ဥက္ကဋ္ဌ။ ။ ကိုယ်စားလှယ်များရဲ့ ကန့်လန့်ဖြတ်ဇယားမှာ ပါကောင်းမှပါပါလိမ့်မယ်။ သီးခြားထပ် တင်ပြထားတဲ့ ကိစ္စဖြစ်ပါတယ်။ ဒီအမှတ်စဉ်က အမှတ်စဉ် ၂၀ နှင့် ၂၁ ကြားမှာ အခန်း (၂) အပိုဒ် ၄ ရဲ့အသစ် ဖြစ်ပါတယ်။ ဒီအဆိုပြုချက်ကို ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဖွံ့ဖြိုးရေး ကော်မတီမှ ဆွေးနွေးဖို့ဖြစ်ပါတယ်။
လေးစားရိုသေရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မူလပြဋ္ဌာန်းချက် မရှိပေမယ့် နိုင်ငံတော် အတွက် အရေးကြီးတယ်လို့ ထင်ရတဲ့အတွက် ယုံကြည်တဲ့အတွက် အသစ်ထပ်မံ ပြင်ဆင်ရန် တင်ပြလိုပါတယ် ခင်ဗျား။ ကျွန်တော်တို့ ထပ်မံ ပြင်ဆင်ချက်ကတော့ အပိုဒ် ၄ (ဍ) ဖြစ်ပါတယ်ခင်ဗျား။ နိုင်ငံတော်၏ နယ်နိမိတ်နှင့် ထိစပ်လျက်ရှိသော နယ်စပ်မျဉ်းမှ အတွင်းဘက် အနည်းဆုံး ၁၀ မိုင်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆိုပြီးတော့ ထည့်သွင်းချင်ပါတယ်။ ကျွန်တော်တို့ ရှင်းပြရရင်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပထဝီအနေအထား အရဆိုရှင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်မှုဟာ ရှည်လျားစွာ ရှိနေပါတယ်။ အဲ့ဒီနေရာ နယ်စပ် တော်တော် များများမှာလည်း ငြိမ်းချမ်းရေး ကိစ္စများ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်တဲ့ အတွက်ကြောင့် အုပ်ချုပ်မှုအာဏာ ပြည့်ဝစွာ မသက်ရောက် နိုင်သေးတဲ့ နယ်မြေများလည်း ရှိနေပါသေးတယ်။ အဲ့ဒီအခါမှာ လုံခြုံရေးနှင့် အခြားသက်ဆိုင်ရာ ဌာနများရဲ့စီမံ ခန့်ခွဲမှုများ ပြည့်ဝအောင် လုပ်နိုင်ဦးမှာ မဟုတ်သေးပါဘူးခင်ဗျား။ အဲ့ဒီအခါကျရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုမယ်ဆိုရင် နိုင်ငံခြားသားများရဲ့ လုံခြုံရေး၊ နိုင်ငံသားများရဲ့အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရန် လိုအပ်နေဦးမှာ ဖြစ်ပါတယ်ခင်ဗျား။ အကယ်၍ ခွင့်ပြုရမည်ဆိုပါကလည်း သေချာစွာစိစစ်ပြီးမှ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ မထိပါးရေးအတွက် ကာကွယ်စောင့်ရှောက် ပေးသွားရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံတော်နှင့် နိုင်ငံသားများရဲ့ လက်ဝယ် တွင်သာ ထားရှိခွင့်ပြု မယ်ဆိုရင်တောင်မှ အဲ့ဒီနိုင်ငံသားမျာကို သေချာစွာစိစစ်ပြီးမှ ခွင့်ပြုသင့်ပါကြောင်း တင်ပြလိုပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။ (သြဘာသံများ)
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့သဘောထားပြောပါ။
သူရဦးသောင်းလွင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)။ ။ သဘော တူပါတယ်။
ဥက္ကဋ္ဌ။ ။ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဖွံ့ဖြိုးရေး ကော်မတီရဲ့ အဆိုပြုချက်အား ကန့်ကွက် ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက်ဆွေးနွေးရန် မရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုဖွံ့ဖြိုးရေး ကော်မတီရဲ့ ပြင်ဆင် တင်ပြချက် အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
