တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို တိကျစွာ သတ်မှတ်၍ ဥပဒေ၊ နည်းဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စု လွှတ်တော်သို့ ဆောလျင်စွာ တင်သွင်းရေး နှင့် စပ်လျဉ်းသည့် အဆိုကို တင်သွင်း

ဒေါ်နန်းဝါနု (ကွန်ဟိန်း မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် ကိုယ်စား လှယ်တော်ကြီးများ၊ ဧည့်သည်တော်များ ရှင့်။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်။ ကျွန်မကတော့ ရှမ်းပြည်နယ်၊ ကွန်ဟိန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနု ဖြစ်ပါတယ်ရှင်။ ကျွန်မ တင်သွင်းမယ့် အဆိုကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၆၄ (ဃ) အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို တိကျစွာ သတ်မှတ်၍ ဥပဒေ၊ နည်းဥပဒေမူကြမ်းအဖြစ် ပြည်ထောင်စု လွှတ်တော်သို့ ဆောလျင်စွာ တင်သွင်းရေး ပြည်ထောင်စု အစိုးရအား မေတ္တာရပ်ခံ တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်က ခေတ်မီ ဖွံ့ဖြိုး တိုးတက်၍ စည်းကမ်း ရှိသော ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်ရာမှာ တစ်နှစ် ကျော်လွန်လာခဲ့ပြီး ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ လွှတ်တော်က ကျွန်မတို့ နိုင်ငံတော်အတွက် အရေးကြီးသော ဥပဒေများ၊ နည်းဥပဒေများကို ထုတ်ပြန်ပြဋ္ဌာန်း နိုင်ခဲ့ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက်၊ တိုင်းရင်းသား ပြည်သူလူထုများ အတွက် အလွန်အရေးကြီးသော အဆိုများ မေးခွန်းများကို မေးမြန်းဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါအပြင် တိုင်းရင်းသားများအတွက် အသက်တမျှ အရေးကြီးသော    တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေပြဌာန်းရေး အဆို ကိုလည်း အောင်မြင်စွာ အတည်ပြုနိုင်ခဲ့ပါ တယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်။ နိုင်ငံတော်သမ္မတမှဦးဆောင်သော အစိုးရအဖွဲ့လည်း ဒီမိုကရေစီ ပြုပြင်‌ပြောင်းလဲရေးကို အားကြိုး မာန်တက် ကြိုးပမ်းနေတာကို တွေ့မြင်ရပါတယ်။ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူများ အတွက် ထာဝရ ငြိမ်းချမ်းရေးကို အစွမ်းကုန် ကြိုးပမ်းနေတာ မြင်တွေ့ရတဲ့ အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်။ ဒါနှင့် လုံလောက်မှု ရှိပြီလားလို့ မေးရင် လုံလောက်မှု မရှိသေးပါဘူးရှင်။ ဘာကြောင့်လဲ ဆိုတော့ ခေတ်မီတဲ့ ဒီမိုကရေစီ ပြုပြင်‌ပြောင်းလဲရေး စနစ်ကို ဖေါ်ဆောင်ရာမှာ နောက်တွဲ မောင်းနှင်အား ဖြစ်တဲ့  ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ ပုဒ်မ ၂၆၄ (ဃ) မှာပါတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ နှင့် ရပိုင်ခွင့်များကို ဥပဒေအဖြစ် မထုတ်ပြန်၊ မပြဋ္ဌာန်း ရသေးလို့ ဖြစ်ပါတယ်ရှင်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ  ၂၄၇၊ ပုဒ်မ ၂၄၈ နဲ့ဖွဲ့စည်းထားတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့များ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှာ ရာထူးသာရရှိထားပြီး၊ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွက် တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ အလွန်နည်းပါး နေသေးတာကို ဝမ်းနည်းဖွယ်တွေ့မြင်နေရပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၄၉ မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်များနဲ့ မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရ၏ အုပ်ချုပ်မှု အာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များသို့ သက်ရောက် ပျံ့နှံ့သည်။ ထို့ပြင် ပြည်ထောင်စု ဥပဒေ တစ်ရပ်ရပ် အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအား ဆောင်ရွက် ခွင့်ပြုသည့် ကိစ္စရပ်များသို့လည်း သက်ရောက် ပျံ့နှံ့သည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေနှင့်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေများကို လေ့လာတဲ့ အခါမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ဥပဒေများကို လေ့လာတဲ့အခါမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊ ဝန်ကြီးများရဲ့တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့် များဟာ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ရဲ့ အတိုင်းအတာအရ လုံလောက်မှု မရှိသေးကြောင်း မြင်တွေ့နေရပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင်။ ယခုလက်ရှိ ကျွန်မတို့နိုင်ငံမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအတွက် တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့် များကို သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းပေးထားတဲ့ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ မရှိခဲ့လို့ ဝန်ကြီးများမှာ အလုပ်လုပ်ကိုင်ရာမှာ တိကျ ပြတ်သားမှု၊ ထိရောက်မှုမရှိဘဲ အလွန်ခက်ခဲ ပင်ပန်းနေကြရတာကို တွေ့မြင် နေရပါတယ်ရှင်။ ဒါ့အပြင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင် များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ တချို့တလေ ရောနှောနေတာကို တွေ့မြင်နေရပါတယ်။ ဥပမာ- ပြည်ထောင်စု ဥပဒေပြု ဇယား ၁၊ ပုဒ်မ ၃(ဎ)မှာ ပြည်ထောင်စု၏ ဝန်ဆောင်မှု လုပ်ငန်းများနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြု စာရင်းဇယား ၂ ပုဒ်မ ၁ (စ) မှာပါတဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ၏ ဝန်ဆောင်မှုများ စသည်တို့မှာ မည်ကဲ့သို့သော ဝန်ဆောင်မှုများ ဖြစ်သည်ကို တိကျစွာ ခွဲခြားထားခြင်း မရှိပါဘူးရှင်။ ပြည်ထောင်စု ဥပဒေပြုဇယား ၁၊ ပုဒ်မ ၄(က) မှာရှိတဲ့ စီးပွားရေး၊ ပုဒ်မ ၄(ခ) မှာရှိတဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းဇယား ၂၊ ပုဒ်မ ၂(က) မှာပါတဲ့ ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့် အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်း ဆောင်ရွက်သည့် စီးပွားရေးကိစ္စများ၊ ပုဒ်မ ၂(ခ) မှာ ပြည်ထောင်စုက ပြဋ္ဌာန်း သည့် ဥပဒေနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ဆောင်ရွက်သည့် ကူးသန်း ရောင်းဝယ်ရေး ကိစ္စများစသည် တို့မှာလည်း ရောထွေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်ထောင်စု ကပြဋ္ဌာန်းသည့် ဥပဒေနှင့် အညီလို့ဆိုလို့ပါ။ ယခုအချိန်အထိ ပြည်ထောင်စုက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်း ဆောင်ရွက်သည့် စီးပွားရေး၊ ကူးသန်း ရောင်းဝယ်ရေး ကိစ္စရပ်တွေကို ဥပဒေအဖြစ် မပြဋ္ဌာန်းရသေးပါဘူးရှင်။ ဒါ့ကြောင့် နောင်ကာလမှာ အငြင်းပွား ဖွယ်ရာများ မဖြစ်ပွားအောင် ဥပဒေ ပြဋ္ဌာန်းထား ရမည်ဖြစ်ပါ တယ်ရှင်။

