ဦးဝင်းဦး (ရေဖြူ မဲဆန္ဒနယ်) မှ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းတွင် ပြင်ဆင်ချက် အဆိုတင်သွင်း

ဥက္ကဋ္ဌ။           ။ အမှတ်စဉ် ၂၁ စာမျက်နှာ ၄ ဖြစ်ပါတယ်။ ဦးဝင်းဦး၊ ရေဖြူမဲဆန္ဒနယ်မှ ဆွေးနွေးဖို့ဖြစ်ပါတယ်။

ဦးဝင်းဦး (ရေဖြူ မဲဆန္ဒနယ်)။       ။ လေးစား ရိုသေရပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ အခန်း(၂) အပိုဒ် ၅ စောစောက ကျွန်တော်တို့ ပုဒ်မ ၄ မှာ တားမြစ် ကန့်သတ်ခဲ့တဲ့ အချက်အလက် တွေကို အကယ်၍ နိုင်ငံတော် သို့မဟုတ် နိုင်ငံသားများ ပါဝင်ပြီး တိုင်းရင်းသား ပြည်သူများရဲ့အကျိုး စီးပွားအလို့ငှာ လုပ်ကိုင်ခွင့် ပြုရမယ်ဆိုရင် လုပ်ကိုင်ခွင့် ပြုနိုင်အောင် ကော်မရှင်နှင့် အစိုးရအဖွဲ့အား အပ်နှံခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြည်‌့စွက်လိုတဲ့ အပိုဒ်ကတော့ ပုဒ်မ ၄ အရ ကန့်သတ်သည်‌့ သို့မဟုတ် တားမြစ်သည်‌့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို နိုင်ငံတော် သို့မဟုတ် နိုင်ငံသားများ ပါဝင်သည့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးအလို့ငှာ ဖက်စပ် လုပ်ငန်းအဖြစ် လုပ်ကိုင်ပါက ကော်မရှင်သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ကို ရယူ၍ ခွင့်ပြုနိုင်သည် ဟူ၍ ထည်‌့ထားခြင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ။           ။ ဒီနေရာမှာ မူလ လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေထားတဲ့ ကန့်လတ်ဖြတ် ဇယားမှာ တချို့စကားလုံးတွေ မပါနိုင်ပါဘူး။ ဒါကြောင့်မို့လို့ ဦးဝင်းဦး ဖတ်သွားတဲ့ နေရာ မှာပိုပြီးတော့ ရှင်းလင်းအောင် ကျွန်တော် ထပ်ပြီးတော့ ဖတ်ပြပါ့မယ်။ ပုဒ်မ ၄ အရ ကန့်သတ်သည်‌့ သို့မဟုတ် တားမြစ်သည်‌့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို နိုင်ငံတော် သို့မဟုတ် နိုင်ငံသားများ ပါဝင်သည့် ဖက်စပ် လုပ်ငန်းအဖြစ် လုပ်ကိုင်ပါက  ကော်မရှင်သည် နိုင်ငံတော်နှင့် နိုင်ငံသား အထူးသဖြင့် တိုင်းရင်းသား ပြည်သူများ၏ အကျိုးစီးပွား အလို့ငှာ ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ကို ရယူ၍ ခွင့်ပြုနိုင်သည် ဆိုတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မပါသေးတဲ့ ဇယားမှာ ခုနက စာသားကိုဖြည်‌့ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဒီဟာကို မှတ်တမ်း အဖြစ်ထားရှိပြီး ဆောင်ရွက်မယ့် ဇယားမှာ အတည်ပြု ပြင်ဆင်ချက် ဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ လွှတ်တော် အစည်းအဝေး ကော်မတီသို့ တာဝန်ပေးပါတယ်။

ဥက္ကဋ္ဌ။           ။ ဦးဝင်းဦး၊ ရေဖြူ မဲဆန္ဒနယ်ရဲ့ ပြင်ဆင် အဆိုပြုချက်ကို အစိုးရအဖွဲ့က သဘောတူပါသလား။

သူရဦးသောင်းလွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။              ။ သဘော တူပါတယ်။

ဥက္ကဋ္ဌ။           ။ ပြင်ဆင် အဆိုပြုချက်အပေါ် ကန့်ကွက် ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက် ဆွေးနွေးရန် မရှိတဲ့အတွက် ဦးဝင်းဦး၊ ရေဖြူမဲဆန္ဒနယ်ရဲ့ ပြင်ဆင် တင်ပြချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။

Standard (Image)