ဥက္ကဋ္ဌ။ ။ ဦးဝင်းဦး ဆက်လက်ဆွေးနွေးဖို့ဖြစ်ပါတယ်။
ဦးဝင်းဦး (ရေဖြူမဲဆန္ဒနယ်)။ ။ဥက္ကဋ္ဌကြီးခင်ဗျား။ အသစ်ဖြည့်စွက်ခြင်း ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော်တို့ ဖော်ပြထား တာကတော့ နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရာတွင် ကနဦး ရင်းနှီးမြှုပ်နှံမှု ပမာဏက အနည်းဆုံး အမေရိကန် ဒေါ်လာ (၅) သန်း သို့မဟုတ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ခံသည့် ယင်းနှင့်ညီမျှသော နိုင်ငံခြားသုံးငွေ ပါဝင်ရမည်ဟူ၍ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေါ်လာ (၅) သန်း လို့ သတ်မှတ် ထားတာဟာ အဲ့ဒီ ထက်နည်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်မပြုဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူးခင်ဗျား။ အဲဒီ ထက်နည်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အားလုံးကိုလည်း ကော်မရှင်ရဲ့ သဘောထားနဲ့ ခွင့်ပြုနိုင်ပါတယ်။ သို့သော်လည်း ဒီ (၅) သန်းထဲမှာ ကျွန်တော်တို့ ငွေကြေး၊ နည်းပညာများ၊ စက် ကိရိယာများ၊ ကျွန်တော်တို့ Cast , Technology , Transfer နဲ့ In kinds တွေအားလုံးကို ပါဝင် ရင်းနှီးမြှုပ်နှံလို့ ရှိရင် ကျွန်တော်တို့ MIC ရဲ့ အထူး ခွင့်ပြုချက်များ၊ အထူးခံစားခွင့်များ၊ Incentive များကို ရရှိနိုင်တယ်လို့ ကျွန်တော် ဆိုလိုခြင်းဖြစ်ပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ် ခင်ဗျား။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ သဘောထား သိလိုပါတယ်။
သူရဦးသောင်းလွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။ ။ သဘော တူပါတယ်။
ဥက္ကဋ္ဌ။ ။ ကန့်ကွက်၊ ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန် မရှိတဲ့ အတွက် ဦးဝင်းဦးရဲ့အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