ဥက္ကဋ္ဌကြီးရှင်။ တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ပိုင်ခွင့်တချို့ကို ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက လွှမ်းမိုး နေကြောင်း တွေ့မြင် နေရပါတယ်ရှင်။ ဥပမာ- ဒီမိုကရေစီခေတ် မဟုတ်ခင်တုန်းက ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးများရဲ့ လမ်းမကြီးများ ဖြစ်ခဲ့သော်လည်း ယခုအခါမှာ ပြည်ထောင်စု လမ်းမကြီး ဖြစ်သွားခြင်း၊ ယခင်က ဂရမ် လျှောက်ထားရာတွင် ခရိုင်အဆင့်နှင့် ပြည်နယ် အဆင့်မှာ ပြီးစီးသွားခဲ့သော်လည်း ယခုမှာ ပြည်ထောင်စု အဆင့်မှ ကိုင်တွယ်နေ၍ အယူခံ အဆင့်ပျောက်ဆုံးရခြင်းတို့ ဖြစ်ပွားနေပါတယ်။ ဒါ့အပြင် ယခင်က အမှုထမ်းများဖြစ်သော စာရေးများနှင့် ရုံးအကူများကို သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ ပြည်နယ်များက ခန့်အပ် နိုင်ခဲ့သော်လည်း ယခုအခါမှာ ရုံးချုပ်က အောက်ခြေ ဝန်ထမ်းများကို တိုက်ရိုက် ခန့်အပ်ခြင်း စသည် ကဲ့သို့ ဖြစ်ပေါ်နေကြောင်းကို လေ့လာ တွေ့ရှိနေရပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင်။ ယခုလက်ရှိ အနေအထားမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ် တစ်ချို့က ကျန်ဝန်ကြီးများရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်တွေကို လွှမ်းမိုး ချုပ်ကိုင်မှု ပြုနေကြောင်း ကိုလည်း လေ့လာ တွေ့ရှိရပါတယ်။ ဥပမာ- နိုင်ငံတော်သမ္မတက ဝန်ကြီးတစ်ပါးကို လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ကိုပေးရာမှာ ၎င်းက လမ်းပန်းကိုသာပေးပြီး ဆက်သွယ်ရေး ကိစ္စကို မိမိကိုယ်တိုင် စီမံခန့်ခွဲ နေကြောင်း၊ မိမိနှင့် အဆင်ပြေသော သူများကိုသာ မျက်နှာသာ ပေးကြောင်း၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲများ လက်ကိုင်ထားခြင်း စသော ကိစ္စရပ်များ ဖြစ်ပေါ်နေကြောင်း၊ တစ်ချို့ဝန်ကြီးများမှာ မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အတွက် လက်မှတ်ရေး ထိုးခွင့် မရ‌ကြောင်း၊ တစ်ချို့ဝန်ကြီးများမှာ Cabinet  တက်ခွင့် မရကြောင်း စသည် စသည်တို့ဖြင့် တွေ့မြင်ကြား သိနေ ရပါတယ်ရှင်။ ဒါတွေဟာ ဒီမိုကရေစီစနစ်နဲ့ လုံးဝ မကိုက်ညီတော့ကြောင်း တင်ပြပါရစေရှင်။ ဒီလိုဖြစ်နေရတဲ့ အကြောင်းရင်း များကို‌ လေ့လာကြည်‌့တဲ့ အခါမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အတွက် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းပေးခြင်း မရှိသေးလို့ဆိုတဲ့ အ‌ဖြေကို ရရှိပါတယ်။ ဒါကြောင့် ၎င်းတို့အတွက် ဥပဒေကို လျင်မြန်စွာ ပြဋ္ဌာန်းပေးရန် လိုအပ်လျက် ရှိပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆ (က) မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ယင်းတို့၏ လက်အောက်ရှိ အစိုးရဌာနများ အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီဖြစ်စေရန် လည်းကောင်း၊ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီဖြစ်စေရန်လည်းကောင်း၊ စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်ဟုဖော်ပြပါရှိပါတယ်ရှင်။ ဒီနေရာမှာတင်ပြခြင်တာကတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများအကြောင်းဖြစ်ပါတယ်။ ဒီကိစ္စကို နေရာတော်တော်များများမှာ အငြင်းပွားမှုများ ဖြစ်ပေါ်နေပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်။ တချို့ဝန်ကြီးနှင့် ပြည်သူတွေက ဝန်ကြီးဌာနမရှိဘူး။ ဝန်ကြီးဌာနတွေမှာ  တာဝန်ထမ်းဆောင်ဖို့ ဝန်ထမ်းတွေလဲ မရှိဘူး။ ဒါကြောင့် ဝန်ကြီးဌာနမရှိဘူးလို့ ပြောကြ ပါတယ်။ တချို့ဝန်ကြီးများနှင့် ပြည်သူတွေက  ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနလို့ဖော်ပြထားတယ်။ လက်တွေ့ အကောင်အထည်မဖော်သေးလို့ ဝန်ကြီးဌာနမရှိဘူးဖြစ်နေတာလို့ အငြင်းပွားနေကြပါတယ်။ ကျွန်မကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၆ နှင်‌့  ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၈ (က) မှာ နိုင်ငံတော် သမ္မတသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများကို သတ်မှတ်ခြင်း၊ ပြင်ဆင် သတ်မှတ်ခြင်းများ ပြုနိုင်တာကို ကြည့်ပြီးတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ဌာနအခိုင်အမာရှိကြောင်း နိုင်ငံတော်မှ အကောင်အထည်ဖော်မှု မရှိသေး၍ လက်တွေ့တွင် မရှိသေးကြောင်းနဲ့ နိုင်ငံတော်မှ ဥပဒေပြု၍ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ၎င်းတို့ရဲ့ ဝန်ကြီးဌာနများ အတွက် ဝန်ထမ်းများကို ခန့်အပ်ပေးမည် ဖြစ်ကြောင်း ယုံကြည်ပါတယ်ရှင့်။ အခုလက်တွေ့မှာတော့  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး တွေမှာ လိုအပ်တဲ့ ဝန်ကြီးဌာနနှင့် ဝန်ထမ်းများ  မရှိသေးလို့ အလုပ်လုပ်ကိုင်ရာတွင် အလွန် ခက်ခဲနေကြောင်း၊ စိတ်ဓာတ်များ ကျဆင်း နေကြကြောင်း တွေ့မြင် နေရပါတယ်။ ဒါပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးဌာနများဖြစ်တဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ  လက်တွေ့ လိုက်နာ ကျင့်သုံးဖို့  ဥပဒေမရှိ သေးကြောင်း တွေ့မြင်နေရပါတယ်။

