ဥက္ကဋ္ဌ။ ။ အမှတ်စဉ် ၂၃ ဦးအောင်သိန်းလင်း ဆွေးနွေးဖို့ဖြစ်ပါတယ်။
ဦးအောင်သိန်းလင်း (တောင်ဥက္ကလာပ မဲဆန္ဒနယ်)။။ ကျွန်တော့် အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ရည်ရွယ်ချက်ကို အသစ်ဖြည့်စွက်ခြင်း ဖြစ်ပါတယ်။ မူလကတော့ မပါပါဘူး။ ရည်ရွယ်ချက်အနေနဲ့ နိုင်ငံတော်၏ ကြွယ်ဝသော သယံဇာတ ပစ္စည်းများကို ဖော်ထုတ်၍ ပြည်သူများ လောက်ငှစွာ သုံးစွဲခံစာ နိုင်ကြစေရန်နှင့် ပိုလျှံသည်တို့ကို ပြည်ပသို့ တင်ပို့ ရောင်းချ နိုင်စေရန်၊ လုပ်ငန်းများ တိုးတက် ကျယ်ပြန့်လာသည်နှင့် အမျှ ပြည်သူတို့အတွက်လည်း အလုပ်အကိုင်များ ပေါ်ပေါက် ပေါများလာစေရန်၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊ အခြေခံဆောက်အဦများ ဖြစ်သော ဘဏ်နှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ အဆင့်မြင့် လမ်းမကြီးများ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းများ၊ အမျိုးသားလျှပ်စစ်နှင့် စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းများ၊ ခေတ်မီသတင်း အချက်အလက်များ ပါဝင်သော အဆင့်မြင့် နည်းပညာများ ဖွံ့ဖြိုးစေရန်၊ ဆက်သွယ်ရေး ကွန်ယက်များ နိုင်ငံတကာ အဆင့်မီရထား၊ သင်္ဘော၊ လေယာဉ်များ စသော ပို့ဆောင်ရေး လုပ်ငန်းများ အပါအဝင် ပညာရပ် နယ်ပယ် အသီးသီး နိုင်ငံတော် တစ်ဝန်းလုံး ဖွံ့ဖြိုး တိုးတက်စေရန်၊ နိုင်ငံသားများ နိုင်ငံတကာနှင့် ယှဉ်တွဲ လုပ်ကိုင်ဆောင်ရွက်နိုင် စေရန် နိုင်ငံတကာ စံနှုန်းနှင့်အညီ စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပါသည် ဆိုတာ ဖြည့်စွက်ထားတာ ဖြစ်ပါတယ်။ သာမန်အားဖြင့် ကြည့်မယ် ဆိုရင်တော့ ဥပဒေမှာ မူဝါဒ တွေလည်း ပါတာဖြစ်ပါတယ်။ မူဝါဒတွေထဲက အချက်တချို့နှင့် ရည်ရွယ်ချက်ထဲက အချက်တချို့လည်း ဆင်တူ ယိုးမှားလေး ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဒါပေမယ့် မူဝါဒနှင့် ရည်ရွယ်ချက် ဆိုတာကတော့ ကွဲပြားပါတယ်။ မူဝါဒကတော့ လုပ်ငန်း Guide လုပ်တဲ့ သဘောပါပဲ။ ရည်ရွယ်ချက်ကတော့ မိမိတို့ ရည်မှန်းထားတဲ့ဟာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ခေတ်မီ IT အစား သတင်းအချက်အလက် ဆိုတာလေး ပြန်ပြောင်းချင်ပါတယ်။
ဥက္ကဋ္ဌ။ ။ ခေတ်မီ IT အစား ခေတ်မီ သတင်း အချက်အလက်နှင့် နည်းပညာ ICT ဖြစ်မှာ ပေါ့နော်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောထားသိလိုပါတယ်။
သူရဦးသောင်းလွင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)။ ။ သဘော တူပါတယ်။
ဥက္ကဋ္ဌ။ ။ ကဲဒါကြောင့် ခေတ်မီ IT အစား ICT မြန်မာလိုကျတော့ သတင်းအချက်အလက်နှင့် နည်းပညာအပါအဝင် ဆိုတာနှင့် ပတ်သက်ပြီး ကန့်ကွက် ဆွေးနွေးရန်ရှိပါ သလား။ ကန့်ကွက်ဆွေးနွေးရန် မရှိတဲ့ အတွက် ဦးအောင်သိန်းလင်း၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်ရဲ့ ပြင်ဆင် အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
