ဥက္ကဋ္ဌ။ ။ အမှတ်စဉ် ၂၄ ဦးခင်မောင်ဦး၊ မုံရွာ မဲဆန္ဒနယ်က ဆွေးနွေးဖို့ဖြစ်ပါတယ်။
ဦးခင်မောင်ဦး (မုံရွာမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ အခြေခံမူများဟာ နိုင်ငံခြားရင်းနှီး မတည်ပြီးတော့ လုပ်နိုင်တဲ့ လုပ်ငန်းတွေမှာ တကယ်ကို အခြေခံရမယ့် မူများဖြစ်တဲ့ အကြောင်း ဒါဟာအားလုံး သုံးသပ်မိအောင် တင်ပြခြင်းဖြစ်ပါတယ်။ ဒီအခြေခံမူထဲမှာ ထည့်သွင်းထား ချက်တွေဟာ အကယ်၍များ လပ်သွားခဲ့ရင် ကျန်သွားခဲ့ရင် နိုင်ငံသားများနှင့် နိုင်ငံတော်အတွက် အကျိုး စီးပွားတွေ နောင်မှာ မခြုံငုံမိပဲ ဖြစ်မှာဖြစ်တဲ့အတွက် မူလအဆိုပြု ချက်ဖြစ်တဲ့ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဓိက ရည်ရွယ်ချက်များကို အထောက်အကူပြုရေးဆိုတဲ့ အပိုဒ်ကို အားလုံး နိုင်ငံတော်နှင့် နိုင်ငံသားများ ဒီနေ့လက်ရှိမှာ မဆောင်ရွက်နိုင်သေးတဲ့ လုပ်ငန်းတွေ အများကြီး ရှိပါတယ်။ ဒါဟာလည်းပဲ ငွေကြေး အင်အား မပြည့်စုံသေးတဲ့ ကာလဖြစ်တဲ့ အတွက် အဓိကမဆောင်ရွက် နိုင်ခြင်းဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ နောင်တစ်ချိန်မှာ Sanction တွေပြုတ်သွားတဲ့ အချိန်မှာ ငွေကြေး အင်အားတွေကလည်း ကျွန်တော်တို့ နောက်မှာ တကယ် အင်နှင့်အားနဲ့ ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့ နိုင်ငံသားနှင့် နိုင်ငံတော်ဟာ လုပ်ဆောင်နိုင်တဲ့ လုပ်ငန်းတွေ ကျန်ရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကာလအရ အကောင်အထည်ဖော်နိုင်မယ့် ကိစ္စရပ်များကိုလည်း အထောက်အကူပြုဖို့ ဒီဥပဒေက လိုအပ်တဲ့အတွက် ကျွန်တော့်အနေနဲ့ စောစောကထက ်ပိုမိုပြည့်စုံသွားအောင် ဖြည့်စွက်ပြီး တော့ အကြံပြုထားခြင်း ဖြစ်ပါတယ်။ အကြံပြုချက်ကတော့ အမျိုးသား စီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၏ အဓိက ရည်မှန်းချက်များ၊ နိုင်ငံတော်နှင့် နိုင်ငံသားများက မဆောင်ရွက်နိုင်သော ငွေကြေး အင်အားနှင့် နည်းပညာ မပြည့်စုံသော လုပ်ငန်းများကို အထောက်အကူပြုရေး ဆိုပြီးတော့ ပိုမိုပြည့်စုံ ခိုင်လုံပြီးတော့ အချိန်နှင့်ကာလ ခြုံငုံမိအောင် တင်ပြခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောထားသိလိုပါတယ်။
သူရဦးသောင်းလွင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)။ ။ အထူး ဆီလျော်ပါတယ်။
ဥက္ကဋ္ဌ။ ။ ဒါကြောင့် ဦးခင်မောင်ဦး အဆိုနှင့် ပတ်သက်ပြီးတော့ ကန့်ကွက်ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက် ဆွေးနွေးရန် မရှိတဲ့အတွက် ဦးခင်မောင်ဦး၊ မုံရွာရဲ့ပြင်ဆင် အဆိုအတည် ဖြစ်ကြောင်း ကြေညာပါတယ်။
