NGO များ ဖွဲ့စည်းရေး၊ ခေတ်နှင့် လျော်ညီသော NGO များ၏ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော် အစိုးရအား လွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုကို ဒေါ်ဖြူဖြူသင်း (မင်္ဂလာတောင်ညွန့်)မှ ဆွေးနွေး

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ အားလုံး မင်္ဂလာပါ။ ကျွန်မကတော့ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ သင်္ဃန်းကျွန်း မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းသွားတဲ့ အဆိုကို တင်ပြ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီလို တင်ပြရာမှာ ကျွန်မတို့ အတွေ့အကြုံများပေါ် မူတည်ပြီးတော့မှ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ကျွန်မ တို့နိုင်ငံမှာ အခုအခါ နိုင်ငံတကာ ကနေပြီးတော့ ဝင်ရောက်လာတဲ့ INGO များနဲ့ ချိတ်ဆက် ဆောင်ရွက်နေတဲ့ Local NGO များ၊ တစ်နိုင်တစ်ပိုင် စေတနာရှင်များနဲ့ လူထုအ‌ခြေပြု ဖွဲ့စည်း ဆောင် ရွက်နေတဲ့ အဖွဲ့များ၊ ကုသိုလ်ဖြင့် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများနဲ့ လိုအပ်တဲ့ အခါများမှာ အရေးပေါ် ကူညီကယ်ဆည်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ လူမှု အဖွဲ့အစည်းများ အသွင်အမျိုး နဲ့ ဆောင်ရွက် လာကြတာကို တွေ့ရပါတယ်။ ကျွန်မတို့ လူမှု အဖွဲ့အစည်းမှာ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံ အရကိုပဲ ဝါတွင်း ဆွမ်းလောင်း အသင်းလို၊ ဥပသကာအဖွဲ့လို ကုသိုလ်ဖြင့် ဆောင်ရွက် လာခဲ့ကြတဲ့ အစဉ်အလာလည်း ရှိပြီး ဖြစ်ပါတယ်။ ဘာသာရေးနဲ့ ကုသိုလ်ရေး လုပ်ငန်းအဖြစ် ဆောင်ရွက်ကြတဲ့ အဖွဲ့အစည်း ငယ်တွေ အများအပြားဟာ လူမှု အဖွဲ့အစည်း CSO အဖြစ်နဲ့ အသားတကျ ဆောင်ရွက် လာခဲ့ကြပါတယ်။ အခုအခါမှာ ခေတ်စနစ် အရွှေ့အပြောင်းနဲ့ အတူ အထက်မှာ တင်ပြခဲ့တဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း NGO များရယ်လို့ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း ဆောင်ရွက်လာကြတာ တွေ့ရပါတယ်။ အဲဒီအခါမှာ အများစုရဲ့ စိတ်ဝင်စားမှုနဲ့ လုပ်ဆောင်တဲ့ လုပ်ငန်း စီမံချက်များအလိုက် ပြည်တွင်းပြည်ပတို့မှ စိတ်ဝင်တစား ကူညီပူးပေါင်း ဆောင်ရွက် လာတာတွေ တွေ့နေရပါတယ်။

