ဥက္ကဋ္ဌ။ ။ အမှတ်စဉ်(၁၈)၊ ဦးဝင်းဦး ရေဖြူမဲဆန္ဒနယ်မှ ဆွေးနွေးဖို့ဖြစ်ပါတယ်။
ဦးဝင်းဦး (ရေဖြူမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် အမှတ်စဉ်(၁၈)၊ (၁၉)၊ (၂၀)မှာ မူလပြဋ္ဌာန်းချက် မရှိပါဘူး။ ကျွန်တော့်အနေနဲ့ ဒီအခန်း(၂) ပုဒ်မ ၄ မူလပြဋ္ဌာန်းချက် မရှိတဲ့ နေရာမှာ ဖြည့်စွက် တင်ပြလိုခြင်းဖြစ်ပါတယ်။ သို့သော်လည်း ဒီအပိုဒ် ၃ ခု ဟာ ကျွန်တော်တို့ လုပ်ငန်းအမျိုးအမည်သာ ကွဲပြားသွားပေမယ့် အဓိပ္ပာယ်နဲ့ဆိုလိုရင်း ရှင်းပြဖို့က တစ်ဆက် တစ်စပ်တည်း ရှင်းပြခွင့်ရှိရင် ပါရစေခင်ဗျား။ ကျေးဇူးတင်ပါတယ် ခင်ဗျား။ အမှတ်စဉ် ၁၈၊ ပုဒ်မ ၄ ပုဒ်မခွဲ (ည) ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော် ဖြည့်စွက် တင်ပြလိုတာကတော့ နိုင်ငံတော် သို့မဟုတ် နိုင်ငံသားများနှင့် ဖက်စပ် လုပ်ကိုင်ခြင်း မဟုတ်သော လယ်ယာ၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် နှစ်တို၊ နှစ်ရှည် စိုက်ပျိုးရေးလုပ်ငန်းများ၊ အမှတ်စဉ် ၁၉ မှာ နိုင်ငံတော် သို့မဟုတ် နိုင်ငံသားများနှင့် ဖက်စပ်လုပ်ကိုင်ခြင်း မဟုတ်သော မွေးမြူရေးလုပ်ငန်းများ၊ အမှတ်စဉ် ၂၀ မှာ နိုင်ငံတော် သို့မဟုတ် နိုင်ငံသားများနှင့် ဖက်စပ်လုပ်ကိုင်ခြင်း မဟုတ်သော မြန်မာ့ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းများ ဖြစ်ပါ တယ်။ ကျွန်တော်တို့ ဖြည့်စွက်လိုရခြင်း အကြောင်းအရင်းကတော့ ကျွန်တော်တို့ နိုင်ငံဟာ စိုက်ပျိုး မွေးမြူရေးကို အခြေခံ ထားတဲ့ စီးပွားရေး လုပ်ငန်းများဟာ အဓိကဖြစ်ပြီးတော့ ကျွန်တော်တို့ နိုင်ငံသား ၇၀ ရာခိုင်နှုန်းလောက်က ဒီလုပ်ငန်းများ ပေါ်မှာပဲ အသက်မွေးဝမ်းကြောင်း ပြုနေကြ ပါတယ်။ နောက်တစ်ခါ ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ သဘာဝ ရေ၊ မြေ၊ တောတောင် သယံဇာတများ အားလုံးကို နိုင်ငံတော်မှ ပိုင်ဆိုင်ပါတယ်။ နိုင်ငံတော်ကိုလည်း ကျွန်တော်တို့ တိုင်းရင်းသားအားလုံးက ပိုင်ဆိုင်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံတော်ပိုင် ရေ၊ မြေ၊ သဘာဝသယံဇာတများကို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု လက်ထဲကို ထည့်လိုက်ရတဲ့ အခါကျရင် ကျွန်တော်တို့ နိုင်ငံသားများ လုပ်ကိုင်ခွင့်မရှိတော့ဘဲ အလုပ်သမားအဖြစ်သာ သွားရောက်လုပ်ကိုင် နေရမှာ စိုးရိမ်တဲ့အတွက် ကျွန်တော်တို့ ဒီအပိုဒ်များကို ထပ်မံဖြည့်စွက်ခြင်း ဖြစ်ပါတယ်။ တားမြစ် ကန့်သတ်သည်ဆိုပေမယ့် လုံးဝမလုပ်ရဘူးလို့ ကျွန်တော်တို့ မတားမြစ်ထားပါဘူး ခင်ဗျား။ တကယ်လို့ နိုင်ငံတော်နဲ့ နိုင်ငံသားများ၊ တိုင်းရင်းသား ပြည်သူများ၊ အကျိုးရှိမယ်ဆိုရင် ပြည်ထောင်စု အစိုးရအဖွဲ့များက ဆုံးဖြတ်ပြီးတော့ လုပ်ကိုင်ခွင့်လည်း ကျွန်တော်တို့ ပြုထားပါတယ်။ ဒီအတွက်ကြောင့် ဒီအပိုဒ်တွေကို ဖြည့်စွက်ခွင့်ပြုပါလို့ ကျွန်တော်တို့ တင်ပြလိုပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထား ပြောပါ။
သူရဦးအောင်လွင်(အတွင်းရေးမှူး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)။ ။ အဲဒီ အမှတ်စဉ် ၁၈ ရယ်၊ ၁၉ ရယ်၊ ၂၀ ရယ်က ကျွန်တော်တို့ Choice ပေးထားပါတယ်။ တစ်ခုက ဦးဝင်းဦး ရေဖြူ မဲဆန္ဒနယ် တင်ပြတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဒေါက်တာဝင်းမြင့် လှိုင်မဲဆန္ဒနယ် တင်ပြတာ ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော်တို့ ဦးဝင်းဦး၊ ရေဖြူမဲဆန္ဒနယ်မှ တင်ပြတဲ့ နိုင်ငံတော် သို့မဟုတ် နိုင်ငံသားများနဲ့ ဆက်စပ် လုပ်ကိုင်ခြင်း မဟုတ်သော လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းနှင့် နှစ်တို နှစ်ရှည် စိုက်ပျိုးရေး လုပ်ငန်းဆိုပြီးတော့ ကျွန်တော်တို့ ထည့်ချင်ပါတယ်။ အလားတူပဲ အောက်မှာလဲ အလားတူပဲ ကျွန်တော်တို့ ဦးဝင်းဦး၊ ရေဖြူမဲဆန္ဒနယ်က တင်ပြတဲ့အတိုင်း မွေးမြူရေးကိစ္စ နောက် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်းလည်း ထည့်ချင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင် ကျွန်တော်တို့က လုံးဝကြီး ပိတ်လိုက်တာထက်စာရင် ကျွန်တော်တို့ အခုလို နိုင်ငံတော်နှင့် နိုင်ငံသားများ ဖက်စပ်လုပ်ကိုင်ခြင်း မဟုတ်သော ထည့်လိုက်ခြင်း အားဖြင့် Investor အတွက် ပိုပြီးတော့ Freeing ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ထည့်သွင်းချင်တာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ဦးဝင်းဦး၊ ရေဖြူမဲဆန္ဒနယ်ရဲ့ ပြင်ဆင်ချက်အဆိုနဲ့ ပတ်သက်ပြီးတော့ ကန့်ကွက်ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက်ဆွေးနွေးရန် မရှိတဲ့အတွက် ဦးဝင်းဦး၊ ရေဖြူ မဲဆန္ဒနယ်ရဲ့ ပြင်ဆင်ချက်အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
