ်လို့ ကျွန်တော့် အနေနဲ့ထင်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကမ္ဘာမှာ ကျွန်တော်တို့ တစ်ပါတီစနစ်ကနေပြီးတော့မှ ပါတီစုံဒီမိုကရေစီ စနစ်ကို ကူးပြောင်းတဲ့နိုင်ငံတိုင်းမှာ ဖြေရှင်းရအခက်ဆုံးပြဿနာဟာ အဂတိလိုက်စားမှုနှင့် အကျင့် ပျက်ချစားမှုများဖြစ်ပါတယ်။ ကျွန်တော်တို့ အကျင့်ပျက်ချစားနေတဲ့ နိုင်ငံတစ်ခုကို ဘယ်ပြင်ပရင်းနှီး မြှုပ်နှံတဲ့နိုင်ငံကမှ စွန့်စွန့်စားစားနဲ့ လာချင်စိတ်ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ မကြာသေးခင်က လက်ဆောင်ရပါတယ်။ စက်မှုဝန်ကြီးဌာနရဲ့ မေတ္တာလက်ဆောင်အဖြစ် ရရှိတဲ့ စာရေးဆရာ မောင်မြင့်ဇော်ရဲ့ မြန်မာ့လူဘောင်အပြောင်းအလဲအတွက် အရေးကြီးတယ်ဆိုတဲ့စကားလုံး ၁၀၀ စာအုပ်ထဲမှာ စာမျက်နှာ ၁၅၃ မှာဖော်ပြထားတဲ့ Corruption Perceptions Index ညွှန်းကိန်းမှာ ကျွန်တော်တို့ လာဘ်ပေးလာဘ်ယူမှု အနည်းဆုံးနှင့် အများဆုံးနိုင်ငံ ၂၀၁၀ ဇယားမှာ ကျွန်တော်တို့ ကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့နိုင်ငံဟာ အကျင့်ပျက်ချစားတဲ့ နေရာမှာ တတိယအမြင့်မားဆုံး နိုင်ငံဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။ အင်မတန်မှ စိတ်မကောင်းစရာပါ။ ကျွန်တော်တို့ နိုင်ငံရဲ့အောက်မှာ Somalia နဲ့ At Shanistan နိုင်ငံပဲရှိပါတော့တယ်။ အဲဒါဟာတွေကို ကျွန်တော်တို့ လျော့နည်းအောင်၊ ပပျောက်အောင်ဆိုလို့ရှိရင် သမ္မတကြီး ကြေညာထားတဲ့ အတိုင်း တာဝန်ရှိတဲ့သူတွေက မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းများကို မှန်မှန်ကန်ကန်နဲ့ စာရင်းပေးပို့ဖို့ ကျွန်တော့် အနေနဲ့ ပြောကြားလိုပါတယ်။ မှန်မှန်ကန်ကန်လည်းပေးမှဖြစ်မှပါ။ ကျွန်တော်တို့ မြန်မာမှာ ဆိုးရိုး စကားရှိပါတယ်။ ခေါင်က မလုံလို့၊ ခေါင်ကမလုံလို့ လို့ပြောနေတဲ့ကိစ္စဟာ ဒီကိစ္စာဟာ ခေါင်က လုံရင် တစ်စက်မိတ်ကလည်း အလိုလိုလုံသွားမယ့်သဘောရှိပါတယ်။ နောက်တစ်နည်းပြောရမယ် ဆိုလို့ရှိရင်လည်းပဲ မင်းကြီးတာက ရွှေသမင်း မထွက်အောင်လုပ်တဲ့အတွက် အဆိုရှင် ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်ရဲ့ အဆိုပြုချက်ဟာ ကျွန်တော်တို့ နိုင်ငံနှင့်နိုင်ငံသားများအကျိုးကို ပြုမှာဖြစ်တဲ့ အတွက် ကျွန်တော်အနေနဲ့ ၎င်းအဆိုကို လေးလေးနက်နက် ထောက်ခံ တင်ပြရင်း ကျွန်တော် နိဂုံးချုပ် ပါတယ်။