ဥက္ကဋ္ဌကြီးရှင့်။ အဲဒီအခါမှာ ငွေကြေးဆိုင်ရာ ဆက်နွယ်မှုတွေ ပါလာပါတယ်။ ဒီနေရာကစလို့ အကောင်းအဆိုး ယှဉ်တွဲဖြစ်ပေါ်မှုတွေ လက်တွေ့မှာ တွေ့လာကြပါတယ်။ ကောင်းကျိုးများအနေနဲ့ ကတော့ အမြင့်ဆုံး အနေနဲ့ကတော့ အစိုးရများကိုယ်တိုင် အလျင်အမြန် ဆောင်ရွက်နိုင်မှု မရှိတဲ့ ကိစ္စများ၊ အလှမ်းကွာဝေးတဲ့ ဒေသများ၊ အ‌ခြေခံ လူထု လူတန်းစားထဲမှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်များကို လျင်လျင်မြန်မြန် ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ အကျိုးတရားတွေ ရရှိပါတယ်။ အချို့သော လူမှု ကယ်ဆယ်ရေးများမှာ NGO များရဲ့ ဖြည့်ဆည်း ဆောင်ရွက်မှု တန်ဖိုးမှာ ငွေကြေးပမာဏ အားဖြင့်ပဲ ထိုက်ထိုက်တန်တန် ဖြည့်ဆည်း ဆောင်ရွက် ပေးတာတွေ တွေ့ရပါတယ်။ အစိုးရ အဖွဲ့အစည်းနဲ့ ပြည်သူများ အကြား၊ အဖွဲ့အစည်းများ အသီးသီးနဲ့ ပြည်သူများ အကြား လိုအပ်သလို ပေါင်းကူး ချိတ်ဆက် ဆောင်ရွက်ပေး နိုင်တာတွေလည်း  ရှိရပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် နိုင်ငံတော်ရဲ့ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှု လျှော့ချရေး၊ သဘာဝ ပတ်ဝန်းကျင် အရေးနဲ့ နိုင်ငံသားတိုင်း ရသင်‌့ရထိုက်တဲ့ အခွင့်အရေးများကို ဥပဒေနည်းလမ်း စည်းကမ်းတကျ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်တာတွေ၊ အခြေခံ လူမှု အဖွဲ့အစည်း ရဲ့ စွမ်းရည် မြှင့်တင်ရေးတွေကို တစ်ဖက် တစ်လမ်းမှ ကူညီ ထောက်ပံ့ ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါတယ်။ တစ်ပြိုင်နက် တည်းမှာပဲ ချိတ်ဆက်မှု အားနည်းပြီး ထင်သာမြင်သာ မရှိတဲ့ အ‌ခြေအနေမျိုးရဲ့ အောက်မှာ ငွေကြေး အခွင်‌့ အရေးကို အလွဲ သုံးစားလုပ်တာတွေ၊ ပြည်တွင်းပြည်ပ လှူဒါန်းမှုများဟာ မူလ ရည်ရွယ်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ လုပ်ငန်းများဆီကို ရာခိုင်နှုန်း နည်းနည်း သာရောက်ပြီး ဆောင်ရွက် နေသူများရဲ့ ဝန်ဆောင် ခစရိတ်များမှာ လိုတာထက် ပိုမိုအသုံးပြုပြီး NGO အဖွဲ့အစည်းများရဲ့ ဝန်ဆောင်စရိတ်များနဲ့ အများဆုံးဖြုန်း ဖြစ်နေတဲ့ အ‌ခြေအနေ ကိုလည်း တွေ့နေရပါတယ်။ အတွေ့အကြုံအရ သဘာဝ ဘေးဒဏ် ကြီးကြီးမားမား ထိခိုက်ခံရတဲ့ အ‌ခြေအနေနဲ့ ဒေသတွေမှာ NGO အဖွဲ့အသီးသီး ဝင်ရောက် လာတာတွေကြောင့် ဒေသလူမှုစီးပွား ညီမျှ ခြေပျက်သွားတာတွေ ကိုတောင် တွေ့ထားရပါတယ်။ ဥပမာ အနေနဲ့ ပြောရမယ်ဆိုရင် မြစ်ဝကျွန်းပေါ်ရဲ့ နာဂစ်ဘေး၊ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ဂီရိဘေးတို့ကို ‌မြောက်မြားစွာသော NGO များ သွားရောက် ကူညီကြရင်း အထူးသဖြင့် ငွေကြေး တောင့်တင်းတဲ့ INGO များ သွားရောက် အခြေချပြီး ရပ်‌ခြေလများ ဆောင်ရွက်တဲ့ နေရာမှာ ဒေပေါက် ဈေးအားဖြင့် အဆပေါင်းများစွာ မြင့်မားတဲ့ ငှားရမ်းခတွေ၊ အသုံးပြုတာမျိုးတွေ မော်တော်ယာဉ်၊ ရေယာဉ် စတာတွေကို မြင့်မားတဲ့ ငှားရမ်းခတွေ၊ နှုန်းတွေနဲ့ အသုံးချတာ တွေကြောင့် ဒေသခံ လူမှုစီးပွားရေး ညီမျှခြေ ပျက်ယွင်းသွားတဲ့ ဆိုးကျိုးတွေကို စီမံကိန်းတွေ ပေးသွားတဲ့ နောက်မှာ ဒေသခံများအဖို့ မရှူနိုင် မကယ်နိုင် ခံစားနေကြရတာကို လည်းပဲ တွေ့လာရပါတယ်။

ဥက္ကဋ္ဌကြီးရှင့်။ အဲဒီလို ကောင်းကျိုးနဲ့ ယှဉ်တွဲလာတဲ့ ဆိုးပြစ်များ ဘာကြောင့် ဖြစ်လာရသလဲလို့ စဉ်းစားကြည့်တဲ့ အခါမှာ ပထမဆုံး အချက်အနေနဲ့ ယခင်အစိုးရ လက်ထက်မှာ လွှမ်းမိုးကန့်သတ် ထိန်းချုပ်မှုတွေ များလွန်းပြီးတော့ လိုရင်လိုသလို မလိုရင် မလိုသလို ခွင့်ပြုခြင်း၊ ပိတ်ပင်ခြင်းတွေကို စီမံခန့်ခွဲမှု အခွင့်အာဏာ အရှန်အဝါ သုံးလာတွေရှိတဲ့ အတွက်ကြောင့် အာဏာပိုင် အဖွဲ့အစည်းများနဲ့ အဆင်ပြေအောင် အပေးအယူလုပ်ပြီး ကိုယ်ကျိုးရှာမှုတွေ ဖြစ်ထွန်း လာတာ အများဆုံး တွေ့ခဲ့ရပါတယ်။ မူလအားဖြင့် သဘောရိုးဖြင့် ကူညီ ဆောင်ရွက်ရာမှာပင် ခက်ခဲ ကြပ်တည်းအောင် ဟန့်တားပြီး အပေးအကမ်းရှိပါမှ အဆင်ပြေပြေ လုပ်ကိုင်ရတာမျိုးတွေ ရှိပါတယ်။ တစ်ခါတရံမှာ လူသားချင်းစာနာတဲ့ အကူအညီနဲ့ ရေရှားပါးလို့ သွားရောက် ပေးဝေတာမှာတောင် အဖွဲ့အစည်း တစ်ခုခုရဲ့ အမည်တို့၊ အလံတို့ သုံးစွဲမှ ဝင်ခွင့် ဝေခွင့်ပေးတာ မျိုးတွေလည်း ကြုံခဲ့ရပါ တယ်။ ဒုတိယ အကြောင်း အနေနဲ့ကတော့ ပွင့်လင်း ရိုးရှင်းစွာ ဆောင်ရွက်ခွင့် မရတဲ့ နောက်ဆက်တွဲ အကျိုးဆက် အနေအထားနဲ့ မလိုလားအပ်တဲ့ အလွဲသုံးစားမှုတွေ ပေါ်ပေါက်လာရပါတယ်။ ဘယ်သူတွေက ဘယ်သူတွေအတွက် ဘယ်လောက် ဆောင်ရွက်နေသလဲဆိုတာ မူလ ရည်မှန်းချက်ပါ အကူအညီ ရရန် လိုအပ်တဲ့လူတွေက ဘယ်လောက်အထိ ရထိုက်ရခွင့်ရှိတယ်ဆိုတဲ့ အခြေအနေတွေ မသိတဲ့အခါမှာ အလှူရှင်များရဲ့ ငွေကြေး အလွဲသုံးစားမှုတွေ၊ အလှူရှင်တွေရဲ့ ပစ္စည်းတွေဟာ ဈေးကွက်ထဲကို ရောက်သွားကြတာ တွေဟာလည်း ကျွန်မတို့ ရင်ဆိုင်ခဲ့ရပါတယ်။ တတိယအကြောင်း အနေနဲ့ကတော့ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းခြင်း၊ ဆင်းရဲ နွမ်းပါးမှုနှုန်း မြင့်မားလွန်း ခြင်းစတဲ့ အ‌ခြေအနေတွေရဲ့ အောက်မှာ နိုင်ငံတကာ ပူးပေါင်း