ဥပဒေကြမ်းကော်မတီမှ စာမျက်နှာ ၁၊ အပိုဒ် (၂)၊ စာမျက်နှာ ၁၊ အစီအစဉ် ၂၊ ၃ နဲ့ ပတ်သက်ပြီး ပြင်ဆင် ရေးသားမှု ရလို့ရှိရင် တင်ပြပါ။

ဥက္ကဋ္ဌ။  ။ ဥပဒေကြမ်းကော်မတီအနေနဲ့ စာမျက်နှာ ၁၊ အပိုဒ် (၂)၊ စာမျက်နှာ ၁၊ အစီအစဉ် ၂၊ ၃ နဲ့ ပတ်သက်လို့ ပြင်ဆင် ရေးသားမှု ရလို့ရှိရင် တင်ပြပါ။
ဦးတီခွန်မြတ် (ဥက္ကဋ္ဌ၊ ဥပဒေကြမ်းကော်မတီ)။      ။လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ ‌စောစောတုန်းက ဦးသိန်းညွန့် တင်ပြတဲ့ နိုင်ငံသားကိစ္စနှင့် ပတ်သက်ပြီးမှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း အပိုဒ် ၂၊ အပိုဒ်ခွဲ (ဃ)နဲ့ (င)ပါ ကိစ္စရပ်များကို ကျွန်တော်တို့ ဥပဒေကြမ်း အဖွဲ့နဲ့ ဥပဒေပညာရှင်များ အဖွဲ့ကနေပြီးမှ အပြင်မှာ လေ့လာလာပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ရရှိတဲ့အဖြေကို ဆန်းစစ် တွေ့ရှိချက်များကို ကျွန်တော်‌့အနေနဲ့ တင်ပြသွားမှာဖြစ်ပါတယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပြဋ္ဌာန်းချက်ပါ ပြဋ္ဌာန်းချက်နဲ့အညီ နိုင်ငံသား သို့မဟုတ် နိုင်ငံသားဖြစ်ခွင့်ရသူကို ရည်ညွှန်းဖော်ပြထားခြင်း ဖြစ်ပါတယ်။ ဒီဥပဒေဟာ စီးပွားရေးနဲ့ သက်ဆိုင်နေတဲ့ဥပဒေ ဖြစ်တဲ့အတွက် နိုင်ငံသားများဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များကို ရည်ညွှန်းထားခြင်းပဲဖြစ်ပါတယ်။ ပိုမိုပြည့်စုံအောင် တင်ပြပါအတိုင်း ကျွန်တော်တို့ ‌ဖော်ပြထားခြင်းပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ နိုင်ငံသားဖြစ်မှု၊ ဧည့်နိုင်ငံသား ဖြစ်မှုတို့ကို အငြင်းပွားခြင်း၊ နိုင်ငံသား ဥပဒေပြဌာန်းချက်ကို ဆန့်ကျင်ခြင်း မဟုတ်ကြောင်းလည်း တင်ပြလိုပါတယ်။ အလားတူပဲ နိုင်ငံခြားသားဟု ဆိုရာမှာလည်း နိုင်ငံခြားသား များဖြင့် ဖွဲ့စည်းထားတဲ့ စီးပွားရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များကို ဆိုလိုခြင်း ဖြစ်ဦးကြောင်း တင်ပြအပ် ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဥက္ကဋ္ဌ။  ။ ရှင်းအောင်ထပ်ပြီး မေးပါရစေ။ ဦးသိန်းညွန့် တင်ပြတဲ့ နိုင်ငံသား ဆိုတဲ့ နေရာတွင်ဆိုတဲ့ စာသားနဲ့ ဦးဝင်းသန်း (သာပေါင်း) တင်ပြတဲ့ နိုင်ငံသား ဆိုတဲ့ဆိုရာတွင် ဆိုတဲ့ဟာ ခုဏက အရန် ကော်မတီနဲ့ ဥပဒေရေးရာ ကော်မရှင်ရဲ့ ဆွေးနှေးမှုဟာ ဘယ်ဟာကို အတည် ဖြစ်စေပါသလဲ။
ဦးတီခွန်မြတ် (ဥက္ကဋ္ဌ၊ ဥပဒေကြမ်း ကော်မတီ)။  ။ ဦးဝင်းသန်းရဲ့ အဆိုကို တင်ပြခြင်း အားဖြင့် အစောတုန်း က ကျွန်တော် တင်ပြခဲ့သလို နိုင်ငံသားလို ဖော်ပြထားပေမဲ့လို့ ဒီနိုင်ငံသားလို့ ဖော်ပြထားခြင်းသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်ဆန့်ကျင်ပြီး ဖော်ပြထားခြင်း မဟုတ်ပါဘူး။ အဲဒီ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ရည်ညွှန်းပြီး ဖော်ပြထားခြင်းဖြစ်ပါတယ်။ ဒီဥပဒေဟာ စီးပွားရေးနှင့် သက်ဆိုင်တဲ့ ဥပဒေဖြစ်တဲ့အတွက် ပိုမိုပြည်စုံအောင် နိုင်ငံသားများဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ အားလုံးပြည်စုံအောင် တင်ပြထားခြင်းပဲ ဖြစ်ကြောင်း တင်ပြအပ် ပါတယ်။
