ဥက္ကဋ္ဌ။ ။ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ အစည်းအဝေး ၂၂ ရက်မြောက်နေ့မှာ မင်းလှ မဲဆန္ဒနယ်မှ ဦးမောင်တိုးက တင်သွင်းပြီး လွှတ်တော်မှာ စဉ်းစားဆွေးနွေးရန် ဆုံးဖြတ်ထားတဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဒီကနေ့ စတင်ဆွေးနွေးပါမယ်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ သတ်မှတ်ထားတဲ့ ၁၀-၈-၂၀၁၂ ရက်နေ့အထိ ပြင်ဆင်ချက်များကို ဆွေးနွေးရန် အဆိုတင်သွင်း လိုကြောင်း အကြောင်းကြားစာဖြင့် အကြောင်းကြား ခဲ့သော်လည်း အကြောင်းကြား ပေးပို့ထားခြင်း မရှိတဲ့ အတွက် ဦးမောင်တိုးရဲ့ ပြင်ဆင်ချက် အဆိုကို ယခု လွှတ်တော်သို့ တင်ပြပြီး အဆုံးအဖြတ် ရယူသွားမှာ ဖြစ်ပါတယ်။ ဥပဒေကြမ်း ကော်မတီရဲ့ သဘောထား သိလိုပါတယ်။
(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ ဦးမောင်တိုးတင်သွင်းတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဥပဒေကြမ်း ကော်မတီမှ စိစစ် တင်ပြပြီးဖြစ်ပါ၍ ပြင်ဆင်ချက် အား သဘောတူ ပါကြောင်း တင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စု စာရင်းစစ်ချုပ် သဘောထားပြောပါ။
ဦးလွန်းမောင် (ပြည်ထောင်စု စာရင်းစစ်ချုပ်)။ ။ လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ ဒီပြင်ဆင်တဲ့ အချက်အလက် တွေကို ကျွန်တော်တို့ ဆွေးနွေး ညှိနှိုင်းထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး လက်ခံနိုင်ပါကြောင်း တင်ပြအပ်ပါတယ်။
ဥက္ကဋ္ဌ။ ။ပြင်ဆင်ချက်အဆိုကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက တင်ပြတဲ့ အတွက် ဦးမောင်တိုး တင်ပြ ခဲ့တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း အတည်ဖြစ်ကြောင်း ကြေညာ ပါတယ်။
ဥက္ကဋ္ဌ။ ။သူ့ရဲ့ လုပ်ထုံးလုပ်နည်း အရ ထပ်မံကျွန်တော် တင်ပြပါ့မယ်။ မင်းလှ မဲဆန္ဒနယ်မှ ဦးမောင်တိုး တင်သွင်းသော ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်ပြင်ဆင် အဆိုပြုချက် မရှိတဲ့အပြင် သက်ဆိုင်ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ရုံးမှလည်း သဘောတူညီတဲ့ အတွက် ဦးမောင်တိုး၏ ပြင်ဆင် ချက်အတိုင်း အတည်ဖြစ်သည်။ ဒီအဆိုကို လွှတ်တော်က သဘောတူပါသလားခင်ဗျား။
[ သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်ကသဘောတူပါသည်။ ]
ဥက္ကဋ္ဌ။ ။ သဘောမတူတဲ့သူ ရှိပါသလားခင်ဗျား။ သဘောမတူသူ မရှိတဲ့အတွက် မင်းလှ မဲဆန္ဒနယ်မှ ဦးမောင်တိုး တင်သွင်းသော ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပြင်ဆင်တဲ့ ဥပဒေကြမ်း တစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲ အတိုင်း အတည်ပြုကြောင်း ကြေညာပါ တယ်။
