ဦးနန္ဒကျော်စွာ(ဒုတိယဥက္ကဋ္ဌ)။ ။ ကြည်ညိုရိုသေ လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များအားလုံး သုမင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူကြပါစေ။ ဒီနေရာမှာ ကျွန်တော်ကိုယ်တိုင် ပါဝင်ပတ်သက်ပြီးတော့ ဆောင်ရွက်ခဲ့ရတဲ့ ကိစ္စကို ဥက္ကဋ္ဌကြီး မှတစ်ဆင့် လွှတ်တော်ကို တင်ပြချင်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်ကြီးများ သိခဲ့ကြတဲ့အတိုင်း ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့်အရေး ကော်မတီနှင့် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ကို ပထမအကြိမ် ပထမပုံမှန် အစည်းအဝေးမှာ ဖွဲ့စည်းခဲ့ပြီး ရေးရာကော်မတီ (၁၉)ခု နှင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကိုတော့ ဒုတိယပုံမှန် အစည်းအဝေးမှာ ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီဖွဲ့စည်းခြင်းမှာ ဖွဲ့စည်းလိုက်တဲ့ ကော်မတီ၊ ကော်မရှင် အဖွဲ့များသည် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂ (ဇ) အရ ပြည်ထောင်စု အဆင့်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြ သတ်မှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတို့မှာလည်း ဒီအတိုင်းပဲ အဓိပ္ပာယ်ဖွင့်ဆို ပြဋ္ဌာန်းထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် တကွ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ စတဲ့ဥပဒေများဟာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဥပဒေများနှင့် ညီစွာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌကိုယ်တိုင် လက်မှတ် ရေးထိုးပြီး ထုတ်ပြန် ပြဋ္ဌာန်း ခဲ့တာဖြစ်ပါတယ်။ ဒီကော်မတီ (၄) ရပ်နှင့်တကွ ကော်မတီ အားလုံးဟာ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်အဆင့်အတန်းအားလုံးအတူတူပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့်ရွေးချယ် ထားတဲ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌဟာ ရာထူးအလျောက် လွှတ်တော် အခွင့်အရေးကော်မတီ ဥက္ကဌဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အတွက် ပြည်ထောင်စု အဆင့်ဖြစ်တဲ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ပါဝင်တဲ့ အဖွဲ့အစည်းဟာ အလိုအလျောက် ပြည်ထောင်စု အဆင့် ဖြစ်သလို အဆင့်တူ၊ တာဝန်တူဖြစ်တဲ့ ကျန်ကော်မတီနှင့် ကော်မရှင်များဟာလည်း ပြည်ထောင်စု အဆင့်ဖြစ်တာ အငြင်းပွားစရာ မရှိပါဘူး။ ဒါကြောင့် ဒီကော်မတီ၊ ကော်ရှင် အဖွဲ့များသည် ဥပဒေအရ ရော၊ အကြောင်းအချင်းရာအရပါ ပြည်ထောင်စု အဆင့်ပဲဖြစ်တယ်ဆိုတာ အငြင်းပွားစရာ မလိုအောင် ဖြစ်ပါတယ်။ သို့သော်လည်း နိုင်ငံတော် သမ္မတရဲ့ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က ၂-၂-၂၀၁၂ ခုနှစ် နေ့စွဲဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ လွှတ်တော် အသီးသီး၏ ဥပဒေများတွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စု အဆင့် အဖွဲ့အစည်း အဓိပ္ပာယ် ဖွင့်ဆိုချက်အား ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ညီညွှတ်မှုရှိ၊ မရှိ တင်သွင်းခဲ့ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက အဆိုပါ တင်သွင်းလွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းချက် တင်သွင်းရန် ၃-၂-၂၀၁၂ ခုနှစ်နေ့စွဲဖြင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌထံ အကြောင်းကြားတဲ့ အတွက် သတ်မှတ်ရက် ၁၇-၂-၂၀၁၂ ရက်နေ့တွင် ရှင်းလင်း တင်ပြစာကို လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ကိုယ်တိုင် သွားရောက် ပေးပို့ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၄-၃-၂၀၁၂ ရက်နေ့မှာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌရဲ့ ကိုယ်စား ဒုတိယဥက္ကဋ္ဌက ကိုယ်တိုင်သွားရောက် ရှင်းလင်း တင်ပြခဲ့ပါတယ်။ ၂၈-၃-၂၀၁၂ ရက်နေ့ မှာတော့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးက စီရင် ဆုံးဖြတ်ချက် ချမှတ်တာကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တကွ ကိုယ်စားလှယ်ပေါင်း ၄၄၀ ကိုကိုယ်စားပြုပြီး ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌက တစ်နာရီ ခန့်ကြာအောင် မတ်တတ်ရပ်ပြီးနာ ခံခဲ့ရပါတယ်။ ဆုံးဖြတ်ချက် ကတော့ ကိုယ်စားလှယ်ကြီးများ သိပြီးဖြစ်တဲ့အတိုင်း လွှတ်တော် အသီးသီးရဲ့ ဥပဒေများတွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စု အဆင့်အဖွဲ့အစည်း အဓိပ္ပာယ် ဖွင့်ဆိုချက်အား နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှု မရှိဆိုတဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို တစ်နာရီလောက် ကြာအောင် မတ်တတ်ရပ် နားထောင်ခဲ့ရတာနှင့် မတန်စွာကြားနာ ခဲ့ရပါတယ်။ အဲ့ဒီအတွက် ပြည်သူ့ လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင် ပြဋ္ဌာန်းရေးမှာပါ အဟန့်အတား ဖြစ်နေခဲ့ရတာကို လည်းပဲ ကိုယ်စားလှယ်တော်ကြီးများ အားလုံး အသိပဲဖြစ်ပါတယ်။ ဒီလိုပဲ ၂၆-၄-၂၀၁၂ ရက်နေမှာ ကိုယ်စားလှယ်ပေါင်း ၂၀၀ ခန့်က နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော တာဝန် မကျေပွန် သဖြင့် လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း (၁၄) ကူးပြောင်းရေး ကာလ ပြဋ္ဌာန်းချက်များကို မလိုက်နာ သဖြင့် လည်းကောင်း စွပ်စွဲ ပြစ်တင် လိုပါကြောင်း အရေးကြီး အဆိုတစ်ရပ် တင်သွင်းခွင့်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ လွှတ်တော် အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌမှတစ်ဆင့် တင်ပြခွင့် တောင်းခံ ခဲ့ပါတယ်။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ဖြေရှင်းပေးမယ် သည်းခံကြ ပါဆိုတဲ့ အတွက် စောင့်ဆိုင်းနေခဲ့ပြီး ယခုအခါ သတင်းစာ၊ ဂျာနယ်များမှာ ကလောင်ရှင် များစွာတို့က ပြည်ထောင်စု အဆင့်နှင့် ပတ်သက်ပြီး မှားယွင်းစွာ အမျိုးမျိုး ဝေဖန်ရေးသား လာခဲ့ကြတဲ့ အပြင် အခု နောက်ဆုံး ဖွဲ့စည်းလိုက်တဲ့ ကော့မှူးမဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မယ့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်းအေးချမ်းရေး ကော်မတီကို ဖွဲ့စည်းတဲ့ အခါမှာပါ ဒီကော်မတီသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း သတ်မှတ်ခဲ့တာကို လည်းပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှု မရှိကြောင်း အင်တာနက်များမှာပါ ထပ်မံပြီး ဝေဖန် တိုက်ခိုက်လာခဲ့ ကြတဲ့အတွက် ကိုယ်စားလှယ် ၃၀၀ ကျော်တို့က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပေါ် ပြည်သူ့ လွှတ်တော် ဥပဒေပုဒ်မ ၁၃၆ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၃၄ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၂) နှင့် စွပ်စွဲပြစ်တင်ခြင်း အဆိုတင်သွင်း လိုကြောင်း လွှတ်တော် အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ မှတစ်ဆင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ထပ်မံ၍ လက်မှတ်ရေးထိုး တောင်းဆိုလာ ခဲ့ရာမှာ အခု တစ်ကြိမ်မှာလည်း ခေတ္တ စောင့်ဆိုင်းရန်နှင့် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း နှစ်သိမ့်ခဲ့ပါတယ်။ ကိုယ်စားလှယ်များ အနေနဲ့ ဥက္ကဋ္ဌကြီးရဲ့ မေတ္တာရပ်ခံချက် အတိုင်း ပထမ တစ်ကြိမ်မှာရော၊ ဒုတိယ တစ်ကြိမ်မှာပါ နားလည် လက်ခံပေးတဲ့ အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ စွပ်စွဲ ပြစ်တင်ဖို့ တင်ပြ လာတာကို ဆောင်ရွက်ရန် ဖြစ်သော်လည်း ဥက္ကဋ္ဌကြီးက ညှိနှိုင်း ဆောင်ရွက်ပေးမှာ ဖြစ်ပြီး အဆင်မပြေတဲ့ အခါကျမှ ကိုယ်စားလှယ်များရဲ့ ဆန္ဒအတိုင်း ဆောင်ရွက်ပေးရာမှာ ကျွန်တော်တို့ ထားရှိရမယ့် မေတ္တာ၊ သစ္စာ၊ ကရုဏာတရားကို လက်ကိုင်ထားပြီး ဒီအချိန်ကာလ အထိစောင့်ဆိုင်း ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဥက္ကဋ္ဌကြီးရဲ့ စေတနာ အရ စွပ်စွဲ ပြစ်တင်ခြင်း မပြုသေးဘဲ ညှိနှိုင်း အဆင်ပြေ သွားခဲ့လျှင် အကောင်းဆုံး ဖြစ်မယ်လို့ ဥက္ကဋ္ဌကြီးရဲ့ပန်ကြားမှု အတိုင်းဖြစ် မြောက်အောင် ကြိုးစားပေးပါ လို့ ကိုယ်စားလှယ်များရဲ့ကိုယ်စား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးအား မေတ္တာရပ်ခံ တင်ပြအပ်ပါတယ် ခင်ဗျား။
