NGO များ ဖွဲ့စည်းရေးအတွက် ခေတ်နှင့်လျော်ညီသော NGO များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရေး အဆိုအား ဦးစတီဖန် (ကျိုင်းတုံ မဲဆန္ဒနယ်) မှ ဆွေးနွေးခြင်း

ဦးစတီဖန် (ကျိုင်းတုံ မဲဆန္ဒနယ်)။          ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံ ပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်ဂါရဝပြုအပ် ပါတယ်။ ကျွန်တော်ကတော့ ကျိုင်းတုံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန် ဖြစ် ပါတယ်။ ကျွန်တော့အနေနဲ့ ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးရဲ့ ၁၇ ရက်မြောက်နေ့မှာ သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် အဆို တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုကာလတွင် နိုင်ငံတော် သမ္မတက အရပ်ဖက် လူမှု အဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် မိန့်ကြားခဲ့ပြီးဖြစ်၍ အရပ်ဖက် လူ့အဖွဲ့အစည်းတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်း NGO များ ဖွဲ့စည်းရေးအတွက် ခေတ်နှင့်လျော်ညီသော အစိုးရ မဟုတ်သော လူ့အဖွဲ့အစည်းများ၊ NGO များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရန် နိုင်ငံတော်အစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်းအဆိုကို အပြုသဘောဖြင်‌့ အကြောင်းပြ ချက်များနဲ့ ဆွေးနွေး တင်ပြမှာ ဖြစ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော့်အနေနဲ့ သုံးသပ်မိတာက အသင်းအဖွဲ့များမှတ်ပုံတင်ခြင်း ဥပဒေအမှတ် ၆၊ ၈၈ ပြဌာန်းပြီးဖြစ်တဲ့အတွက် ထပ်မံ၍ဥပဒေတစ်ရပ်ပြဌာန်းရန်မဟုတ်ဘဲ ဥပဒေပြဌာန်းချက်ပါ အားသာ ချက်၊ အားနည်းချက်ကို အကြောင်းပြုပြီး ပြင်ဆင်သင်‌့တဲ့အပိုင်းကို ပြင်ဆင်နိုင်ရန် အပြုသဘောနဲ့ ဆွေးနွေးတင်ပြလိုခြင်းဖြစ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဟာ ၁၉၈၈ ခုနှစ်မှာ ဥပဒေ ၁၁ ခု၊ နည်းဥပဒေ ၁ ခု၊ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ၃ ခု၊ အမိန့် ၉ ခု၊ ကြေညာချက်များ ၈ ခု ပြဌာန်းထုတ်ပြန်ခဲ့ပါတယ်။ ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွန့် တင်သွင်းလိုတဲ့ အဆိုဟာ ဥပဒေ အမှတ် ၆၊ ၈၈ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့် သက်ဆိုင်နေကြောင်း ‌လေ့လာသုံး သပ်မိပါတယ်။

