ဒေါက်တာ ဇော်မြင့်မောင် (ကျောက်ပန်းတောင်း မဲဆန္ဒနယ်)။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ရှေ့ကလည်း လွှတ်တော် ကိုယ်စားလှယ်များ အားတက်သရော ဆွေးနွေးသွားခဲ့ကြ ပြီးဖြစ်ပါတယ်။ ဆွေးနွေးသွားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပဏာမ ပြောကြား လိုတာကတော့ ဆွေးနွေး သွားတဲ့ အရာတွေအားလုံးကို သဘောမတူစရာ မရှိပါဘူး။
လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ တစ်တွေ NGO တွေ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။ ဒီအရှိတရားကို ကျွန်တော်တို့ တစ်တွေ ရှောင်လွှဲလို့လည်း မရတော့ပါဘူး။ အဲ့တော့ NGO တွေ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ ဆိုတဲ့ အဓိပ္ပာယ်ကို စတင်ဖွင့်လှစ်ဖို့ လိုပါတယ်။ ဒီ NGO ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က နိုင်ငံတကာမှာ ဘုံသဘော တူညီထားတာ မရှိပါဘူး။ ယေဘုယျပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ဒီ NGO ရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုမှကိုဖြစ်မှာ။ ယေဘုယျ အားဖြင့် NGO ဆိုတာ Non Government အစိုးရမသက်ဆိုင်ဘူး။ ဝင် မစွက်ဖက်ဘူး။ Non Profit အမြတ်မယူတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ လုပ်တဲ့ သူတွေဟာ စေတနာနဲ့ လုပ်တဲ့အတွက် Voluntary ဖြစ်ပါတယ်။ Voluntary Sector ဖြစ်ပါတယ်။ ဒီသုံးချက်ဟာ ယေဘုယျ လက်သင့်ခံ ထားတာပါ။ ဒါပေမယ့် NGO တိုင်း ဒီစံနှုန်းတွေနဲ့ ကိုက်ညီ သလားဆိုတော့ မကိုက်ညီပါဘူး။ တချို့ NGO တွေဟာ အစိုးရက နောက်ခံပြုပါတယ်။ အဲ့ဒါကို GONGO Government Backer NGO လို့ခေါ်ပါတယ်။ သူတို့က အစိုးရရဲ့ ဝါဒဖြန့်ချီရေး လုပ်ငန်းများ လုပ်ပါတယ်။ တခြား အကျိုးရှိမယ့် လုပ်ငန်းများကို လုပ်ပါတယ်။ ဒါလည်းရှိမှာပဲ နိုင်ငံတိုင်း မှာရှိတယ်။ ဒါကို အသိအမှတ်ပြုရမယ်။ ဒါပေမယ့် တချို့က ကျတော့လည်း အမြတ်ယူတဲ့ လုပ်ငန်းလေးတွေ ရှိပါတယ်။ ဒီတော့ ကျွန်တော်တို့ တစ်တွေ NGO နှင့်ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ အဓိပ္ပာယ်ဖွင့် ဆိုရမှာဖြစ်ပါတယ်။ ဒီလိုအဓိပ္ပာယ် ဖွင့်ဆိုဖို့ဆိုရင် နိုင်ငံတကာမှာ NGO ကို ယေဘုယျ အားဖြင့် ဖွင့်ထားတာလေး နှစ်ပိုင်းရှိပါတယ်။ နှစ်မျိုးရှိပါတယ်။ ဥပမာ- လုပ်ငန်း ရည်ရွယ်ချက်ပေါ်မှာ မူတည်ပြီးတော့ NGO တွေကို ဖွဲ့ထားတာရှိပါတယ်။ (၁) က ဘာလဲ ဆိုလို့ရှိရင် ကျွန်တော်တို့ တစ်တွေ Services ဆိုတဲ့ ဝန်ဆောင်မှုတွေ ပေးပါတယ်။ ကျန်းမာရေး ဝန်ဆောင်မှု ပေးပါတယ်။ ပညာရေး ဝန်ဆောင်မှု ပေးပါတယ်။ လူထု လိုအပ်တဲ့ဟာတွေကို ပေးပါတယ်။ နောက် လူတွေကို ကိုယ့်အားကိုယ်ကိုး တတ်လာအောင် ငွေပေးတယ်။ မြေပေးတယ်။ လိုအပ်တာတွေ ပေးပြီးတော့ ကိုယ့်ဘဝကိုယ် ထူထောင်အောင်လို့ လုပ်တဲ့ ဟာတွေရှိပါတယ်။ နောက်ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်တဲ့အဖွဲ့တွေရှိပါတယ်။ တစ်နည်းအားဖြင့် Refuse လို့လည်း ခေါ်ပါတယ်။ လိုအပ်တဲ့ဆေးဝါး၊ အဝတ်အထည် အကူအညီပေးတဲ့ အဖွဲ့တွေရှိပါတယ်။ နောက်ဆုံးတစ်ခုက In Powering လို့ခေါ်တဲ့ စွမ်းရည်တွေ၊ စွမ်းအားတွေမြှင့်တင်ပေးတဲ့ NGO တွေရှိပါတယ်။ ဒါသူတို့ရဲ့ လုပ်ငန်း ရည်ရွယ် ချက်ပေါ် မူတည်ပြီးတော့ ခွဲခြားတာပါ။ ကျွန်တော်တို့ ဒါလေးတွေ သိထားရမှာ ဖြစ်ပါတယ်။ ဒုတိယ ကတော့ ဘယ်အဆင့်၊ ဘယ်အတိုင်းအတာ အထိ လုပ်နိုင်သလဲ အပေါ်မူတည်ပြီးတော့ ခွဲခြားပါတယ်။ CBO (Community Base Organization) လို့ခေါ်တဲ့ CBO ဆိုတာရှိပါတယ်။ အရေးကြီးပါတယ်။ အဲ့ဒါ ကျွန်တော်တို့ နိုင်ငံမှာ CBO တွေပါ။ လူထုကို အခြေခံပြုပြီးတော့မှ ဖွဲ့ထားတဲ့ဟာတွေ အများကြီး ရှိပါတယ်။ ဒီ CBO လေးတွေနှင့် ပတ်သက်ရင် ကျွန်တော်တို့ ဂရုထားရမှာ၊ နောက်တစ်ခုက City Wide မြို့ တစ်မြို့ကိုပဲ လုပ်နိုင်တဲ့ CBO တွေရှိပါတယ်။ နောက်တစ်ခုက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နိုင်တဲ့ National NGO တွေရှိပါတယ်။ နောက်တစ်ခု ကတော့ နိုင်ငံတကာမှာ လုပ်နေတဲ့ INGO တွေ ရှိပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ အချိန်မှာ ကျွန်တော်တို့ သမ္မတကြီးကနေ အရပ်ဘက် လူ့ အဖွဲ့အစည်းပဲ ခေါ်ခေါ် အစိုးရ မဟုတ်သော လူ့ အဖွဲ့အစည်းပဲ ခေါ်ခေါ် ကျွန်တော်တို့ ပူးပေါင်းဆောင် ရွက်ဖို့ ပြောထားပါတယ်။ ကျွန်တော်တို့ အဲဒီတော့ ဒီ NGO တွေ ပေါ်ပေါက်လာဖို့ ကျွန်တော်တို့ တစ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေမှာ တာဝန်ရှိပါတယ်။ ဘာကြောင့်လဲ။ ဘာအတွက်လဲ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ၂၀၁၅-၁၆ မှာ ရည်မှန်း ထားပါတယ်။ နောက်ထောင်စုနှစ် UN ရဲ့ ထောင်စုနှစ် ရည်မှန်းချက်တွေ ရောက်ဖို့ ဆိုရင် သူတို့ကို လက်တွဲလုပ်ရမှာ ဖြစ်ပါတယ်။ ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တကယ်တမ်း နာဂစ်မုန်တိုင်းနှင့် ဂီရိ မုန်တိုင်း အပြီးမှာ ပေါ်ပေါက်လာတာ လူထု အခြေပြု အဖွဲ့အစည်း CBO တွေဖြစ်ပါတယ်။ ယနေ့ CBO တွေဟာ အကြပ်အတည်နဲ့ ဖြစ်နေပါတယ်။ အသက် ရှူ မဝ ဖြစ်နေပါတယ်။ ဘာကြောင့်လဲ မှတ်ပုံတင်ရမယ်လို့ ပြောလိုက်တဲ့ အခါ ကျွန်တော်တို့ တစ်တွေအရင် အသင်းအဖွဲ့ ၆/၁၉၈၈ နဝတ အစိုးရ ဖွဲ့စည်းထားခဲ့တဲ့ သတ်မှတ် ပေးခဲ့တဲ့ ဥပဒေအတိုင်း ဖြစ်ပါတယ်။ ဒီဥပဒေကို ကျွန်တော် အနည်းငယ် ဆွေးနွေးပါရစေ။
လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား။ လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ ရဲရဲတင်းတင်း ပြောပါဆိုတဲ့ မှာကြားချက် အရ ကျွန်တော် အနည်းငယ် တင်ပြချင် ပါတယ်။ ဒီ ၁၉၈၈ ခုနှစ်က ကျွန်တော်တို့ ဆွဲခဲ့တဲ့ ချမှတ်ခဲ့တဲ့ ဥပဒေ ၆/၁၉၈၈ ဟာ အဲ့ဒီအချိန်က ဘာကြောင့် ဒီဥပဒေ ပြဋ္ဌာန်းရလဲ ဆိုရင် ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပ နိုင်ဖို့အတွက် အနှောက်အယှက် အဟန့်အတားတွေ မရှိရအောင် ရေးဖွဲ့တာလို့၊ ပြဋ္ဌာန်းတာလို့ ပြောပါတယ်။ ဒီတော့ ကျွန်တော်တို့ ဒီနေ့ လူထုက တင်မြှောက်တဲ့ အစိုးရသစ် ပေါ်လာပြီ။ ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော် တစ်ရပ်လည်း ပေါ်လာတဲ့အချိန်မှာ ဒီ ကျွန်တော်တို့ ၆/၁၉၈၈ လိုအပ်ပါသလား။ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်များ စဉ်းစားဖို့ ကျွန်တော်ပြောချင်ပါတယ်။ အဲ့တော့ ဥပဒေ ၁၉၈၈ ခုနှစ်ကထုတ်ခဲ့တဲ့ ဥပဒေပုဒ်မ ၆ ဟာ အုပ်ချုပ်နေတဲ့ အစိုးရက နိုင်ငံရေး စိန်ခေါ်မှုတွေကို ဟန့်တားလိုတဲ့ အတွက် နိုင်ငံရေး လှုပ်ရှား တက်ကြွသူတွေကို ဖမ်းခဲ့တာ ဒီပုဒ်မနဲ့ ဖမ်းခဲ့တာ နိုင်ငံရေး တက်ကြွသူ ကျောင်းသား တော်တော်များများဟာ ဒီပုဒ်မ နောက်ဆက်တွဲ အတပ်ခံရတာပါ။ ဥပမာဆိုရင် ကျွန်တော် ထောင်ထဲမှာ ဒီပုဒ်မနဲ့ ထပ်ပြီး ၅ နှစ် အတိုးခံရတယ်။ ကျွန်တော် အကျဉ်းသမား အခွင့်အရေး တောင်းမိတဲ့ အတွက် အကျဉ်းသမား ကာကွယ်ရေး အဖွဲ့ဖွဲ့ပါတယ်ဆိုပြီးတော့ ကျွန်တော် ၅ နှစ်ထပ်ကျတယ်။ အဲ့တော့ ကျွန်တော်တို့ တစ်တွေ လူထု ကောင်းကျိုးကို လုပ်နေတဲ့သူတွေ၊ အများကောင်းကျိုးကို လုပ်နေတဲ့ အသင်းအဖွဲ့လေးတွေဟာ မှတ်ပုံ မတင်နိုင်လို့ ဒီဥပဒေနဲ့ အရေးယူမယ်ဆိုရင် ၅ နှစ်ဆိုတဲ့ ပြစ်ဒဏ်ကြီး မများဘူးလား။ စဉ်းစားဖို့ ကောင်းပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာတဲ့အခါ ကုမ္ပဏီ ကျွန်တော်တို့ရဲ့ တည်ဆဲဥပဒေတွေနဲ့ မလုပ်နိုင်ဘူး ဆိုရင်တောင်မှ သတိ ပေးတယ်ဆိုတဲ့ ဟာလေးပဲပါတယ်။ ကျွန်တော်တို့ ဒါလည်း ပြန်စဉ်းစား ဖို့ကောင်းပါတယ်။ နည်း ဥပဒေထဲတွေမှာ ဒီအသင်း အဖွဲ့လေးတွေ ပြဿနာ ဖြစ်လာတာပါ။
ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဗမာ့ ယဉ်ကျေးမှုမှာ သံဃာတော်တွေကို ပစ်ပယ်လို့ မရပါဘူး။ ကျွန်တော်တို့ သံဃာတော်တွေရဲ့ အရိပ်အာဝါသ အောက်ကို ခိုလှုံပြီးတော့ လူမှုရေး အဖွဲ့လေးတွေ ဖွဲ့ပြီးတော့ ကျန်းမာရေး ဆေးခန်းလေးတွေ ဖွဲ့ရပါတယ်။ ဖွင့်ရပါတယ်။ နောက် အခမဲ့ ကျောင်းလေးတွေ သင်ရပါတယ်။ အဲ့တော့ ဒီသံဃာတော်တွေရဲ့ အရိပ်အာဝါသဟာ ဘာကြောင့် ယူရတာလဲ ဆိုတော့ ဒီသံဃာတော်တွေကို လူထုက ကြည်ညိုပါတယ်။ အလှူငွေရှာပေး နိုင်ပါတယ်။ သြဇာရှိပါတယ်။ ကျွန်တော်တို့ ဒီလိုလုပ်ငန်းလေးတွေ အောင်မြင်ဖို့ သံဃာတော်တွေ ပါရပါတယ်။ ဒီလို မပါရဘူးဆိုတော့ ကျွန်တော်တို့ မြတ်စွာဘုရားတောင်မှ လောကတ္ထစရိယာကို ဟောထားပါတယ်။ ကျွန်တော်တို့က ဒါကို ဆန့်ကျင်ရာရောက် မနေဘူးလား။ ဒါလေး တစ်ချက်ပဲ စဉ်းစားပေးစေချင်ပါတယ်။ (၂) နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးသမားတွေ ဒီလို အသင်းအဖွဲ့တွေမှာ မပါရဘူးလို့ အခြေခံဥပဒေ ပုဒ်မ ၃၉၀ မှာ ဘာ ပြဋ္ဌာန်း ထား လဲဆိုရင် နိုင်ငံသားတိုင်းမှာ အောက်ဖော်ပြပါ ကိစ္စများမှာ ကူညီရန် တာဝန်ရှိပါတယ်။ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး မြင့်မားလာစေရန် ကြိုပမ်းခြင်းဟာ ကျွန်တော်တို့ရဲ့ တာဝန်ပါ။ နိုင်ငံရေးသမားတွေမှ မဟုတ်ပါဘူး။ နိုင်ငံသားတိုင်း တာဝန် ရှိတယ်ဆိုရင် ကျွန်တော်တို့လည်း တာဝန်ရှိပါတယ်။ ဒါလေးတွေဟာ ကျွန်တော်တို့ အသင်း အဖွဲ့လေးတွေ၊ NGO လေးတွေဖွဲ့ ပြီးလုပ်နေရတာပါ။ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေပါ။ အဲ့ဒီတော့ အသင်း အဖွဲ့လေးတွေမှာ နိုင်ငံရေးသမားတွေ မပါရဘူးဆိုရင် ကျွန်တော်တို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ ဒေသ ဖွံ့ဖြိုးရေး၊ မြို့နယ်ဖွံ့ဖြိုးရေး ကျွန်တော်တို့ ဘယ်လို လုပ်လက်တွဲ လုပ်မလဲ။ လိုအပ်ရင် ကျွန်တော်တို့ ဒီအသင်း အဖွဲ့လေးတွေ ဖွဲ့ဖို့ ကျွန်တော်တို့ အားပေးရမယ်။ အသင်း အဖွဲ့တွေမှာ နိုင်ငံရေးသမား မပါရဘူးဆိုတာ ခေတ်နှင့် မလျော်ညီတော့ပါဘူး။ နောက်လျှောက်လွှာ တင်တဲ့ အခါမှာ အသင်းအဖွဲ့ လျှောက်လွှာတင်တဲ့ အခါမှာ အဆင့်တွေက များလွန်းအား ကြီးလွန်းပါတယ်။ မြို့နယ်၊ ခရိုင်၊ တိုင်းကနေ နေပြည်တော် အထိ ဖြည့်ရတဲ့ ပုံစံကလည်း ပုံစံ ၄ ရွက်စီ ဖြည့်လိုက်တဲ့ အခါ ဆွေ ၇ ဆက် မျိုး ၇ ဆက်ရေး ရပါတယ်။ စစ်ဘက်၊ နယ်ဘက် အသိတွေ ရေးရပါတယ်။ ဒါတွေဟာ အရင်ခေတ်က ထောက်လှမ်းရေး က ကျွန်တော်တို့ကို ထောင်ကျလို့ ဖမ်းဆီးတဲ့ အချိန်မှာ ရေးရတဲ့ ကိုယ်ရေး အချက်အလက်တွေ ဖြစ်ပါတယ်။ အဲ့တော့ ပြည်သူ လူထုကောင်းကျိုးကို ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ ဒီလောက် အထိ လိုသလား။ ဒီမိုကရေစီမှာ ပွင့်လင်းလာပါပြီ။ အဲ့ဒီတော့ ဒီနေ့ ဆရာ ဦးသိန်းညွန့်၊ သင်္ဃကျွန်း မဲဆန္ဒနယ်က ဦးသိန်းညွန့် တင်သွားတဲ့ NGO တွေနှင့် ပတ်သက်လို့ ခေတ်နှင့်လျော်ညီတဲ့ ဥပဒေ တစ်ရပ်ဖြစ်ပေါ်ဖို့ ဆိုတာအရေးကြီးပါတယ်။ ကျွန်တော်တို့ လုပ်သင့်ပါတယ်။ ပြဋ္ဌာန်းသင့်ပါတယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့ အခြေခံ လူတန်းစားတွေ အားလုံး ဒီ NGO ဆိုတဲ့ ဟာလေးတွေ ပေါ်လာရင် သူတို့အတွက် ကျန်းမာရေး၊ ပညာရေး တချို့စရိတ်စက နည်းသွားမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပြဋ္ဌာန်းသင့်တယ် ဆိုတာပြောကြားရင်းနဲ့ ဦးသိန်းညွန့်ရဲ့ အဆိုကိုထောက်ခံ တင်ပြ အပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
