အစည်းဝေး (၁၇) ရက် မြောက်နေ့မှာ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ဦးသိန်းညွန့် တင်သွင်းထားတဲ့ အဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးက ယနေ့ စတင်ေ ဆွးနွေး

ဦးရဲထွန်း (သီပေါ မဲဆန္ဒနယ်)။             ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တက် ရောက်လာကြသော ဧည့်သည်တော်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ အားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း ဂါရဝပြုအပ်ပါတယ်။ သီပေါ မဲဆန္ဒနယ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ကျွန်တော် ဦးရဲထွန်း ဆွေးနွေးမယ့် အကြောင်းအရာကတော့ ပြည်သူ့ လွှတ်တော် အစည်းအဝေး (၁၇) ရက်မြောက်နေ့က ဦးသိန်းညွန့် တင်သွင်းသွားခဲ့တဲ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလတွင် နိုင်ငံတော်သမ္မတက အရပ်ဘက် လူမှုအဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်း ဆောင်ရွက် မိန့်ကြားခဲ့ပြီးဖြစ်၍ အရပ်ဘက် လူ့အဖွဲ့အစည်းတွင် ပါဝင်သည့် အစိုးရ မဟုတ်သော လူ့ အဖွဲ့အစည်း (NGO) များ ဖွဲ့စည်းရေး အတွက် ခေတ်နှင့် လျော်ညီသော အစိုးရ မဟုတ်သော လူ့အဖွဲ့အစည်း (NGO) များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်း နိုင်ရန် နိုင်ငံတော်အစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုကို ထောက်ခံဆွေးနွေးသွား မှာ ဖြစ်ပါတယ်။ ဒီအဆိုနှင်‌့ ပတ်သက်ပြီး ဆွေးနွေးလိုတာ ကတော့ လူမှုရေး၊ ဘာသာရေး၊ သာရေး၊ နာရေးအသင်းအပင်းများ ဖွဲ့စည်းမှတ်ပုံတင်ရေးနှင်‌့ပတ်သက်ပြီး မှတ်ပုံတင်ကြေးမြင့်မားနေတာနဲ့ အချို့သော အဖွဲ့အစည်းများမှာ အဖွဲ့ဝင်များကို နိုင်ငံရေးကင်းရှင်းရမည်လို့ သတ်မှတ်ထားတဲ့ အချက်နှစ်ခုနဲ့ပတ်သက်ပြီး ပြည်သူများ လက်ရှိခံစားနေကြရတဲ့ စိတ်မသက်သာ ဖြစ်နေကြရမှုများ ကြောင့် ခေတ်စနစ်နဲ့ မကိုက်ညီလို့ ထင်မြင်ယူဆတဲ့အတွက် ဒီအဆိုကို ထောက်ခံ ဆွေးနွေးရခြင်း ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ နိုင်ငံဟာ ဒီမိုကရေစီခေတ်စနစ် အသစ် တစ်ခုဆီကို ခြေလှမ်းကျဲကျဲနဲ့ ချီတက်လျက်ရှိပါတယ်။ နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ များက ဒီမိုကရေစီ လူ့ဘောင်နဲ့ လိုက်လျော်ညီထွေရှိတဲ့ လုပ်ငန်းစဉ်များကို တက်တက်ကြွကြွ အကောင်အထည်ဖော် နေချိန်မှာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ညီညွတ်မှုမရှိတဲ့ ကိစ္စရပ်များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန်ထောက်ပြကြမှသာ တာဝန်ကျေရာရောက်မှာ ဖြစ်ပါ တယ်။ ဒီမိုကရေစီ လူ့ဘောင်မှာ အရပ်ဘက် လူမှု အဖွဲ့အစည်းများလို့ ခေါ်တဲ့ အစိုးရနှင့် မပတ်သက် သောအဖွဲ့အစည်း (Non Governmental Organization) များရဲ့ကဏ္ဍဟာ အရေးပါလှပါတယ်။ ဘာကြောင့်လဲဆိုတော့ အဓိကအားဖြင့် အောက်ပါ အချက်သုံးချက်ကို ပညာရှင်တွေက ညွှန်းလေ့ရှိကြ ပါတယ်။ (၁) အရပ်ဘက် လူမှု အဖွဲ့အစည်းများဟာ အစိုးရနှင့် ဈေးကွက်တို့ကနေ လွတ်ကင်းစွာ ရပ်တည်နေနိုင်တဲ့ လူမှုပေါင်းသင်း ဆက်ဆံရေးဘဝကို ဆက်လက် ထိန်းသိမ်းထားနိုင်ခြင်း၊ (၂) ဒီအရပ်ဘက် လူမှု အဖွဲ့အစည်းများမှာ ပါဝင်ခြင်း အားဖြင့် အတ္တ ကိုယ်ကျိုးစီးပွားကို ကျော်လွန်ကာ အများအတွက် စိတ်ကောင်း စေတနာထားတဲ့ အလေ့အထ ကောင်းများ ပေါ်ပေါက်လာ စေနိုင်တဲ့ ရေသောက်မြစ်ဖြစ်နိုင်ခြင်း၊ (၃) ကတော့ ဒီလို အဖွဲ့အစည်း အသင်းအပင်းများမှာ မကြာခဏ တွေ့ဆုံ ပြီး ပြည်သူရေးရာများ ပြောဆိုဆွေးနွေးဖလှယ်ရာ ရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ခြင်း စတာတွေပဲဖြစ်ပါ တယ်။ ဒီလိုအရပ်ဘက်လူမှုအဖွဲ့အစည်းများမှာ ငွေကြေးအရင်းအနှီးနှင့် နည်းပညာ အရင်းအနှီးများ အားနည်းနိုင်ပေမယ့် ယုံကြည်မှုကို အခြေခံတဲ့လူမှုအရင်းအနှီးများ ကြွယ်ဝစွာ ရှိနေတဲ့အတွက် ငြိမ်ချမ်းသာယာတဲ့ ချစ်ကြည်ရင်းနှီးတဲ့ လူမှုဘဝကို ထိန်းသိမ်းထားနိုင်ပါတယ်။ အရင်းရှင် ဈေးကွက် စီးပွားရေးစနစ်က ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် လူအချင်းချင်းဆက်ဆံရေးမှာ အတ္တနှင့် ကိုယ့်အကျိုးအမြတ်အစွန်းကို အဓိကထားတဲ့ ဆက်ဆံရေးများ တစ်နေ့တခြားထူပြောလာခဲ့ပါတယ်။ ဒီအခါမှာ အများစုလူလတ်တန်းစားနှင့် ဆင်းရဲသားများရဲ့ နေရေး၊ သေရေး၊ ကျန်းမာရေးကိစ္စများကို လူတန်းစေ့အောင် စီစဉ်ဆောင်ရွက်နိုင်ရေးမှာ ပိုမိုခက်ခဲလာပြီး ဒီလိုလူမှုအဖွဲ့အစည်းများသာ မရှိရင် ပြည်သူများ များစွာဒုက္ခရောက်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံတကာညွှန်းကိန်းတွေ လေ့လာသုံးသပ်တဲ့ အဖွဲ့အစည်း အချို့ရဲ့ နှစ်စဉ်အစီရင်ခံစာတွေအရ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့အတိတ်ကာလ တစ်လျှောက် ကမ္ဘာပေါ်မှာ အဘက်ဘက်က အောက်ကျနောက်ကျဖြစ်ခဲ့ရပေမယ့် စေတနာမေတ္တာ တရားကြီးမားစွာ ရှိနေတာကတော့ အံ့မခန်းပါပဲဆိုတာ အောက်ပါစာရင်းဇယားများကို ဖော်ပြရင်း နှိုင်းယှဉ်တင်ပြလိုပါတယ်။ ဒီစာရင်းဇယားများကို တင်ပြရတာဟာ ယခင် အစိုးရဟောင်းကို အပြစ် ပြောလိုရင်းမဟုတ်ဘဲ နိုင်ငံနှင့်နိုင်ငံသားများရဲ့ အားကောင်းချက်ကို ပေါ်လွင်ထင်ရှား အောင်ပြ လိုခြင်းသာဖြစ်ကြောင်း စကားပလ္လင်ခံလိုပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၀၉ ခုနှစ်က ပြုစုခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုရဲ့ စာရင်းဇယား များအရ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံပေါင်း ၂၀၀ အတွက် လေ့လာတွက်ချက်တဲ့ လူတစ်ဦးကျ မူလ ပညာရေးအသုံးစရိတ်မှာ တစ်နှစ် ၁၇ ဒေါ်လာနှင့် အဆင့် ၁၉၉၊ အလယ်တန်း ပညာရေး အသုံးစရိတ်မှာ တစ်နှစ်ခန့်ကို ၁၀ ဒေါ်လာနှုန်းနဲ့ နံပါတ် ၁၉၇ မှာရှိနေလို့ နောက်ဆုံးကစ ရေတွက် ရင် နံပါတ် ၄ နေရာမှာရှိပါတယ်။ ကျန်းမာရေး အသုံးစရိတ်မှာ ဆိုရင်လည်း လူတစ်ဦးကျ အသုံးစရိတ် တစ်နှစ် ၂ ဒေါ်လာနှုန်းနဲ့၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့အောက် ဇယားရဲ့ အဆုံးမှာရှိနေ ပါတယ်။ ၂၀၀၈ ခုနှစ် စာရင်းအရ မိုဘိုင်းဖုန်းပိုင်ဆိုင်မှုမှာဆိုရင် လူဦးရေ ၁၀၀ မှာ တစ်လုံးနှုန်းနဲ့ နောက်ဆုံးအဆင့်မှာရှိပြီး အင်တာနက် အသုံးပြုနိုင်မှုမှာ ဆိုရင်လည်း နိုင်ငံပေါင်း ၂၀၀ အနက် အဆင်‌့ က ၁၉၉ နဲ့ အောက်ဆုံးနားမှာပဲ ရှိခဲ့ပါတယ်။ အကျင့်ပျက် လာဘ်စားမှု အထူပြောဆုံး နိုင်ငံများ  စာရင်းမှာဆိုရင်လည်း နိုင်ငံပေါင်း ၁၈၃ နိုင်ငံ အနက် နံပါတ် ၁၈၁ ချိတ်ခဲ့ပါတယ်။
 ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ဒီလိုကဏ္ဍ ပေါင်းစုံမှာ အောက်တန်း နောက်တန်းကျပြီး အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေပေမယ့် ကူညီ ပေးကမ်းမှုအထိ ရောက်ဆုံး ၂၅ နိုင်ငံစာရင်းမှာတော့ ကျွန်တော်တို့ နိုင်ငံက နံပါတ် ၂၃ ချိတ်တာကို အံ့သြဖွယ် တွေ့ရ ပါတယ်။ ကျွန်တော်တို့ရဲ့နောက်မှာ ကျွန်တော်တို့ထက် အများကြီးပိုမိုချမ်းသာတဲ့ လူဇင်ဘတ်၊ နော်ဝေ၊ အီတလီ၊ ထိုင်း စတဲ့နိုင်ငံတွေနဲ့အတူ နိုင်ငံပေါင်း ၁၇၀ ကျော်လောက် ရှိနေတာကို တွေ့ရ ပါတယ်။ ဒီညွှန်းကိန်းကို တွက်ချက်ရာမှာတော့ ငွေကြေးပမာဏကို အဓိကမထားဘဲ လှူဒါန်းကူညီမှု ပြုတဲ့ ရည်ရွယ်ချက်နဲ့ အကျိုး သက်ရောက်မှုကို အဓိက ဆန်းစစ်တွက်ချက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ နာဂစ်မုန်တိုင်း တိုက်ခတ်ခံရ အပြီး လျှင်မြန်စွာ နလန်ထလာနိုင်တာကိုလည်း ကမ္ဘာက အံသြချီးကျူးကြပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ညွှန်းကိန်းများအရ လွန်ခဲ့တဲ့ကာလ အစိုးရက ပြည်သူ့အတွက် သုံးစွဲခဲ့တာမှာ အလွန်နည်းပါးခဲ့ပေမယ့် နိုင်ငံသားများရဲ့ အလှူအတန်းရက်ရောမှု၊ ဒုက္ခရောက်သူအပေါ်မှာ မေတ္တာ၊ စေတနာထားရှိမှုစတာတွေကတော့ ကမ္ဘာကအသိအမှတ်ပြုခံရ လောက်အောင် ကြီးမားကြောင်း တွေ့မြင်ကြရပါတယ်။  မှန်ပါတယ်ခင်ဗျား။ နိုင်ငံမှ ကမ္ဘာကျော်တဲ့ လူမှုကူညီရေးအသင်းများ၊ နာရေးကူညီမှုအသင်းများ၊ HIV, AIDS ဝေဒနာရှင်များ ကူညီ စောင့်ရှောက်ရေး အသင်းများ ရှိကြပါတယ်။ သို့သော်လည်း ဒီနေရာမှာ ဒီအဖွဲ့အစည်းများရဲ့ စာရင်း ဇယားများကို လက်လှမ်းမမီနိုင်လို့ မတင်ပြနိုင်တာကို ခွင့်လွှတ်ကြဖို့ တောင်းပန်အပ်ပါတယ်။ သီပေါမြို့လေးက အလှူအတန်းလုပ်ကြတဲ့ အဖွဲ့အစည်းများရဲ့စေတနာ၊ မေတ္တာကြီးမားမှုကိုတော့ အလျဉ်းသင့်တဲ့အတွက် ပြောပြပါရစေ။ သီပေါသီတဂူ မျက်စိအခမဲ့ ကုသရေးဆေးရုံကို ၂၀၀၈ ခုနှစ် က မြို့မိမြို့ဖ စေတနာရှင် ပြည်သူလူထုရဲ့ အလှူငွေများနှင့် ဘုရားကြီး ပရဝုဏ်အတွင်းမှာ အဆောက်အဦ ဆောက်ခဲ့ပါတယ်။ စစ်ကိုင်း သီတဂူ ဆရာတော် ပေးပို့လှူဒါန်းတဲ့ မျက်စိခွဲစိတ်စက် များနှင့် မတည်ခဲ့ကြပြီး ဘုရားကြီးက ဆရာတော် ဦးပညာသီရိက ဦးဆောင်ပါတယ်။ ကုသမှုတစ်ကြိမ် နှင့်တစ်ကြိမ် အကြား ၃၊ ၄ လသာ ခြားပြီး ကုသပေးခဲ့ကြတာ ဒီနှစ် ဇူလိုင်လက ၂၀ ကြိမ်မြောက် ခွဲစိတ်ကုသမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီလေးနှစ် အတွင်းမှာ မျက်စိလူနာပေါင်း ၁၀၃၀၇ ဦးကို စစ်ဆေးကြည့်ရှုခဲ့ပြီး ၂၀၃၀ ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့ပါတယ်။ အားလုံးကို အခမဲ့ကုသ ပေးနိုင်ခဲ့တာဖြစ်လို့ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော အခမဲ့ မျက်စိခွဲစိတ် ကုသဆေးရုံ ဖြစ်တယ်လို့ သီတဂူဆရာတော် ဦးဉာဏိဿရ ချီးကျူးမှုကို ခံခဲ့ရပါတယ်။ ဒီဆေးရုံက ကုန်ကျတဲ့အသုံးစရိတ် အားလုံးဟာ သီပေါမြို့သူမြို့သားများ၊ မျက်စိဝေဒနာရှင်များ၊ အခြားသော မြို့ရွာများက အလှူရှင် များ၊ ဆရာတော်၊ သံဃာတော်များနှင့် ဆရာဝန်ကြီး၊ ဆရာဝန်မကြီးများ၊ သူနာပြုဆရာမများရဲ့ မေတ္တာစေတနာများကြောင့် ရရှိတဲ့အလှူငွေများနှင့် သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ ထို့နည်းတူပါပဲ မြတ်မွန် စေတနာ နာရေးကူညီမှုအသင်းကို ၂၀၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး သုဿန်သန့်ရှင်း သာယာရေး၊ မရှိဆင်းရဲသားများနှင့် ရဟန်းသံဃာများကို အခမဲ့မီးသဂြိုလ်နိုင်ရေးကိစ္စများကို အမြဲတမ်းအသင်းဝင် ၂၆၀ ကျော်လောက်ရဲ့ အလှူငွေများနှင့် စတင်ဆောင်ရွက်ခဲ့တာ ယခုဆိုရင် ၁၁ နှစ်လောက်ကြာခဲ့ပါပြီး။ ဒီ ၁၁ နှစ်အတော့အတွင်းမှာ လူသေအလောင်းပေါင်း ၂၂၆၃ လောင်းကို မီးသဂြိုလ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သုဿန်သန့်ရှင်းရေးနှင့် လျှပ်စစ်မီးရရှိရေး၊ ကား၊ ဆိုင်ကယ် ရပ်နားကွင်းများ သပ်ရပ် ကောင်းမွန်ရေး၊ သုဿန် အဝင်လမ်း ကောင်းမွန်ရေး၊ သုဿန်ဇရပ် ပြုပြင် မွမ်းမံရေး