အစိုးရမ ဟုတ်သော လူ့အဖွဲ့အစည်း NGO များ ဖွဲ့စည်းရေး၊ ခေတ်နှင့် လျော်ညီသော အစိုးရ မဟုတ်သော လူ့အဖွဲ့အစည်း NGO များ၏ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်အစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုကို ဦးခိုင်မောင်ရည်မှ ဆွေးနွေးခြင

ဦးခိုင်မောင်ရည်(အလုံမဲဆန္ဒနယ်)။                  ။ မင်္ဂလာပါခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန် တိုင်းဒေသကြီး၊ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အပေါင်း အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ ယခု ကျွန်တော်ဆွေးနွေးမယ့်  ဦးသိန်းညွန့်ရဲ့အဆိုမှ ဒေါ်နန်းဝါနုမှ ကျွန်တော်ဆွေးနွေးလိုမယ့်အပိုဒ်များကို ဆွေးနွေးသွားတဲ့အတွက် ဒေါ်နန်းဝါနုဆွေးနွေး ခြင်းကို ကျွန်တော့်အနေနဲ့ ထပ်ဆင်‌့ထောက်ခံပါတယ်။ ကျွန်တော် အခု ဦးသိန်းညွန့် တင်သွင်း ထားတဲ့အဆိုမှာ သမ္မတရဲ့ ဆောင်ရွက် ချက်တစ်ခုအနေနဲ့ ထည့်ထားတာ တွေ့ပါတယ်။ ဒီအသွင်းကူး ပြောင်းမှုကာလမှာ နိုင်ငံတော်သမ္မက အရပ်ဘက်လူမှုအဖွဲ့အစည်းအားလုံးနဲ့  ပူးပေါင်းဆောင်ရွက်ရန် ဆိုတဲ့စကားပါပါတယ်။ အဓိကကတော့ အရပ်ဘက်လူမှုအဖွဲ့အစည်းအားလုံးနဲ့  ပူးပေါင်းဆောင်ရွက် ရန်ဆိုတဲ့ကိစ္စမှာ နိုင်ငံရေးအဖွဲ့အစည်းတွေရော၊ အခြားအစိုးရမဟုတ်သော အဖွဲ့အစည်းတွေရောပါပါ တယ်။ NGO ဆိုတဲ့ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီတော့ ဦးသိန်းညွန့်ဆိုလိုတဲ့ NGO များ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်အစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်း မှတ်ပုံတင် ဒီရှိထားတဲ့ဥပဒေက ၁၉၈၈ နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေပုဒ်မ ၆/၈၈ ထုတ်ထားတဲ့ဥပဒေ ဒီဥပဒေမှာ NGO ကို အစိုးရ မဟုတ်သောအဖွဲ့အစည်းဆိုတဲ့ဥစ္စာကို တိတိကျကျ ဖော်ညွှန်းထားတာ လုံးဝမရှိခဲ့ပါဘူး။ အသင်းအဖွဲ့နဲ့ နိုင်ငံရေးအသင်းအဖွဲ့ဆိုတဲ့ နှစ်ခုကိုပဲ Defination အနေနဲ့ ထုတ်ထား တာတွေ့ပါတယ်။ အဲဒီတော့ ဒီအနေနဲ့ ထပ်မံပြီးတော့မှ ဦးသိန်းညွန့်အနေနဲ့ NGO များ၏ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ဖို့ဆိုတာ အသစ်တစ်ခု ထပ်တိုးလိုတဲ့သဘော ကျွန်တော် အဲဒီလိုပ နားလည်ပါတယ်။ ဒါပေမယ့် အခု ဒေါ်နန်းဝါနု ဆွေးနွေး သွားသလိုပဲ ဒီဥပဒေအမှတ် ၆/၈၈ ကလည်း ဒါလက်ရှိတည်ဆဲ ဥပဒေဖြစ်တဲ့အတွက် ဒီဟာကို ကျွန်တော်တို့ မလွဲမသွေ ပြန်လည် ပြင်ဆင်ရတာဖြစ်ပါတယ်။ ဒီဥပဒေက ရှိနေပြီးတော့ အသက် မဝင်တဲ့ ဥပဒေဖြစ်ပါတယ်။ ဘာလို့ အသက်မဝင်တာလဲဆို အကယ်၍ဖွဲ့စည်းခွင့်  ရရှိရန် လျှောက်ထားခြင်းဆိုတဲ့ အပိုဒ်ထဲမှာ အခန်း (၂)မှာ သုံးပိုင်းပါပါတယ်။ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ရရှိရန် ပြည်ထဲရေးနဲ့ သာသနာရေး ဝန်ကြီးဌာနတို့ သတ်မှတ်ထားသော နည်းလမ်းအတိုင်း လျှောက်ထားရမယ်။ ပြည်ထဲရေးနဲ့ သာသနာရေး ဝန်ကြီးဌာန တို့ပါပါတယ်။ ဝန်ကြီးဌာန နှစ်ခုကို ညွှန်းထားတာ ဖြစ်ပါတယ်။  လက်ရှိနဲ့ မ‌လေ်ျှာညီတော့တာကို တွေ့ရပါတယ်။ (ခ)မှာ ဖွဲ့စည်းပြီးသော အသင်းအဖွဲ့သည် ဤဥပဒေ ပြဌာန်းထားသော နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း လျှောက်ထားရမည်။ ဒါလဲ စဉ်းစားလို့ရ ပါတယ်။နောက် (ဂ)မှာ ခွင့်ပြုချက်မရသော အသင်းအဖွဲ့ကို ဖွဲ့စည်းခြင်း သို့မဟုတ် ဆက်လက်ရပ်တည်လှုပ်ရှားခြင်းမပြုရ။ အဲဒီတော့ ဖွဲ့စည်းခွင့်မရှိသော အသင်း အဖွဲ့များဆိုပြီးတော့ ဖော်ပြထားတာရှိပါတယ်။ အချိန်ကိုငဲ့ကွက်ပြီး ကျွန်တော်ဒါတွေကို မဖတ်ပြတော့ ပါဘူး။ အဓိကကတော့ အသင်းအဖွဲ့မဖွဲ့ရသေးဘဲနဲ့ ရပ်တည်လှုပ်ရှားလို့မရဘူးဆိုတဲ့ သဘောသက် ရောက်ပါတယ်။ တကယ်တော့ အသင်းအဖွဲ့အစည်းတွေဟာ အစိုးရကို နိုင်ငံနှင့်ပြည်သူကို အကူအညီ ပေးနေကြတာွဖစ်ပါတယ်။ နိုင်ငံ တစ်နိုင်ငံမှာဆိုရင် ဒီအစိုးရအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်း တွေ Civil Society ပြီးတော့ လူ့အဖွဲ့အစည်းတွေကနေ ပေါ်ပေါက်လာတဲ့ အသင်းအဖွဲ့တွေအနေနဲ့ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ လူအများစုဖြစ်တဲ့ အရပ်ဘက်လူ့ အဖွဲ့အစည်းများက ပေါက်ဖွားလာတဲ့ လူမှုအသင်း၊ လူမှုရေး၊ လူမှုအသင်းအဖွဲ့များ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလူမှုအသင်းအဖွဲ့တွေက ရပ်ရွာလူမှုအသိုင်းအဝိုင်းနဲ့ ထိစပ်မှု အရှိဆုံးဖြစ် ပြီးတော့ လူထုကို ကိုယ်စားပြုနိုင်တဲ့ နိုင်ငံတော်ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ အခု အစိုးရ သစ်လက်ထက်မှာ ၂၀၁၂ ခုနှစ်ကစပြီး၊ နှစ်စပိုင်းကစပြီးတော့မှ လူမှုရေး အဖွဲ့အစည်းတွေ ကို ပြန်လည် မှတ်ပုံတင်ဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းတွေ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ကနေတစ်ဆင်‌့ အကြောင်းကြားအသိပေးခြင်းများကို ပြုလုပ်ခဲ့တာကြားသိခဲ့ရပါတယ်။ ကျွန်တော်ဆီကို  စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့နယ်တစ်မြိုနယ်က တိုင်ကြားစာတစ်စောင်ရောက်လာပါတယ်။ အဲဒီထဲမှာလည်း ကန့်သတ်မှုတွေပါတဲ့ ကိစ္စဖြစ်တဲ့အတွက် လွှတ်တော်ကိုတင်ပြပေးစေလိုပါတယ်ဆိုပြီးတော့ ရောက်လာပါတယ်။ အကျဉ်းချုံပြီးပဲ ပြောမယ်ဆိုရင် ဒီကန့်သတ်မှု တွေပါဝင်တဲ့ မှတ်ပုံတင်ခြင်းမျိုးကို ဆောင်ရွက် ခိုင်းတာ ဖြစ်ပါတယ်။ လူမှုရေးအသင်းအဖွဲ့တစ်ခုထူထောင်သူသည် နိုင်ငံရေးကင်းရှင်းရ မယ်ဆိုတဲ့ ကတိခံဝန် ကတိပါ လာတာဖြစ်ပါတယ်။ ဒါဟာ အခုချီတက်နေတဲ့ ဒီမိုကရေစီစံနှုန်းနဲ့ ကိုက်ညီ မှုရှိ၊ မရှိကိုလည်း ကျွန်တော်တို့ စဉ်းစားသုံးသပ်ရမှာဖြစ်ပါတယ်။ ပြစ်ဒဏ်ပေးခံသူမဖြစ်စေရဆိုတဲ့ စကားရပ်ပါပါတယ်။ အဲဒီလို ကန့်သတ်ချက်ပြုလုပ်လာတဲ့အတွက် ပြစ်ဒဏ်ပေးခဲ့ရသူဆိုတာက သူရဲ့ ပြစ်ဒဏ်ကုန်ဆုံးလို့ဖြစ်စေ၊ ဒီအကြောင်း တစ်ခုခုကြောင့် နိုင်ငံတော်က လွတ်ငြိမ်းချမ်းသာခွင့်ပေးတာပဲ ဖြစ်စေ တစ်စုံတစ်ရာကြောင့်မို့ တရားဝင် လွတ်‌မြောက်လာတဲ့ အခါမှာ သူဟာ အပြစ်သား တစ်ယောက် အဖြစ် မဟုတ်တော့ဘဲနဲ့ ဒီပြည်သူတွေနဲ့ အတူ ပါဝင်လှုပ်ရှားခွင့်၊ ဆောင်ရွက်ခွင့်ရှိပါတယ်။ လူ့ပတ်ဝန်း ကျင်မှာနေထိုင်ခွင့် ရှိပါတယ်။ အဲဒါကို ပြစ်ဒဏ်စီရင်ခြင်း ခံရသူမဖြစ်စေရန် ကျွန်တော် လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ဖြစ်နေတဲ့ ကျွန်တော်သည်ပင်လျှင် စောစောက ဒီကန့်သတ်ချက်နဲ့ မလွတ်ကင်းတဲ့အတွက် ကျွန်တော်လည်း အဲဒီအသင်းအဖွဲ့မှာပါလို့ မရဘူးဖြစ်ပါမယ်။ နောက်နာရေး ကူညီမှုအသင်းမှာ ရပ်မိရပ်ဘပုဂ္ဂိုလ်များမပါဝင်စေရဆိုတဲ့စကားလုံး ထပ်တိုးထားတာ တွေ့ရပါတယ်။ အဲဒါကို တစ်ကျောင်းတစ်ဂါထာတစ်ရွာတစ်ပုဒ်ဆန်းဆိုတဲ့ပုံစံမျိုးနဲ့ ကိုယ့်ဒေသ ကိုယ့်မြို့မှာကိုယ့်ဟာ ကိုယ်ထုတ်တဲ့ဥပဒေလို အဲဒီတော့ ဒီလိုမျိုးဖြစ်နေတာတွေဟာ တိကျတဲ့ ဥပဒေဖြစ်ဖို့ လိုအပ်လာတယ်။ တိကျတဲ့ဥပဒေအောက်မှာ တိကျတဲ့နည်းဥပဒေတွေကိုထုတ်ပြန်ထားတာမျိုး