ဥက္ကဋ္ဌကြီးရှင့်။ (က)      ပြည်သူ့ကောင်စီ ခေတ်ကာလတွေမှာ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဥပဒေ ပုဒ်မများဖြင့် တိတိကျကျ ပြဋ္ဌာန်းကာ နိုင်ငံတော် ကောင်စီရဲ့ ကြေငြာချက်အမှတ် ၅/၇၆ ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပြည်သူ့ကောင်စီ အဆင့်ဆင့်တွေကို လုပ်ပိုင် ခွင့်ပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် ဌာနဆိုင်ရာ အားလုံးကိုလည်း အဆိုပါ ကြေညာချက်ဖြင့် ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။ (ခ) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးခေတ် နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီခေတ် ခေတ်ကာလမှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၏ ဥပဒေအမှတ် ၁/၈၈ စကားရပ်များ အစားထိုးခြင်း ဥပဒေ အရ  ပြည်သူ့ကောင်စီမှ ကိုင်တွယ်ထားခဲ့သော လုပ်ပိုင်ခွင့် အားလုံးကို သက်ဆိုင်ရာ ဌာနများသို့ လွဲပြောင်း ပေးအပ်ခဲ့ ပါတယ်။ (ဂ) လက်ရှိ ဒီမိုကရေစီ ခေတ်ကာလမှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီမှ ပြဋ္ဌာန်း ပေးအပ်ခဲ့သော်လည်း စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းများသာ ပြုလုပ်ပေးနိုင်ပါသည်။ ဥပဒေပါ အကြောင်းအရာ အချက်အလက်များ ပြည်စုံ လုံလောက်မှု မရှိပါဘူးရှင်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အတွက် တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ တိတိကျကျ သတ်သတ်မှတ်မှတ် ပြဌာန်းပေးခြင်းဖြင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့များကြား၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အကြား၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်  ဝန်ထမ်းများကြား၊ နိုင်ငံတော် အစိုးရနှင် ပြည်သူများကြား အထင်အမြင် လွဲမှားမှုများ၊ အယုံအကြည်ကင်းမဲ့မှုများ၊ မငြိမ်းချမ်းမှုများ ပပျောက်လာကာ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက နိုင်ငံတော်အပေါ် ယုံကြည်ကိုးစား လာပြီး ခေတ်မီ ဖွံဖြိုး တိုးတက်သော ဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် အင်တိုက် အားတိုက်ပါဝင် လာကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တန်းတူညီမျှရေးနှင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်ရှင်။ ဒါကြောင့် ကျွန်မက ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ ပုဒ်မ ၂၆၄ (ဃ)အရ  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ တာဝန်များ လုပ်ပိုင်ခွင့်များနှင့်  ရပိုင်ခွင့်များကို တိကျစွာသတ်မှတ်၍ ဥပဒေ၊ နည်းဥပဒေ မူကြမ်း အဖြစ်  ပြည်ထောင်စု လွှတ်တော်သို့ ဆောလျင်စွာ တင်သွင်းနိုင်ရေး ပြည်ထောင်စု အစိုးရအား မေတ္တာရပ်ခံ တိုက်တွန်း ကြောင်း အဆိုကို တင်သွင်းအပ်ပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင်။

