ဦးစိန်ဝင်း (မအူပင် မဲဆန္ဒနယ်)။ ။အထူးလေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားရသော ဧည့်သည်တော်များခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက် သရင်း လေးစားမိပါကြောင်း ဒီနေရာကနေ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး မအူပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်း ဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ပုသိမ်မဲဆန္ဒနယ် ဦးဝင်းမြင့်၏ Good Governance ကောင်းမွန်သော အုပ်ချုပ်ရေး၊ Clean Governance သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများ သည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော် အခြေခံမူများ အခန်း ၁ ပုဒ်မ ၆ (ဃ)၊ (င) တို့မှာ ပါတီစုံဒီမိုကရေစီနှင့် လောကပါလ ထွန်းကားရေးဆိုတဲ့ အချက် ၂ ချက်ဟာ ဦးဝင်းမြင့်ရဲ့ အဆိုပြုချက်ကို ထောက်ခံဖြစ်ပေါ်မှုကို အားပေး စေပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံကို ချီတက်နေပြီဖြစ်တဲ့အတွက် ဒီမိုကရေစီ အတွေး၊ ဒီမိုကရေစီအွပော၊ ဒီမိုကရေစီအလုပ်၊ ဒီမိုကရေစီအကျင့်၊ ဒီမိုကရေစီစိတ်ဓာတ်တွေရှိဖို့ လိုအပ်နေပါပြီ။ ဒါကြောင့်မို့လို့ ဒီလိုအချိန်မျိုးမှာ ပုသိမ်မဲဆန္ဒနယ် ဦးဝင်းွမင့်ရဲ့ အဆိုပြုချက်ဟာ ဒီမိုကရေစီကျင့်စင်ကို အထောက်အကူဖြစ်စေပါတယ်လို့ တင်ပြဆွေးနွေးလိုပါတယ်။ ကျွန်တော်တို့ဟာ အပြောက ဒီမိုကရေစီ၊ အလုပ်က ငါမိုကေစီ မဖြစ်အောင် လွှတ်တော်ရယ်၊ ပြည်သူရယ်၊ အစိုးရရယ်ဟာ Check and Balance ရှိဖို့လိုပါတယ်။ ဒီ Check and Balance ဟာ တစ်ဖက်နဲ့တစ်ဖက်၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထိန်းကြောင်းပေးဖို့ အထူးလိုပါတယ်။ ဒီမိုကရေစီမှာ Check and Balance ဟာ အရမ်းအရေးကြီးတဲ့အတွက် ထိန်းကျောင်းပေးမှု ဖြစ်ပေါ်မှုများတာနဲ့ ထင်သာမြင်သာ ပွင့်လင်းမှုကို ဖြစ်စေပြီးတော့ ကောင်းမွန်တဲ့ အစိုးရ အထောက်အပံ့ ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ ဒီကောင်းမွန် သော အစိုးရဖြစ်ပေါ်ဖို့အတွက်လည်း တစ်ဘက်က ဦးဝင်းမြင့်အဆိုပြုချက်ဟာ လက်တွေ့အကောင် အထည်ဖော်သင့်သလို၊ တစ်ဘက်ကလည်း ဒီကောင်းမွန်တဲ့ အုပ်ချုပ်ရေးဟာ ဒီအချက်တစ်ချက်တည်း တော့ မရပါဘူး။ ဒီသန့်ရှင်းရုံနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး မဖြစ်သေးပါဘူး။ သန့်ရှင်းသောအစိုးရ ဖြစ်သလို ကောင်းမွန်သောအစိုးရဖြစ်ဖို့ဟာ ကျွန်တော်တို့ အားလုံးဟာ လူတော်လူကောင်းဖြစ်ဖို့ စီမံခန့်ခွဲမှုကောင်းဖို့၊ အုပ်ချုပ်ရေးကောင်းဖို့၊ စွမ်းရည်တွေ ပြည့်ဝဖို့၊ အရည်အချင်းတွေရှိဖို့ လိုအပ် ပါတယ်လို့ ကျွန်တော့်အနေနဲ့ ထင်မြင်ယူဆ တင်ပြအပ်ပါတယ်။
လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဦးဝင်းမြင့် အဆိုပြုချက် ပြဋ္ဌာန်းလိုက် ချင်းအားဖြင့် နိုင်ငံမှာထင်သာ မြင်သာရှိတဲ့ ပွင့်လင့်မှုရှိစေတဲ့ အကျိုးကို ရရှိစေပါတယ်။ တစ်နည်း အားဖြင့် ပြည်သူလူထုရဲ့ ယုံကြည်မှုကို ပိုမိုရရှိစေပါတယ်။ နိုင်ငံတကာရဲ့ လေးစားတန်ဖိုး ယုံကြည်မှု ကိုလည်း ထပ်ဆင့် ရရှိစေပါတယ်။ သန့်ရှင်းသော ဒီမိုကရေစီခေါင်းဆောင်များလည်း ပေါ်ထွန်းစေပါ တယ်။ အဂ္ဂတိလိုက်စားမှု၊ အလွဲသုံးစားပြုမှု ကိုလည်း လျော့နည်းစေပါတယ်။ သို့ဖြစ်၍ ပုသိမ် မဲဆန္ဒနယ် ဦးဝင်းမြင့်ရဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန် ပေးအပ်ခံရသူများသည် ၎င်းတို့ရဲ့ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်သင့်ပါတယ်။ လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေဖြင့် ကျွန်တော်အနေနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုရအောင်၊ ပြည်သူလူထု သိရှိအောင် မိမိတို့ရဲ့ အကျိုးစီးပွားများကို အများပြည်သူများ သိရှိ အောင် ထုတ်ဖော် ကြေညာဖို့ လိုအပ်ပါကြောင်း ထောက်ခံ တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
