ဥက္ကဋ္ဌ။ ။ ဦးအောင်သိန်းလင်း တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဆွေးနွေးဖို့ ဖြစ်ပါတယ်။
ဦးအောင်သိန်းလင်း (တောင်ဥက္ကလာပ မဲဆန္ဒနယ်)။။ ကျွန်တော့်အနေနဲ့ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နိုင်ငံတော်ရဲ့လုံခြုံရေးကို မထိခိုက်စေရေး ဆိုတာလည်း မူဝါဒတစ်ရပ်အနေနဲ့ ကျွန်တော် ဖြည့်စွက် လိုပါတယ် ခင်ဗျား။ ဒါကလည်း ဒီကမ္ဘာ့နိုင်ငံတွေ၊ ဖြစ်စဉ်တွေမှာ ပြန်ကြည့်မယ် ဆိုရင် ရင်းနှီးမြှုပ်နှံမှုကို အကြောင်းပြုပြီးတော့မှ နိုင်ငံတစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံမှုထိခိုက်တဲ့ ဖြစ်စဉ်မျိုးတွေ ယခင်ကလည်း ရှိခဲ့ပြီးဖြစ်ပါတယ်။ နောက် အခု ကျွန်တော်တို့ လုပ်မယ့် ဥပဒေဟာလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေဖြစ်တဲ့အတွက် နိုင်ငံခြားနဲ့ လုပ်ရမှာဖြစ်ပါ တယ်။ နိုင်ငံခြားသားနဲ့ လုပ်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ အချုပ်အခြာ အာဏာနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ လုံခြုံမှု မထိခိုက်ဖို့ အရေးကြီးတယ်လို့ ယူဆတဲ့အတွက် နိုင်ငံတော် အချုပ်အခြာ အာဏာနဲ့ ပြည်သူများရဲ့ လုံခြုံမှု မထိခိုက်စေရေးဆိုတဲ့ မူဝါဒတစ်ရပ်ကို ကျွန်တော့် အနေနဲ့ ဖြည့်စွက်ထားခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောထားပြောပါ။
သူရဦးအောင်လွင် (အတွင်းရေးမှူး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်)။ ။ သဘောတူပါတယ်။
ဥက္ကဋ္ဌ။ ။ ပြင်ဆင် အဆိုပြုချက်အပေါ် ကန့်ကွက်ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက်၊ ဆွေးနွေးရန် မရှိတဲ့အတွက် ဦးအောင်သိန်းလင်း တောင်ဥက္ကလာပ မဲဆန္ဒနယ်ရဲ့ ပြင်ဆင်အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