ဥက္ကဋ္ဌ။  ။         အဆိုကို ထောက်ခံမယ့်ကိုယ်စားလှယ်တစ်ဦးအား  ဖိတ်ခေါ်ပါတယ်။

ဒေါ်နန်းစေအွာ။     ။ရိုသေလေးစားရပါသော ဥက္ကဋ္ဌကြီးရှင့်။ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၏ အဆိုသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအတွက် အလွန်အရေးကြီးသော အဆိုဖြစ်သောကြောင့် ကျွန်မ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာက လေးလေးနက်နက် ထောက်ခံအပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင်။

ဥက္ကဋ္ဌ။           ။လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကွန်ဟိန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု တင်သွင်းတဲ့ အဆိုကို ကိုယ်စားလှယ်တစ်ဦးက ထောက်ခံ သွားပါတယ်။ ဒီအဆိုကို လက်ခံ ဆွေးနွေးရန် သင့် မသင့် လွှတ်တော်ရဲ့ ဆန္ဒရယူပါ့မယ်။ ဒေါ်နန်းဝါနု တင်သွင်းတဲ့ အဆိုကို လွှတ်တော်က သဘောတူပါ သလားခင်ဗျား။

(သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည် ။ လွှတ်တော်က သဘောတူပါသည်။)

ဥက္ကဋ္ဌ။           ။သဘောမတူတဲ့သူ ရှိပါသလားခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား။ကွန်ဟိန်း မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနု တင်သွင်းတဲ့အဆိုနှင့် စပ်လျဉ်း ပြီးလွှတ်တော်က သဘောတူတဲ့ အတွက် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာပါ တယ်။

Standard (Image)