ဥက္ကဋ္ဌ။ ။ အမှတ်စဉ် ၂၂ ဦးစိုးသာ၊ တွံတေး မဲဆန္ဒနယ်မှ ဆွေးနွေးဖို့ ဖြစ်ပါတယ်။
ဦးစိုးသာ (တွံတေး မဲဆန္ဒနယ်)။ ။ ရိုသေလေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဒီနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ကြည့်မယ်ဆိုရင် ကိစ္စအရပ် အားလုံးလောက်ကိုပဲ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ပြည်ထောင်စု အစိုးရကို လုပ်ပိုင်ခွင့် အကုန်လုံး ပေးထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်မှာ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေ ရှိခဲ့တဲ့ အတွေ့အကြုံအရ ဆိုရင် အချို့အချို့သော ကိစ္စရပ်များဟာ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ပြည်ထောင်စု အစိုးရသာမက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြီးမှ ဆောင်ရွက်သင့်တဲ့ ကိစ္စမျိုးတွေလည်း အတွေ့အကြုံ အရရှိနေပါတယ်။ ဒါကြောင့်မို့လို့ ကော်မရှင်၊ ပြည်ထောင်စု အစိုးရတင် မကဘဲနဲ့ ပြည်ထောင်စု လွှတ်တော်သို့တင်ပြီးမှ ဆောင်ရွက်သင့်တဲ့ ကိစ္စရပ်တွေ ရှိနိုင်ပါတယ်။ အဲ့ဒီ ကိစ္စရပ်မျိုးဆိုလို့ရှိရင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြီးမှ ပြည်ထောင်စု လွှတ်တော်ရဲ့သဘောတူညီချက်ဖြင့် ဆောင်ရွက်ခွင့် ပြုသင့်တယ်လို့ ဒီလို ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ၂၂ မှာ အပိုဒ် ၆ ကိုဖြည့်စွက်အပ် ပါတယ်။ ဒါလေးကို ဖတ်ကြားတင်ပြပါ့မယ်။ အပိုဒ် ၆ ကော်မရှင်သည် အောက်ဖော်ပြပါလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဆောင်ရွက်ရမည်။ (က) နိုင်ငံတော်နှင့် နိုင်ငံသား များ၏ အကျိုးစီးပွားအတွက် မဟာဗျူဟာမြောက် ထူးခြားသည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ (ခ) နိုင်ငံ ဖြတ်ကျော် အကျိုးသက်ရောက်မှု ဖြစ်ပေါ်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ (ဂ) နိုင်ငံတော်တစ်ဝန်းလုံး နှင့် လွှမ်းခြုံ သက်ဆိုင်သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ (ဃ) ရင်းနှီးမြှုပ်နှံမှု ပမာဏ အလွန်ကြီးမားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆိုပြီးတော့ ဒီလို အဆိုပြု တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောထားသိလိုပါတယ်။
သူရဦးသောင်းလွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။ ။ သဘော တူပါတယ်။
ဥက္ကဋ္ဌ။ ။ ကန့်ကွက် ဆွေးနွေးရန်ရှိပါသလား။ ကန့်ကွက် ဆွေးနွေးရန် မရှိတဲ့အတွက် ဦးစိုးသာ၊ တွံတေးမဲဆန္ဒနယ်ရဲ့ပြင်ဆင် အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
