ဥက္ကဋ္ဌ။ ။ အစီအစဉ် ၃၆ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှု ကော်မတီက တင်ပြဖို့ဖြစ်ပါတယ်။
ဦးမောင်မောင်သိမ်း (ရင်းနှီးမြှုပ်နှံမှု ကော်မတီ)။ ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်တို့ ဖြည့်စွက် တင်ပြချင်း ဖြစ်ပါတယ်။ နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှုများဟာ ဒီနိုင်ငံသားများနှင့် ဖက်စပ်လုပ်ကိုင်တဲ့ ကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့ ၁၀ အပိုဒ် ၂ မှာ ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းပါက နိုင်ငံခြား မတည်ငွေသည် စုစုပေါင်း ငွေကြေး၏ ၃၅ ရာခိုင်နှုန်း အနည်းဆုံး ပါဝင်ရမည်ဟု တင်ပြထားခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြည့်စွက် တင်ပြလိုတာက နိုင်ငံခြား မတည်ငွေရင်း ရာခိုင်နှုန်း အပြည့် လုပ်ကိုင်ခွင့် မရှိသော ကန့်သတ် ထားသည့် လုပ်ငန်းများတွင် ဖက်စပ်လုပ်ငန်းအဖြစ် ဖွဲ့စည်းခွင့်ရပါက နိုင်ငံခြား မတည်ငွေရင်းသည် စုစုပေါင်း မတည်ငွေရင်း အများဆုံး ၄၉ ရာခိုင်နှုန်းဖြစ်ရမည် ဟုဖြည့်စွက် ရခြင်းဖြစ်ပါတယ်။ ဆိုလိုတာက အနည်းဆုံး ၃၅ ရာခိုင်နှုန်းခွင့်ပြုပြီး အများဆုံး ၄၉ ရာခိုင်နှုန်း ကန့်သတ်ထားတဲ့အနေနဲ့ ဖြည့်စွက်ခြင်း ဖြစ်ပါတယ်။ အားလုံး ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။ ။ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့သဘောထားပြောပါ။
သူရဦးသောင်းလွင်(အတွင်းရေးမှူး၊မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)။ ။ သဘော တူပါတယ်ခင်ဗျား။
ဥက္ကဋ္ဌ။ ။ ကန့်ကွက်၊ ဆွေးနွေးရန် ရှိပါသလား။ ကန့်ကွက် ဆွေးနွေးရန် မရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ကော်မတီရဲ့အဆို အတည်ဖြစ်ကြောင်း ကြေညာပါတယ်။