စတာတွေကိုလည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အဲဒီလို စေတနာ၊ မေတ္တာထားပြီး လုပ်ဆောင် နေကြတဲ့သတင်းကြောင့် မူလက ထော်လာဂျီနှင့်သာ အလောင်းကိုသယ်ပို့ပေးနိုင်ရာက ကားနှင့် သယ်ပို့ပေးနိုင်စေဖို့ ကားလှူဒါန်းတဲ့ အလှူရှင်များလည်း ပေါ်လာခဲ့ ပါပြီ။ ဒါ့အပြင် သီပေါမြို့မှာ လူငယ် စေတနာရှင်များက One More ဆိုတဲ့ အဖွဲ့ကလေးကို လွန်ခဲ့တဲ့ တစ်နှစ်ခန့်က စတင်ဖွဲ့စည်း ခဲ့ပြီး လူတစ်ယောက်တစ်လလျှင် ၁၀၀၀ ထည့်ဝင် လှူဒါန်းကာ ရတဲ့ငွေများကို ချက်ချင်းပဲ လိုအပ်တဲ့ နေရာများကို သွားရောက်လှူဒါန်းကြပါတယ်။ ယခု ၁၁ ကြိမ်မြောက်မှာတော့ လူအင်အား ၇၃၃ ယောက်လောက် အထိ ထည့်ဝင်လှူဒါန်းကြတဲ့အတွက် အလှူငွေ ၇၃၃၀၀၀ ကို လိုအပ်တဲ့နေရာ အသီးသီးမှာ သွားရောက်ခွဲဝေလှူဒါန်းနိုင်ခဲ့ကြောင်း ကြားသိရပါတယ်။
ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ကျွန်တော်တို့ မြို့က အဲဒီလို လူမှုရေး အသင်းအဖွဲ့များအပြင် ရှမ်းစာပေ ယဉ်ကျေးမှု အသင်း၊ ရေကြည်တော်ဝတ် အသင်းစတာတွေ လည်းရှိပါတယ်။ ယခုလို သာရေး၊ နာရေး၊ လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့တွေထဲမှာ ပါဝင်ကြတဲ့ လူများကတော့ နိုင်ငံရေး ပါတီပေါင်းစုံမှ ဖြစ်သလို အချို့ကလည်း မည်သည့်နိုင်ငံရေးပါတီဝင်များ မဟုတ်ကြပါဘူး။ အဲဒီနိုင်ငံရေး ပေါင်းစုံဆိုတာ ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းဝင်များ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီဝင်များ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူ)ပါတီဝင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လိုလားကြသူများ ဖြစ်ကြပါတယ်။ ဒါပေမယ့် အတူတကွ စည်းစည်း လုံးလုံးနှင့် လက်တွဲပြီး အများအကျိုးအတွက် ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ အဲဒီလို စည်းလုံးညီညွတ်ပြီး အတူလက်တွဲ ဆောင်ရွက်နေနိုင်အောင်က အဖွဲ့အစည်းကို ခေါင်းဆောင်တဲ့ ပုဂ္ဂိုလ်ရဲ့ အမျှော်အမြင်ကြီးမားမှု၊ နိုင်ငံရေး အမြင်မတူမှုများကို နောက်မှာသာ အသာထားပြီး အများ အကျိုးတွက်ဆိုတဲ့ ဂုဏ်တူညီတဲ့ ကုသိုလ်ရေး ရည်မှန်းချက်အတွက်သာ အဖွဲ့အစည်းအတွင်းမှာ ပြောဆိုလုပ်ကိုင်ကြဖို့ အမြဲတမ်း တိုက်တွန်းနေလို့ပဲ ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ယနေ့ ပြည်သူ့ လွှတ်တော်အတွင်းမှာ ပြည်သူ့အကျိုးအတွက် ပျော်ပျော်ရွှင်ရွှင်နှင့် တာဝန်တွေ ထမ်းဆောင်နေနိုင်တာ ဟာလည်း အဲဒီလို အစွဲတွေ၊ စိတ်အခံတွေကို ဘေးဖယ် ထားပြီး ပြည်သူ့လူထုအကျိုးစီးပွားအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ အခြေခံစိတ်ဓာတ်မွေးမြူနိုင် အောင် လွှတ်တော်အကြီးအမှူးက အမြဲတမ်းတိုက်တွန်း နှိုးဆော်နေမှုကြောင့် ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ သီပေါမြို့က ရပ်ရေးရွာရေးနှင့် အများကောင်းကျိုးကို လိုလားကြတဲ့ လူကြီး သူမများ၊ လူငယ်များ အခုလိုပျော်ပျော်ရွင်ရွင်နဲ့ အတူတကွ လက်တွဲလုပ်ကိုင် နေကြတုန်းမှာပဲ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အသင်းအဖွဲ့များ မှတ်ပုံတင်ကြေးက တစ်နှစ်ကို တစ်သိန်းနှုန်းနှင့် ၅ နှစ်စာ ၅ သိန်းသွင်း ရမယ်ဆိုတဲ့ သတင်းကြောင့် အပျော်တွေကို လွင့်စင်သွားခဲ့ကြရပါတယ်။ ပွင့်ပွင့် လင်းလင်းပြောရရင်တော့ ကျွန်တော်တို့လုပ်ကိုင်နေကြတဲ့ သာရေး၊ နာရေး၊ ကျန်းမာရေးအလုပ်တွေ ဟာ အစိုးရဝန်ကြီးဌာနတွေက ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးကြရမယ့် အလုပ်တွေပဲ ဖြစ်ပါ တယ်။ သို့သော်လည်း တာဝန်သိတတ်တဲ့ နိုင်ငံသားများပီပီ သူ့အလုပ်၊ ငါ့အလုပ်တွက်ကပ်မနေဘဲ မိမိ လုပ်သင့် လုပ်ထိုက်တယ်လို့ သိမြင်တာကြောင့် အများပြည်သူအပေါ် စေတနာ၊ မေတ္တာထားပြီး ဆောင် ရွက်နေကြတာသာ ဖြစ်ပါတယ်။ မည်သည့် နိုင်ငံရေး၊ စီးပွားရေးအကျိုးအမြတ်များ ရှာဖွေခြင်း၊ မျှော်ကိုးခြင်း မရှိကြပါ။ ဒါကြောင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဒီညွှန်ကြားချက်ကို ကြားရတဲ့ အခါမှာ ဪ ငါတို့က လူအများအပေါ် စေတနာထားသလောက် အစိုးရက ငါတို့လူမှုအဖွဲ့အစည်း တွေအပေါ်မှာ မတုံ့ပြန်ပါလားလို့ ခံစားကြရပါတယ်။ အမှန်ကတော့ အစိုးရက သူတို့လုပ်ရမယ့် အလုပ်တွေကို ဝင်ကူလုပ်ပေးတဲ့ ဒီလိုအဖွဲ့အစည်းတွေအပေါ် မှတ်ပုံတင်ကြေး နစ်နေအောင် ယူမယ့် အစား ကူညီထောက်ပံ့မှုတောင် ပေးသင့်ပါတယ်။ အခြား တစ်ဘက်မှာလည်း ဒီလိုအဖွဲ့အစည်းတွေ များများ ပေါ်မလာစေချင်လို့ တွေးနေမိပါတယ်။ ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးစ ရုရှားနိုင်ငံမှာ အဲဒီလို အရပ်ဘက်လူမှုအဖွဲ့အစည်းပေါင်း ၂၇၇၀၀၀ ရှိပြီး ကမ္ဘာအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာ အဲဒီလိုအဖွဲ့အစည်းမျိုး ၃.၃ သန်းလောက် ရှိတာမို့ လူဦးရေ ၄၀၀ မှာ တစ်ဖွဲ့ နှုန်းလောက်တောင်ရှိနေပါတယ်။ ဒီစာရင်းတွေနှင့် နှိုင်းယှဉ်ကြည့်လိုက်ရင် ကျွန်တော်တို့နိုင်ငံမှာ အရပ်ဘက်လူ့အဖွဲ့အစည်းများ သန်မာအား ကောင်းဖို့ များစွာလိုအပ်နေသေးကြောင်း တွေ့ရမှာ ဖြစ်ပါ တယ်။ ဒါကြောင့် ဒီမှတ်ပုံတင်ရေးကိစ္စကို သင့်တော်မျှတတဲ့ နှုန်းထားတစ်ခုပြင်ပေးပါလို့ တင်ပြလိုပါ တယ်။ တတ်နိုင်ရင် ဒီအဖွဲ့အစည်းများကို အစိုးရက ကူညီထောက်ပံ့ ပါလို့တောင် တိုက်တွန်းလိုပါ တယ်။ နောက်တစ်ချက်က တိုင်းရင်းသား စာပေယဉ်ကျေးမှု အသင်းဝင်များကို နိုင်ငံရေးကင်းရှင်းရမည် ဆိုတာကလည်း လက်တွေ့မကျပါ။ အဲဒီလို စည်းကမ်း သတ်မှတ်လိုက်တဲ့ အတွက် ဒေသမှာ ရှမ်းစာပေ သင်ကြားနိုင်တဲ့ ကျားဖြူပါတီဝင်များ၊ စာပေယဉ်ကျေးမှု အသင်းမဝင်နိုင် ကြတော့သလို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များကလည်း ဘော်ကြိုဘုရား ဂေါပကအဖွဲ့က နှုတ်ထွက်ခဲ့ကြရပါ တယ်။ အဲဒီလိုစည်းကမ်းသတ်မှတ်ခြင်းဟာ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘုံတာဝန်များ၊ ဆောင်ရွက်ချက်များကို ပါတီနိုင်ငံရေး အကျိုး စီးပွားအလို့ငှာ ဂိုဏ်းဃနဆန်ဆန် အသုံးချလာမှာကို စိုးရိမ်လို့ဖြစ်တယ်ဆိုတာကို သဘောပေါက် နားလည်ပါတယ်။ သို့သော်လက်တွေ့မှာက နိုင်ငံရေးပါတီဝင်များကို ခွဲခြားဆက်ဆံသည် လူ့အခွင့် အရေးပိတ်ပင်ခံထားရသလို ဖြစ်သွားစေတဲ့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (ဂ)နှင့် ဆန့်ကျင်နေပါတယ်။ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (ဂ) ကဆိုထားတာက နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန်ကျင်လျှင် အောက်ပါ အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့် ရှိသည်လို့ ဆိုပြီး အပိုဒ်ခွဲ(ဂ)မှာ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်း ဆောင်ရွက်ခွင့်လို့ ဆိုထားပါတယ်။ ဒါကြောင့် တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်းဝင်များဟာ နိုင်ငံရေး ကင်းရှင်းရမည်၊ နိုင်ငံရေးပါတီဝင်များ မဖြစ်ရဆိုတာမျိုး စည်းကမ်းသတ်မှတ်မယ့်အစား အားလုံးအတူတကွ လက်တွဲပြီး အလုပ်လုပ်နိုင်စေမယ့် စည်းကမ်းချက်မျိုးသာ သတ်မှတ်သင့်ပါတယ်။ ဥပမာအားဖြင့် အသင်းအဖွဲ့ကို နိုင်ငံရေး ပါတီတစ်ခုခု၏ အကျိုးစီးပွားအလို့ငှာ ခုတုံးလုပ် အသုံးပြု ခြင်း မရှိစေရဆိုတဲ့ စည်းကမ်းချက်မျိုး၊ အသင်းအဖွဲ့၏ တာဝန်ခံဥက္ကဋ္ဌ ဖြစ်သူသည် နိုင်ငံရေး ဘက်လိုက်မှုကင်းပြီး အဖွဲ့အစည်းဝင် အားလုံးကို စည်းစည်းလုံးလုံးဖြင့် အတူတကွ အလုပ်လုပ်နိုင် အောင် စည်းရုံး ခေါင်းဆောင် နိုင်စွမ်းရှိမည်ဆိုတာ မျိုးလောက်သာ စည်းကမ်း သတ်မှတ်ထားရမယ့် ဆိုရင် မဖြစ်သင့်မဖြစ်ထိုက်တာတွေကို ကာကွယ်ထားနိုင်ပြီး အသင်းအဖွဲ့တစ်ခုခြင်းစီအလိုက် ထားရှိ ကြတဲ့ ရည်ရွယ်ချက်များကို အောင်မြင်အောင် အတူတကွ စည်းစည်းလုံးလုံးနှင့် အလုပ်လုပ်နိုင်ကြ လိမ့်မယ်လို့ မျှော်လင့် ယုံကြည်မိကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါ တယ်ခင်ဗျား။
 
Standard (Image)