ဥက္ကဋ္ဌ။ ။ အမှတ်စဉ်(၁၇)၊ အသစ်ဖြည့်စွက်ချက် ဖြစ်ပါတယ်။ မူလပြဋ္ဌာန်းချက် မရှိပါဘူး။ ဦးအေးမြင့်၊ အင်းစိန် မဲဆန္ဒနယ်မှ ဆွေးနွေးဖို့ ဖြစ်ပါတယ်။
ဦးအေးမြင့် (အင်းစိန်မဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း အခန်း(၂)၊ ပုဒ်မ ၄ မှာ အောက်ပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ကန့်သတ်သည် သို့မဟုတ် တားမြစ်သည့် လုပ်ငန်းများ အဖြစ် သတ်မှတ်နိုင်သည်ဟု ဆိုပြီးတော့ ပုဒ်မခွဲ (က) မှ (ဆ) အထိ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ မူလပြဋ္ဌာန်းချက် မရှိပါဘူး။ ထပ်မံ အသစ် ပြဋ္ဌာန်းခြင်း ဖြစ်ပါတယ်။ ထပ်မံအသစ် ပြဋ္ဌာန်းခြင်း ရဲ့ ရည်ရွယ်ချက်ကလည်း နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် သူများသည် ပြည်ပမှ စမ်းသပ် ဆဲသို့မဟုတ် အတည် မပြုရသေးသည့် နည်းပညာများ၊ ဆေးဝါးများကို သယ်ဆောင်လာပြီးတော့ မိမိ နိုင်ငံနှင့် ပြည်သူလူထုကို အသုံးချခြင်း၊ စမ်းသပ်ခြင်းများ ဆောင်ရွက်လို့ ဆောင်ရွက်လျှင် ပြည်သူ လူထုအတွက် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များနှင့် နိုင်ငံတော်အတွက် သဘာဝပတ်ဝန်းကျင် များကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေဖြင့် အသစ်ထပ်မံ ဖြည့်စွက်ရခြင်း ဖြစ်ပါတယ်။ ဖြည့်စွက်ရတဲ့ အချက်ကတော့ ပြည်ပမှ စမ်းသပ်ဆဲဖြစ်သော သို့မဟုတ် အသုံးပြုရန် အတည်ပြုချက် မရရှိသေးသော နည်းပညာများ၊ ဆေးဝါးများ၊ အသုံးအဆောင်များ၊ သယ်ဆောင်လာ နိုင်သည့်လုပ်ငန်းများဟု ထပ်မံဖြည့်စွက်ခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရရဲ့ သဘောထားပြောပါ။
သူရဦးအောင်လွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။ ။ ပုဒ်မ ၅ မှာ ပြန်ဖြေထားတာရှိတဲ့ အတွက်ကြောင့် သဘောတူပါတယ်။
ဥက္ကဋ္ဌ။ ။ ကန့်ကွက် ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန် မရှိတဲ့အတွက် ဦးအေးမြင့်၊ အင်စိန်မဲဆန္ဒနယ်ရဲ့ ပြင်ဆင် အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
