ဒေါ်နန်းစေအွာ(ဘားအံမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် တကွ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံး မင်္ဂလာညနေခင်းပါလို့ နှုတ်ဆက် အပ်ပါတယ်ရှင်။ ကျွန်မကတော့ ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေအွာ ဖြစ်ပါတယ်ရှင်။ ဦးသိန်းညွန့် (သင်္ဃန်းကျွန်း မဲဆန္ဒနယ်)ရဲ့ NGO များဖွဲ့စည်းရေးအတွက် ခေတ်နှင့် လျော်ညီသော အစိုးရမဟုတ်သော NGO များ မှတ်ပုံတင် ခြင်းဆိုင်ရာဥပဒေတစ်ရပ် ပြဌာန်းနိုင်ရေး အတွက် နိုင်ငံတော်အစိုးရအား ဤလွှတ်တော်မှ တိုက် တွန်းကြောင်းအဆိုနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင်။
ဥက္ကဋ္ဌကြီးရှင့်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ အခန်း ၈၊ ပုဒ်မ ၃၅၄ မှာ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်၏ လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးကို လွတ်လပ်စွာ သုံးစွဲ ဆောင်ရွက်ခွင့်ရှိသည်လို့ ပါရှိပါတယ်။ အပိုဒ် (ဂ)မှာ အသင်းအဖွဲ့ (သို့) အစည်းအရုံးများ ဖွဲ့စည်း ဆောင်ရွက်ခွင့် ရှိသည်လို့ ရေးထားပါတယ်ရှင်။ ဒါ့အပြင် နိုင်ငံတော်သမ္မတကြီးရဲ့ ပထမဦးဆုံး ရာထူးကိုယူတဲ့နေ့မှာပဲ ပြောဆို သွားတဲ့ မိန့်ခွန်းထဲမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ အရပ်ဖက်လူ့အဖွဲ့အစည်း အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်ရှင်။ ထို့အတူ နိုင်ငံတော် အစိုးရက ဖော်ဆောင် ပေးနေတဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ ကျေးလက်လူထုအတွက် ဆင်းရဲတဲ့ လူတန်းစားတွေအတွက် လူမှုဘဝ မြင့်မား လာစေဖို့အတွက် ဘက်ပေါင်းစုံ ကူညီဖို့၊ ဆောင်ရွက်ဖို့ လိုအပ် နေပြီဖြစ်ပါတယ်ရှင်။
ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မ မူလတန်းအရွယ်တုန်းက မြန်မာစာမှာ သင်ခဲ့ဖူးပါတယ်။ လဲနေသူထူပေးပါ။ အားငယ်သူ အားပေးပါဆိုတဲ့ စာသားလေးရဲ့ အဓိပ္ပာယ်ဟာ အလွန်လေးနက် ပါတယ်။ အကူအညီလိုအပ်နေတဲ့လူကို ကူညီ ပေးခြင်းဟာလည်း အလွန်မြင့်မြတ်တဲ့ လုပ်ရပ်ဖြစ်ပါ တယ်ရှင်။ အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးတွေမှာ မပြည့်စုံတဲ့ ကျေးလက်နေလူတန်းစား တွေအတွက် လူမှုဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဟာ အလွန်အရေး ကြီပါတယ်။ ဒီ လူမှုဘဝဖွံ့ဖြိုးဖို့ အတွက် နိုင်ငံတော်နဲ့အတူ၊ နိုင်ငံတော်အစိုးရနဲ့အတူ လက်တွဲပြီး လုပ်ဆောင် နိုင်တာကတော့ အစိုးရမဟုတ်တဲ့ Non- Government လို့ ခေါ်တဲ့ ဒီ NGO အဖွဲ့အစည်းပဲဖြစ်ပါတယ်ရှင်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ တော်ချီတက်ရာမှာ ချို့တဲ့သော လူတန်းစားတွေ အတွက် လူနေမှု ဘဝမြင့်မား လာစေဖို့အတွက်နဲ့ ပြည့်စုံကုံလုံတဲ့ သူတို့ရဲ့ဘဝနဲ့ နိုင်ငံတော်နဲ့အတူ အစိုးရမဟုတ်သော လူ့အဖွဲ့အစည်း NGO အဖွဲ့အစည်းများ မှတ်ပုံတင်ရေးဆိုင်ရာဥပဒေတစ်ရပ် ပြဌာန်းပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း တိုက်တွန်းရင်း ဦးသိန်းညွန့်ရဲ့အဆိုအား ထောက်ခံအပ်ပါတယ်ရှင်။