ကျွန်တော်‌့ရဲ့ရှေ့က ဆွေးနွေးသွားတဲ့ ကိုယ်စားလှယ်အချို့လည်း ဒီအချက်နဲ့ ပတ်သက်ပြီး ထောက်ပြခဲ့ပြီး ဖြစ်ပါတယ်ခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၅ မှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကို လည်းကောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက် ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်လို့ အတိအလင်း ပြဌာန်းထား သည့်အတွက် နိုင်ငံတော်အစိုးရဟာ ဥပဒေအမှတ် ၆၊ ၈၈ ကို ဆက်ခံသူဖြစ်ကြောင်း ငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဥပဒေပြုရေး အာဏာကို ရရှိထားသူ ကျွန်တော်တို့ ကိုယ်စားလှယ်များဟာ လည်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီတို့ရဲ့ ဆောင်ရွက်ချက်များကို ဆက်ခံသူများဖြစ်ကြတာ ငြင်းနိုင်မယ်မဟုတ်ပါဘူး ခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၆ တွင် တည်ဆဲ ဥပဒေများသည် ပြည်ထောင်စုလွှတ်တော် က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည် ဖြစ်သည်ဟု ပြဌာန်းထားချက်အရ ဥပဒေအမှတ် ၆၊ ၈၈ ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင် ကြောင်း ဘယ်သူကမှ သက်သေပြနိုင်ခြင်းမရှိလို့ ပြည်ထောင်စုလွှတ်တော်ကလည်း ပယ်ဖျက်ထား ခြင်းမရှိသေးပါဘူး။ ဒါကြောင့်မို့လို့ ဥပဒေအမှတ် ၆၊ ၈၈ ဟာ ယနေ့တိုင် အတည်ဖြစ်လျက်ရှိပါ တယ်ခင်ဗျာ။ ဒါကြောင့် အကြောင်းအချင်း အရာတစ်ခုတည်းနဲ့ စပ်ဆိုင်ပြီး ပြဌာန်းဥပဒေရှိလျက်နဲ့ နောက်ထပ်ပြီးတော့ ဥပဒေအသစ်တစ်ရပ် ပြဌာန်းလို့ မရပါဘူး။ ဥပဒေနှစ်ခုဟာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေမှာဖြစ်လို့ ပဋိပက္ခဖြစ်စေနိုင်ပါတယ်။ မည်သို့မှ ကျင့်သုံးနိုင်မှာ မဟုတ်ပါလို့ ကျွန်တော်‌့ အနေနဲ့ သုံးသပ်မိပါတယ်ခင်ဗျာ။

NGO များဖွဲ့စည်ခြင်းဟာ ကောင်းသော ရည်ရွယ်ချက်ရှိတဲ့အ တွက် အလေးထား လက်ခံရမှာဖြစ်ပါတယ်။ ကိုယ်စား လှယ်တော်ကြီးများ ကလည်း ရှုထောင့်အမျိုး မျိုးနဲ့ အားပါးတရဆွေးနွေးသွားကြတာ အားရ ဝမ်းသာဖြစ် ရပါတယ်ခင်ဗျာ။ ဒါပေမယ့် မူလ ဥပဒေ ပြဌာန်းပြီး အတည်ဖြစ်လျက်ရှိနေချိန်မှာ ဥပဒေအသစ် ထပ်မံ ပြဌာန်းခြင်းကတော့ မဖြစ်နိုင်တဲ့ အတွက် ဝမ်းနည်းစရာပါပဲ။ အသစ်ပြဌာန်းချက် မပြုနိုင်ပေမယ့် အားနည်းချက်များ၊ မှားယွင်းချက် များကို ရှာဖွေဖော်ထုတ်ပြီး မူလရှိပြီးသား ဥပဒေအမှတ် ၆၊ ၈၈ ကို ပြင်ဆင်ဖြည့်စွက်ပြဌာန်းလိုက် မယ်ဆိုရင် နိုင်ငံနဲ့ နိုင်ငံသားများအတွက် များစွာ အကျိုးရှိလာမယ်ဆိုတာကို ကျွန်တော်‌့အနေနဲ့ ယုံကြည်မိပါတယ်ခင်ဗျာ။ တံခါးဖွင့်ရင် လေကောင်း လေသန့် ဝင်လာနိုင်သလို အဆိပ်သင့်တဲ့ လေလည်းဝင်လာနိုင်ပါတယ်။ ဆိုလိုတာက အကျိုးအပြစ် နှစ်မျိုးလုံး တပြိုင်နက်ရရှိမှာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ လူတစ်စုကိုသာ အကျိုးပြုပြီး နိုင်ငံနှင့် နိုင်ငံသားများ၊ အများပြည်သူများ အကျိုးယုတ်စေမယ်ဆိုရင် နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိပါးလာမှာဖြစ်လို့ စိုးရိမ်စရာဖြစ်မိပါတယ်ခင်ဗျား။ ဒါ့အပြင် အသင်အဖွဲ့ ဖွဲ့စည်းခြင်းကို အကြောင်းပြုပြီး နိုင်ငံရေးကို ခုတုံးလုပ်မှာကိုလည်း မလိုလားအပ်ပါဘူးခင်ဗျား။ ဘယ်လိုအမြတ်ထုတ် သလဲဆိုတာကို သာဓကတစ်ခုနှင့် တြင်ပလိုပါတယ်။ မကြာသေးမှီက အိန္ဒိယနိုင်ငံမှာ ရုရှနှင့်ဖက်စပ်လုပ်တဲ့ လျှပ်စစ်လုပ်ငန်းတစ်ခုမှာ ဒေသခံများ ဆန္ဒပြကြောင်းနဲ့ အဲသလိုဆန္ဒပြဖို့နောက်ကွယ်မှာ NGO နှစ်ဖွဲ့က ငွေပေးပြီး ခိုင်းစေတယ်လိုကြားမိတဲ့အတွက် ဒီလိုဆူပူလှုံဆောင်မှုဖြစ်အောင် ထောင်ပံမှုမျိုး နိုင်ငံရေး အမြတ်ထုပ်မှာကိုလည်း စိုးရိမ်မိပါတယ် ခင်ဗျား။

ဒါကြောင့် ဥပဒေအမှတ်  ၆၊ ၈၈ ကိုပြင်ဆင်မယ်ဖြည့်စွက်မယ်ဆိုရင် အထူးဂရုစိုက်ဖို့လိုမှာဖြစ်ပါတယ်။ ကျွန်တော် အကြံပြုလိုတာက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ ဆန်းစစ်လေ့လာ သုံးသပ်ရေး ကော်မရှင်နှင့် ဥပဒေကျွမ်းကျင်သူများက အထူး လေ့လာပြီးတော့ ဥပဒေအမှတ် ၆၊ ၈၈ ကိုပြင်ဆင်ခြင်း ဖြည့်စွက်ခြင်းပြုသင့်ပါတယ်လို့ အကြံပြုဆွေးနွေး တင်ပြလိုပါ တယ်ခင်ဗျား။ ကျွန်တော့် အနေနှင့် လေ့လာမိသလောက် ဥပဒေမှတ် ၆၊ ၈၈ မှာ မှတ်ပုံတြင်ခင်း သိန်းချီ ပေးရမယ်လို့ မသိရှိရပါဘူး။ တောင်းသူရဲ့ တာဝန်သာဖြစ်တယ်လို့ ယူဆမိပါတယ်။ ထို့အပြင် တစ်ချို့ ဘာသာရေး အသင်းအဖွဲ့များ မှတ်ပုံတင်ခွင့် မရခြင်းဟာလည်း ဘာသာ သာသနာရေးသက်သက် လုပ်ဆောင်တဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခွင့် လျှောက်ထားစရာမလိုပါဘူး။ ထို့အတူ NGO များစီးပွားရေး သက်သက်ကိုသာ လုပ်ကိုင် ဆောင်ရွက်မယ်ဆိုရင် အသင်းအဖွဲ့ဖြစ်မယ်ဆိုရင် မှတ်ပုံတင်စရာမလိုပါဘူး။ မှတ်ပုံတင်မခြင်း ဖြစ်တယ်လို့ကျွန်တော့်အနေနှင့်ယူဆမိပါတယ်။ အချို့သောကိစ္စရပ်များဖြစ်တဲ့ မှတ်ပုံတင်ရရန် ခက်ခဲခြင်း၊ ကြံ့ကြာခြင်း၊ ငွေကုန်ကြေးကျများခြင်း ကိစ္စများကိုလည်း ပြုပြင်သင့်လျှင် ပြုပြင်ဖို့လိုကြောင်း ကျွန်တော့် အနေနှင့် လက်ခံမိပါတယ်ခင်ဗျား ဒါကြောင့် အစိုးရမဟုတ်သော NGO များ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေအတွက် ရှိပြီးသား ဥပဒေအမှတ် ၆၊ ၈၈ ကို ပြန်လည် ပြင်ဆင်သင့်ကြောင်း ဤလွှတ်တော်မှ တိုက်တွန်းသည့် အဆိုဖြစ်သင့်သည် ဟုအကြုံပြု ဆွေးနွေး တင်ပြအပ်ပါသည်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Standard (Image)