ဖြစ်သင်‌့ပါတယ်။ အခု အသက်မဝင်တဲ့ ဥပဒေကြီးကို ကျွန်တော်တို့ ကိုင်တွယ်နေပြီးတော့မှ ဒီဥပဒေနောက်မှာ ထပ်ပြီးတော့မှ ထပ်ညွှန်းထားတဲ့ အမိန့်ကြော်ငြာစာတွေ လက်ရှိခေတ်အခြေအနေနဲ့ မညီညွတ်တော့တဲ့ ပြဋ္ဌာန်းချက် တွေ ကျွန်တော်တို့ပြန်လည်ပြောင်းသင့်ပါတယ်။ အဲဒီလို ပြောင်းတဲ့အခါမှာ လက်ရှိလူမှုပတ်ဝန်းကျင် မှာ ဆောင်ရွက်နေတဲ့ အသင်းအဖွဲ့အစည်းတွေအများကြီးရှိပါတယ်။ နိုင်ငံတော်မှာ အရေးပေါ် သဘာဝဘေးဒဏ် ကြုံတဲ့အခါမှာ ချက်ချင်းဖြစ်ပေါ်လာတဲ့ လူမှုရေးအသင်းအဖွဲ့အစည်းတွေ ပေါ်လာ ပါတယ်။ အဲဒီလူမှုရေး အသင်းအဖွဲ့အစည်းတွေဟာ ဘယ်သူကမှ မှတ်ပုံတင် ထားတာမဟုတ်ပါဘူး။ ဒါပေမယ့် ဂီတသမားက ဂီတအုပ်စုလိုက် ဂီတအသင်း စေတနာရှင်တွေအသင်းတွေအများကြီး ပေါ်ထွက်လာပါတယ်။ ရုပ်ရှင်ကရုပ်ရှင်၊ ကျောင်းဆရာများက ကျောင်းဆရာ၊ ကျူရှင်ဆရာတွေက ကျူရှင် ဆရာ သူ့အလိုက်သူပေါ်လာကြပါတယ်။ ဥပမာ- နာဂစ်ဒေသဖြစ်တဲ့ကိစ္စမှာ နာဂစ်ဖြစ်တဲ့ ဒေသတွေမှာ ကျွန်တော်တို့ကိုယ်တိုင်သွားရောက်တဲ့အခါမှာ အဖွဲ့ပေါင်းများစွာ ကြုံတွေ့ရပါတယ်။ အဲဒီအဖွဲ့တွေဟာ ဖြစ်ပေါ်လာတဲ့အခက်အခဲတွေ ကိုယ်မနိုင်တဲ့ အခက်အခဲတွေကို တစ်နေရာမှာ တိုင်ပင်မှုနဲ့၊ စည်းရုံးမှု ဖြေရှင်းဖို့အတွက်ကို အစည်းအဝေးလေးတွေ လုပ်ဖြစ် ကြပါတယ်။ အဲဒီတော့ ပထမတုန်းကတော့ ကိုယ့်ငွေ၊ သူ့ငွေစိုက်ပြီးတော့မှ သူငယ်ချင်းတွေ စုပြီးတော့မှ ငွေကြေးတွေ သွားပြီး လှူကြတာဖြစ်ပါတယ်။ လှူရင်းကနေ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ အဲဒီအခက်အခဲ တွေက ဥပမာ- မုန်တိုင်းတက်လာပြီးတော့ ရေတွေတက်လာပြီးတော့ ပြန်ဆင်းသွားတဲ့အခါမှာ တာရိုးကြီးမှာ တိရစ္ဆာန် အသေတွေ၊ လူအသေတွေ တင်ကျန်ရစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီတာရိုးလေးက တစ်ခြမ်းပျက်ဆီး သွားပြီးတော့ အဲဒီအောက်ထိပ်ဘက်မှာ ဘုန်းကြီးကျောင်းရှိပါတယ်။ အဲဒီဘုန်းကြီးကျောင်းကို တစ်ကျောင်း ထဲမှာပဲ ရေကန်လေး ရှိပါတယ်။ အဲဒီရေကန်က တကယ်တော့ ပင်လယ်ရေလွှမ်းမိုး သွားပါတယ်။ ဒါပေမယ့် ရွာကလူတွေက သောက်ရေမရှိတဲ့အတွက် အဲဒီရေကိုသောက်ပါတယ်။ ကျွန်တော်တို့ မသောက်ဖို့ တားတော့လည်း မရပါဘူး။ ကျွန်တော်တို့ ဒါကို လိုအပ်သလို ကလိုရင်းထည့် ပေးမယ်။ ဒီနေရာကိုသွားတဲ့ အခါမှာ နှစ်ရက်၊ သုံးရက်လောက်တော့ ပုပ်စော်တွေနံပါတယ်။ နံတဲ့အခါ မှာ လူတွေဟာ မူးမေ့သွား မတတ်ခံစားရပါတယ်။ အဲဒီလိုဟာကြီးကို ကျွန်တော်တို့ သွားတဲ့အဖွဲ့က မလုပ်နိုင်တဲ့အတွက် ကျွန်တော်တို့ဟာ အဖွဲ့အစည်းအသီးသီးကို အကူအညီ အကြောင်းကြားပြီးတော့ ဘယ်လိုလုပ်သင့်သလဲဆိုတဲ့ကိစ္စ ရပ်ကွက် ကလည်း၊ ကျေးရွာကလည်း လူလည်းမရှိတော့ပါဘူး။ သူတို့တွေ တော်တော်များများလည်း သေဆုံးတဲ့အထဲမှာ ပါသွားတဲ့အတွက် ဒီလိုမျိုးဆောင်ရွက်တဲ့အခါ မှာ ကျွန်တော်တို့ ဒီလူသေ အလောင်းနဲ့ တိရစ္ဆာန်တွေ အလောင်းတွေနဲ့ ဒါတွေကို ကျွန်တော်တို့ မြေမြှုပ် ဖို့ဆိုတာ အဲဒီနေရာက နှုံးတွေ လူတစ်ရပ် နီးပါးလောက်ရှိတဲ့ အတွက် ကျွန်တော်တို့ မြှုပ်လို့လည်းခက် ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော်သူငယ်ချင်း နာမည်တော့ မပြောတော့ပါဘူး။ သူက အလောင်းကိုမြှုပ်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး အလောင်းမြှုပ်တဲ့အမှုနဲ့ သူထောင်ကျ သွားပါတယ်။ ကျွန်တော်တို့က ဒီဘက်မှာ ဖမ်းခံရတယ်ဆိုတော့ ကျွန်တော်တို့က ဒီဘက်ကလုပ် နေတုန်းပဲရှိပါတယ်။ ကျွန်တော်တို့ ပြန်လာတဲ့အဖွဲ့အစည်း ကားအစီး ၆၀ လောက်ကို တွံတေးတံတားကြီးမှာ ဖမ်းလိုက်ပါတယ်။ အကုန်လုံးစစ်ဆေးခံရပါတယ်။ အကြာကြီးကျွန်တော်တို့မေးမြန်းခံရပါတယ်။ အဲဒီတော့ ကျွန်တော်တို့က နောက်တစ်ကြိမ်သွားဖို့ အင်မတန်မှကြောက်လန့်သွားပြီး မသွားတဲ့လူတွေ တော်တော် များများဖြစ်ပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ဒုက္ခတွေကို စာနာလွန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး မနေနိုင် ကြပါဘူး။ ကျွန်တော်ဆို အကြိမ်ကြိမ်သွားပါတယ်။ အကြိမ်ကြိမ်သွားပြီး အကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့ ရင်ထဲကနေ မခံရပ်နိုင်လွန်းလို့။ အဲတော့ အသင်းအဖွဲ့ကို အဲဒီအချိန်မှာဖွဲ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဥပဒေမှာ ကျွန်တော်တို့ ထည်‌့ဆွဲ ခဲ့မယ်ဆိုရင်တောင်မှ အရေးပေါ်သဘာဝ ဘေးအန္တရာယ်များကျရောက်ပါက ယာယီ ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်းများကို ပါဝင်ဆောင်ရွက်နိုင် ရေးအတွက် ကင်းလွတ်ခွင့် ယာယီအဖွဲ့အစည်းအဖြစ် သတ်မှတ်ပြဌာန်းဖို့ လိုအပ်တာတစ်ခု