ဥက္ကဋ္ဌ။ ။ ဦးခင်မောင်ဦး၊ မုံရွာကဆွေးနွေးဖို့ဖြစ်ပါတယ်။
ဦးခင်မောင်ဦး (မုံရွာ မဲဆန္ဒနယ်)။ ။ အခု အခန်း(၃)၊ အပိုဒ် ၅ (ဋ)မှာ မူလအဆိုမရှိပါဘူး။ မူလအဆိုမရှိတဲ့အချိန်မှာ ဒီဟာလေးဘာကြောင့် ဖြည့်စွက်ရသလဲ ဆိုတာလေး အနည်းငယ် တင်ပြခွင့်ပြုပါ။ ကျွန်တော်တို့မှာ သတင်းအချက်အလက် ဆိုတဲ့နေရာမှာ စီးပွားရေး လုပ်ဆောင်တဲ့ နေရာမှာ သတင်း အချက်အလက်ဟာ အင်မတန် အရေးကြီးပါတယ်။ အဲဒီတော့ နိုင်ငံနဲ့အနှံ့အပြား ကမ္ဘာ့နိုင်ငံ အများအပြားရှိတဲ့ စီးပွားရေး ဈေးကွက်တွေ သတင်းအချက် အလက်တွေ စီးပွားရေး ဈေးကွက်တွေရဲ့ ဈေးနှုန်း သတင်းအချက်တွေနဲ့ တကွ ကုန်ပစ္စည်းများရဲ့ လိုအပ်ချက် သတင်း အချက်အလက်တွေ ဒီကုန်ပစ္စည်းတွေရဲ့ တကယ့် အမှန်တကယ် ဖြစ်သင့်ဖြစ်ထိုက် တဲ့ အရေအသွေး စံချိန်စံညွှန်းမီဖို့ အချက်အလက်တွေဟာ စီးပွားရေး တည်ဆောက်ရာမှာ အထူး လိုအပ်ပါတယ်။ ကျွန်တော်တို့ ထုတ်လုပ်တဲ့ပစ္စည်း၊ ရောင်းဝယ်တဲ့ပစ္စည်း ဆက်စပ် လုပ်ကိုင်ရတဲ့ လုပ်ငန်းစုအင်အား တွေရဲ့ ပမာဏ အကြောင်းအချက်တွေကို မသိဘဲနဲ့ လုပ်ငန်းတစ်ခုက ချမှတ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် အခြေခံမူထဲမှာ ဒါဟာ လိုအပ်တယ် ဆိုပြီးတော့မှ ကျွန်တော် သုံးသပ်မိပါတယ်။ ဒါကြောင့်လည်းပဲ (ဍ) အနေနဲ့ ကျွန်တော် ဖြည့်ဆည်းထား တာကတော့ သတင်း အချက်အလက်နှင့် နည်းပညာ ရယူဖလှယ်နိုင်ရန် အထောက်အပံ့ ဖြစ်စေဖို့လည်း ရေအခြေခံမူထဲမှာ ထည့်သွင်းဖို့ လိုမယ်လို့ ထင်ပြီးတော့ တင်ပြခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားပြောပါ။
သူရဦးအောင်လွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။ ။ သဘောတူပါတယ်။
ဥက္ကဋ္ဌ။ ။ ဦးခင်မောင်ဦးရဲ့ အဆိုပြုချက်ကို ကန့်ကွက် ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန်မရှိတဲ့အတွက် ဦးမောင်ဦးရဲ့ ပြင်ဆင် အဆိုတင်ပြပြချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
