စီးပွားကုန်သွယ်ကော်မတီ။ ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဤအခန်း ကတော့ ရင်းနှီးမြုပ်နှံမှုပုံစံ Investment အောက်မှာရှိပါတယ်။ ဆိုလိုတာကတော့ နိုင်ငံခြားသားက ရင်းနှီးမြုပ်နှံမှု ၁၀၀ ရာခိုင်နှုန်းနဲ့ ရင်းနှီးမြှုပ်နှံမယ့် ပုံစံတွေလည်း ရှိနိုင်တယ် ဆိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မတီအနေနှင့် နိုင်ငံခြားသားက ဆိုတဲ့ရှေ့မှာ ကော်မရှင်က ကန့်သတ်ထားတဲ့ လုပ်ငန်းများမှအပ ဆိုတဲ့စကားရပ်ကို ထည့်လိုက်တာနဲ့ပဲ နိုင်ငံခြားရင်နှီးမြှုပ်နှံတဲ့သူက မည်သည့် အမျိုးအစားကိုမျှ ၁၀၀ ရာခိုင်နှုန်း ရင်နှီးမြှုပ်နှံမှု မလုပ်နိုင်တော့ဘူးလို့ တားမြစ်တဲ့ သဘောမရှိပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့ လက်ထဲကို အစိုးရအဖွဲ့မှတစ်ဆင့် ရောက်ရှိနေတဲ့ Schedule to the Asian Comprehensive Investment Agreement (SACIA) ဆိုတဲ့ သဘောတူညီထားတဲ့ အချက်တွေနဲ့လည်း ဆန့်ကျင်ခြင်း မရှိပါဘူးခင်ဗျား။ နောက်တစ်ခုကတော့ ကော်မရှင်တွေအနေ နဲ့လည်း ဤဥပဒေထဲမှာ ကန့်သတ်တဲ့ အချက်တွေကို စုပြုံဖော်ပြနေစရာ မလိုအပ်တော့ဘဲနဲ့ သက်ဆိုင်ရာ နည်းဥပဒေ၊ အမိန့်ကြေညာစာ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ပြီးတော့ ဆက်လက် ဆောင်ရွက်နိုင်တဲ့ လုပ်ပိုင်ခွင့်လည်း ဆက်လက် ရရှိသွားမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ ပြင်ဆင်ချက်အဆိုမှာ ကော်မရှင်က ကန့်သတ်ထားသည့် လုပ်ငန်းများမှအပ နိုင်ငံခြားသားက နိုင်ငံခြားမတည်ငွေရင်း၊ ငွေရင်းမှာ ဝစ်စ နှစ်လုံးပေါက် ကျန်ခဲ့ပါတယ်။ ငွေရင်း ရာခိုင်နှုန်း အပြည့်ဖြင့် ပြုလုပ်ခြင်းဆိုတဲ့ ပြင်ဆင်ချက် အဆိုအား အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါတယ် ခင်ဗျား။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားသိလိုပါတယ်။ ကန့်ကွက် ဆွေးနွေးရန်ရှိပါသလား။ ကန့်ကွက်ဆွေးနွေးရန်မရှိတဲ့အတွက် စီးပွားကုန်သည်ကော်မတီရဲ့ ပြင်ဆင် အဆိုပြုချက် အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