ကျွန်တော်တို့ တွေ့ရပါတယ်။ အဲတော့ ကျွန်တော်တို့ ဒီ ဥပဒေဟာ အဟောင်းကို ထပ်ပြီးတော့ ပြင်မှာလား၊ ဦးသိန်းညွန့်ဖြစ်လိုတဲ့ NGO နဲ့ပတ်သက်တဲ့ ဥပဒေတစ်ခု ထပ်ပြီးတော့မှ ပြဋ္ဌာန်းဖို့ လုပ်မလား၊ ဒီနှစ်ခုကို ကျွန်တော်တို့ စဉ်းစားရပါမယ်။ အမြန် ဆုံးဖြစ်လိုတဲ့ကိစ္စကတော့ အသစ်တစ်ခု၊ အစိုးရမဟုတ်တဲ့ လူ့အဖွဲ့အစည်း NGO နဲ့ပတ်သက်တဲ့ ဥပဒေတစ်ရပ် ပြဋ္ဌာန်းတာ အမြန်ဆုံး ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ အကယ်၍ ဒီဥပဒေအဟောင်းကို ပြင်ကြမယ်ဆိုရင် လိုအပ်တဲ့ အချက်အလက်တွေကို ထပ်မံပြီးတော့မှ ထည့်သွင်းရင်တော့ ဒါလည်း တစ်နည်းအားဖြင့်တော့ ဒီဥပဒေအဟောင်းကြီးကို အသက်ဝင် စေတာဖြစ်ပါတယ်။ အဲတော့ ဥပဒေ အဟောင်းကြီးကို ရှိပါလျက်နဲ့ ကျွန်တော်တို့ ဒီဥပဒေအတိုင်း မကျင့်သုံးနိုင်ဘူးဆိုရင် ဒါဟာ အတော်လေးကို ကျွန်တော်တို့အတွက် သေနေတဲ့ ဥပဒေကြီးနဲ့ ရပ်တည်နေရ သလိုဖြစ်ပါတယ်။ ဒီထဲမှာ ပြစ်မှုပြစ်ဒဏ်အရ ထောင်ဒဏ် ငါးနှစ် သတ်မှတ်ထားပါတယ်။ အခု ကျွန်တော်တို့က အဖွဲ့အစည်း ဖွဲ့စည်းထားခြင်းမရှိဘဲနဲ့ ‌ဆောင်ရွက်နေတဲ့သူတွေဟာ ဒီဥပဒေနဲ့ငြိတဲ့အတွက် ထောင်ဒဏ် ငါးနှစ် အကျခံရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နာဂစ်ကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ဆွေးနွေးကြတဲ့အခါ၊ စည်း ဝေးတဲ့အခါ၊ အဖွဲ့အစည်း ၈၀ လောက်ရှိပါတယ်။ တချို့ဆိုရင် လေးဖွဲ့လောက်မှာပါနေပါတယ်။ အဲဒီထဲမှာ တရားဝင် မှတ်ပုံတင်ထားတာ သုံးဖွဲ့ပဲပါပါတယ်။ အဲတော့ အဲလိုထဲမှာ သုံးဖွဲ့ကလွဲရင် ကျန်တဲ့လူတွေ‌ တစ်ယောက်ကို ထောင်ငါးနှစ်ကျမယ့် သဘောရှိပါတယ်။ ဒါကလည်း သတိထားရ မယ့်ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ကာလမှာ အရေးပေါ်ကာလ ဖြစ်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး တော့မှ ဖြေလျော့မှုတွေပေးထားတာဖြစ်တဲ့အတွက် အခုထိလည်း ဖြေလျော့မှုတွေရှိနေပါတယ်။ သို့သော် အသက်မဝင်တဲ့ ဥပဒေကြီးနဲ့ ဖြေလျော့တာတော့ မဖြစ်စေချင်ပါဘူး။ တိတိကျကျနဲ့ လုပ်တာမျိုးဖြစ်စေချင်ပါ တယ်။ ဒါကြောင့်မို့ ဦးသိန်းညွန့်ရဲ့ အဆိုကို ထောက်ခံရင်း ကျွန်တော့်ရဲ့ ဆွေးနွေးချက်ကို နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Standard (Image)