ဥက္ကဋ္ဌ။  ။ ဦးသိန်းညွှန့် အခုတင်ပြချက်နဲ့ ပတ်သက် ပြီးတော့ ဆွေးနွေးဖို့ ရှိပါသလား။
ဦးသိန်းညွှန့် (သင်္ဃန်းကျွန်း မဲဆန္ဒနယ်)။  ။  ဆွေးနှေးဖို့ရှိပါတယ်  ဥက္ကဋ္ဌကြီး။ လေးစား အပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ ခုနက ဥပဒေကြမ်းကော်မတီနဲ့ ကော်မရှင်ရဲ့  တင်ပြချက်က သက်မဲ့ ဖြစ်တဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ ကုမ္မဏီတွေကို ဆိုလိုတာပါ။ ကျွန်တော်တင်ပြထားခဲ့တာက မြန်မာ  နိုင်ငံသားဥပဒေမှာက  ပြဋ္ဌာန်းထားတဲ့ အခါမှာ ရှင်းရှင်းလင်းလင်းကို ပြဋ္ဌာန်းထားပါတယ်။ ဒါက ဘာလဲဆိုတော့ ပုဒ်မ (၂) မှာ ဤဥပဒေတွင် ပါရှိသောအောက်ပါစကားရပ်များသည်  ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်။ နိုင်ငံသားဆိုသည်မှာ မြန်မာနိုင်ငံသားကို ဆိုသည်။ နိုင်ငံခြားသား ဆိုသည်မှာ နိုင်ငံသား မဟုတ်သူ သို့မဟုတ် ဧည့်နိုင်ငံသား မဟုတ်သော သူသို့မဟုတ် နိုင်ငံသား ဖြစ်ခွင့် မရသောသူ ကိုဆိုလိုသည်။ အဲတော့ ဥပဒေအရ ရှင်းရှင်းလင်းလင်း ပြထားတဲ့ အတိုင်းကို ဒီဟာ စီးပွားရေး ဥပဒေဆိုလို့ ရှိရင် နည်းဥပဒေမှာ ထည့်လိုက်ပါ။ နည်းဥပဒေမှာ ထည့်လိုက်ရင် ဒါသက်ရှိမှာ ပြဌာန်း ထားတာနဲ့ သက်မဲ့မှာ ပြဋ္ဌာန်း ထားတာနဲ့ ကွဲသွားပါမယ်။ ပြီးတော့ ကျွန်တော်တို့ မူလနိုင်ငံသား ဥပဒေရဲ့ ခိုင်မာမှုကိုလည်း ပိုပြီးတော့ ကျွန်တော်တို့ ထိန်းသိမ်းရာကျမယ်။ နောက် ခုနက စောစောက ပြောတဲ့အတိုင်း ဥပဒေချင်း ပဋိပက္ခ မပေါ်ပေါက်ပါဘူး။ ယနေ့ မြန်မာနိုင်ငံသား ဥပဒေဆိုတာ နိုင်ငံသားဆိုတာ နိုင်ငံသား ဥပဒေမှာ ဒီလိုဆိုပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ ဒီလို ဆိုပါတယ် ဆိုပြီးတော့ အဓိပ္ပာယ် နှစ်မျိုး သက်ရောက်သွားပါတယ်။ အဲဒါကြောင့် နည်းဥပဒေမှာ ထည်‌့ရင်ရော ဘာဖြစ်သလဲ။ သက်မဲ့ သတ္တဝါတွေကို ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက သက်မဲ့ သတ္တဝါတွေပါ။ အဲဒါတွေကို စီးပွားရေး အမြင်တစ်ခုတည်းနဲ့ ကြည့်ပြီး လုပ်မယ်ဆိုရင်တောင် နည်းဥပဒေမှာပဲ ထည့်သင့်ပါတယ်။ ကျန်တာကတော့ အစောပိုင်း ကျွန်တော် တင်ပြထားတဲ့ ဟာတွေက မြန်မာနိုင်ငံသားဥပဒေအရ ပုဒ်မ ၂ ပါ ဖွင်‌့ဆိုချက် ပြဋ္ဌာန်းချက်ကို လေးစားလိုက်နာရမယ်လို့ ယုံကြည်တဲ့အတွက် ကျွန်တော်ကတော့ မူလ ဒီအပိုဒ်တွေကို နည်းဥပဒေပ ဲဖြုတ်ပါလို့ ထပ်မံ တင်ပြပါတယ် ဥက္ကဋ္ဌကြီးခင်ဗျား။
ဥက္ကဋ္ဌ။  ။ ဒါကြောင့် စာမျက်နှာ ၁ အမှတ်စဉ် ၂ နှင့် ၃ အား လွှတ်တော်ရဲ့ ပြင်ပမှာ ဦးသိန်းညွန့်၊ ဥပဒေကြမ်း ကော်မတီ၊ ဥပဒေကော်မရှင် ဆွေးနွေးပြီးတော့ ညှိနှိုင်းဖြေလို့ ရတဲ့ဟာကို မနက်ဖြန်မှာ တင်ပြဖို့ ဖြစ်ပါတယ်။
 

Standard (Image)