ကူညီဆောင်ရွက်မှု လူမှုအဖွဲ့အစည်း များရဲ့ အရှိန်အဟုန်နဲ့ ဖြစ်ထွန်းလာတဲ့ အပေါ်မှာ စီးပွားရေး အခွင့်အလမ်း တစ်ရပ်အဖြစ် အခွင်‌့မရေး ဖော်ဆောင် လိုသူများ ပေါ်ပင် စီးပွားရေးအဖြစ် ဝင်ရောက် လာတာတွေကြောင့်လည်း ဒီလို ဆိုးကျိုးတွေ ပေါ်ပေါက်လာတာလို့ သတ်မှတ်နိုင်ပါတယ်။ ဒီအခါမှာ NGO များရဲ့ မူလ ရည်ရွယ်ချက်က လွဲချော် သွားတာတွေ၊ လမ်းကြောင်း ပြောင်းသွားတာတွေ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ NGO များရဲ့ ကောင်းကျိုးတွေ များများဖြစ်ထွန်းပြီး အားနည်းချက်တွေ နည်းပါးနိုင်ဖို့အတွက် (၁) လွတ်လပ်မှုနှင့် ပွင့်လင်း မြင်သာမှုရှိအောင် ဆောင်ရွက်ခွင့်ရရှိရေး၊ (၂) တာဝန်ယူမှု တာဝန်ခံမှု ပီပြင်စေမယ့် ဥပဒေ နည်းလမ်း တကျ ဆောင်ရွက်နိုင်ခွင့် ရရှိရေး၊ (၃) NGO တစ်ဖွဲ့ချင်းရဲ့ မူလ ရည်မှန်းချက်များ အတိုင်း ဖြောင့်မှန်စွာ ဆောင်ရွက်နေခြင်း ဟုတ်၊ မဟုတ် စိစစ် တိုင်းတာနိုင်ရေး၊ (၄) မွန်မြတ်တဲ့ စိတ်ရင်းစေတနာ နဲ့ ဆောင်ရွက်မယ့် NGO များအား ကောင်းယှဉ်သန် ဖွံ့ဖြိုးအောင် ပံ့ပိုးကူညီ ဆောင်ရွက်ပေးရေး ဆိုတာတွေ လိုအပ်လာပါတယ်။ ဒီလို ဖြစ်နိုင်ဖို့ဆိုရင် ခေတ်နဲ့လျော်ညီတဲ့ ဥပဒေတစ်ရပ် အရိပ်အမိုး အကာအကွယ် ရှိအောင် ဖန်တီးပေးဖို့ မလွဲမသွေ လိုအပ်ပါတယ်။ ချုပ်ချယ်ဟန့်တား စည်းကမ်းတကျ ရှင်သန် ဖွံ့ဖြိုး ဆောင်ရွက်နိုင်ခြင်းဟာ အနှစ်သာရ အားဖြင့် အလွန်ပဲ ကွာခြားပါတယ်။ ဒါကြောင့် ခေတ်နဲ့လျော်ညီတဲ့ ဥပဒေဆိုတာ စည်းကမ်းတစ်ကျ ဆောင်ရွက်နိုင်ခွင့် အခွင့်အလမ်းကို ဖြစ်ထွန်းစေတဲ့ ဥပဒေမျိုး ဖြစ်ဖို့ လိုအပ်တာကို သတိချပ်သင်‌့တယ်လို့ အကြံပြုတင်ပြလိုပါတယ်။ အရပ်လူမှု အဖွဲ့အစည်းများနဲ့ NGO အဖွဲ့အစည်းများ အားကောင်း ရှင်သန်လာတာနဲ့ အမျှ အစိုးရများရဲ့ ကောင်းမွန်တဲ့အုပ်ချုပ်မှုကို အားဖြည်‌့ ကူညီနိုင်မှာဖြစ်သလို ဒီကနေ့ ပြည်သူ တစ်ရပ်လုံး လိုလား တောင်းတတဲ့ ပီပြင်တဲ့ ဒီမျိုးကရေစီ အခွင့်အရေးများနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို အချိုးညီညီ တိုးတက် ရရှိစေမှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် NGO အဖွဲ့များ စည်းကမ်း တကျရှင်သန် ဆောင်ရွက်နိုင်မယ့် ဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းသင်‌့ ပါကြောင်း ထောက်ခံဆွေးနွေး အပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

Standard (Image)