ဒေါ်နန်းဝါနု (ကွန်ဟိန်းမဲဆန္ဒနယ်)မှ ဦးသိန်းညွှန့်၏ အဆိုအား ဆွေးနွေးခြင်း

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များရှင့်။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါတယ်ရှင့်။ ကျွန်မကတော့ ရှမ်းပြည်နယ်၊ ကွန်ဟိန်း မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနု ဖြစ်ပါတယ်ရှင့်။ ကျွန်မက ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က  ဦးသိန်းညွန့်တင်သွင်း‌သော မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလတွင် နိုင်ငံတော်သမ္မတက အရပ်ဘက်လူမှုအဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်း ဆောင်ရွက် မိန့်ကြားခဲ့ပြီးဖြစ်၍ အရပ်ဘက်လူ့အဖွဲ့အစည်းတွင် ပါဝင်သည့် အစိုးရမဟုတ်သော လူ့အဖွဲ့အစည်း (NGO) များ ဖွဲ့စည်းရေးအတွက် ခေတ်နှင့်လျော်ညီသော အစိုးရမဟုတ်သော လူ့အဖွဲ့အစည်း (INGO) များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင် ရန် နိုင်ငံတော်အစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်းအဆိုကို အပြုသဘောဖြင့် ဆွေးနွေး သွားမှာ ဖြစ်ပါတယ်ရှင့်။ ဥက္ကဋ္ဌကြီးရှင့်။ ဒီအဆိုနှင်‌့ အသွင်သဏ္ဌာန်တူညီသော အဆိုတစ်ခုတင်ဖို့ အတွက် ၁၉၈၈ ခုနှစ် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအမှတ် ၆/၈၈ နှင့် သူနဲ့ဆက်စပ်တဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို လေ့လာခဲ့ပါတယ်။ တင်လိုတဲ့ အဆိုကတော့ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် ၆/၈၈ ကို ရုပ်သိမ်း၍ ခေတ်နှင့်လျော်ညီသော အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအသစ် တစ်ခု ပြင်ဆင်ရေးဆွဲပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်။ ဒါပေမယ့် အခု ဦးသိန်းညွန့်တင်သွင်းတဲ့အဆိုက ရည်ရွယ်ချက်ခြင်းတူတဲ့အတွက်ကြောင့် သူရဲ့အဆိုကို အပြု သဘော ဖြင့် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်ရှင့်။ အဆိုတင်သွင်းဖို့ ရည်ရွယ်ရင်းဖြစ်ခဲ့လို့ ဆွေးနွေးရာတွင် အချိန်ပေးရမှာ ဖြစ်သောကြောင့် ကြိုတင်မေတ္တာရပ်ခံတောင်းပန်ခြင်း ဖြစ်ပါတယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်။ နိုင်ငံတစ်နိုင်ငံက ဒီမိုကရေစီစနစ်ထူထောင်ရာမှာ အရပ်ဘက်လူ့အဖွဲ့အစည်း များ ရှင်သန်ကြီး ထွားလာဖို့ လိုအပ်ပါတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းများ ကောင်းစွာရှင်သန် ကြီးထွားလာရင်း နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်း မြင့်မားလာပြီး လွှတ်တော်ရဲ့ Check and Balance လုပ်ငန်းကိုလည်း ကောင်းစွာ အထောက်အကူပြုလာနိုင်မှာ ဖြစ်ပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်းများ စည်းကမ်းစနစ်ကျနစွာ ရှင်သန်ကြီးထွားလာခြင်းသည် ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်တစ်ခုလည်း ဖြစ်ပါတယ်။ လေ့လာခဲ့တဲ့ ဒီမိုကရေစီ နိုင်ငံများမှာ အစိုးရက အရပ်ဘက် လူ့အဖွဲ့အစည်းများကို ကောင်းစွာအထောက်အပံ့ပေးပြီး အားပေးကူညီမှုများ ပြုလုပ်ပါတယ်။ သူတို့ တွေရဲ့ နိုင်ငံများမှာ အသင်းအဖွဲ့ သို့မဟုတ် ဖောင်ဒေးရှင်းတွေက မရေမတွက်နိုင်အောင် ရှိနေပါ တယ်။ ဒီအသင်းအဖွဲ့ သို့မဟုတ် ဖောင်ဒေးရှင်းတွေကို အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီများက အထောက်အပံ့ပြုပေးသလို အသင်းအဖွဲ့ သို့မဟုတ် ဖောင်ဒေးရှင်းတွေကလည်း ၎င်းတို့ရဲ့ နိုင်ငံတော်အစိုးရနှင့် လွှတ်တော်အတွက် အစွမ်းကုန်ပံ့ပိုးပေးတာကို လက်တွေ့မြင်ခဲ့ရပါတယ်။ အများသော အားဖြင့် ဒီအသင်းအဖွဲ့ သို့မဟုတ် ဖောင်ဒေးရှင်းများဟာ ဒီမိုကရေစီစနစ်ထူထောင်ဖို့ နဲ့ မိမိတို့ရဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဦးတည်ပြီး ဆောင်ရွက်နေတာကို လေ့လာတွေ့ရှိရပါ တယ်။ ဒီမိုကရေစီစနစ် ထူထောင်နေတဲ့၊ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေကိုလည်း ကူညီပံ့ပိုးပေးနေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဥပမာ EU နိုင်ငံများထဲမှာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖောင်ဒေးရှင်း များတည်ထောင်ထားကြပြီး အဆိုပါ ဖောင်ဒေးရှင်းမှ ပါလီမန်အတွက် လိုအပ်သော အချက်အလက်၊ Data များ၊ Result များနှင့် လိုအပ်သည့်များကို ကူညီပံ့ပိုးပေးလျက်ရှိနေပါတယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့ နိုင်ငံမှာ နိုင်ငံတော်အစိုးရအဆက်ဆက်က အသင်းအဖွဲ့များ သို့မဟုတ် အစည်းအရုံးများ သို့မဟုတ် NGO ပတ်သက်ပြီး ရည်ရွယ်ချက်များနှင့် မူဝါဒများချမှတ် ပြီး လုပ်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ ဥပဒေအမှတ် ၆/၈၈ ကို ပြဋ္ဌာန်းခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရ ပါတယ်။ ၁၉၉၃ ခုနှစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်နှင့် ယခုလက်ရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒီမိုကရေစီခေတ်မှာလည်း ဥပဒေကို ပြင်ဆင်ဖြည့်စွက်ခြင်း မပြုဘဲ ဆက်လက် ကျင့်သုံး နေလျက်ရှိနေပါတယ်။ ဒါပေမယ့် နိုင်ငံတော်ရဲ့မူဝါဒများကတော့ တစ်ဖြည်းဖြည်း ပြောင်းလဲလာတာကို တွေ့မြင်နေရပါတယ်ရှင့်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄(ဂ)မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင်‌့ တရားအကျိုးငှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့် မဆန့်ကျင်လျှင် အသင်းအဖွဲ့များ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ကို လွတ်လပ် စွာဖွဲ့စည်းဆောင်ရွက်ခွင့်ရှိသည်လို့ ဖော်ပြပါရှိပါတယ်။ ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နိုင်ငံတော် က မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGO)၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း များ (INGO) တို့ပူးပေါင်းပါဝင်မှုဖြင့် လူမှုစီးပွားဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရာတွင် စနစ်တကျနှင့် အဆင်ပြေချောမွေ့စေရေးတို့အတွက် လုပ်ငန်းလမ်းညွှန်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီ လမ်းညွှန်ချက်ရဲ့ ရည်ရွယ်ချက်ထဲမှာ (၁) နိုင်ငံတော်၏ အကျိုးစီးပွားကို ပိုမိုဖြစ်ထွန်းစေရန်နှင့် ကာကွယ်စောင့်ရှောက်ရန်၊ (၂) အချုပ်အခြာအာဏာကို ထိခိုက်နိုင်သည့်ကိစ္စရပ်များ မဖြစ်ပေါ်စေ ရန်၊ (၃) နိုင်ငံတော်အတွက် အနှောင့်အဖွဲ့ကင်းလွတ်သော ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်စေရန်၊ (၄) နိုင်ငံတော်လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေရန် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ NGO နှင့်  INGO များနှင့် ဆောင်ရွက်ရာတွင် လုပ်ငန်း များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လမ်းကြောင်းမှန် လမ်းညွှန်မှုပြုရန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သော အကူအညီများပံ့ပိုးပေးရန်နှင့် လိုအပ်သည့် ညှိနှိုင်းပေါင်းစပ် မှုများ ဆောင်ရွက်ပေးနိုင်ရန် ဆိုပြီးတော့ မူများပြောင်းလဲလာခဲ့ပါတယ်။ အဲဒီအပြင် ၂၀-၁၀-၂၀၁၁ ရက်စွဲပါစာ၊ ၂-၁၂-၂၀၁၁ ရက်စွဲပါစာ၊ ၂၃-၂-၂၀၁၂ ရက်စွဲပါစာများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်း များ၊ NGO နှင့်  INGO များနှင့် ဆက်သွယ်ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ အဆိုပါ အဖွဲ့အစည်း များ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ စသည့် ညွှန်ကြားချက်အမျိုးမျိုးလည်း ထွက်ပေါ်လာခဲ့ပါ တယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်။ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်များဖြစ်တဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့ကို နိုင်ငံတစ်ဝန်းမှာ ဆောင်ရွက်နေလို့ နိုင်ငံတကာအဖွဲ့အစည်းများ အနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုင်ရာ လုပ်ငန်းစဉ် ၈ ရပ်မှာ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ လမ်းညွှန်ခဲ့သလို ယခင်အစိုးရလက်ထက်မှာ အထက်ပိုင်းမှာသာရှိတဲ့ အစိုးရဌာန အဖွဲ့အစည်းများနှင့်သာ ပေါင်းစပ်ညှိနှိုင်းခဲ့သော်လည်း ယခုအစိုးရလက်ထက်မှာ နိုင်ငံတော်ရဲ့စီမံခန့်ခွဲမှု ပုံစံသစ်အောက်မှာ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့အစည်းများနှင့် လည်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ဖို့ ညွှန်ကြားထားတာကိုလည်း လေ့လာတွေ့မြင်ခဲ့ရပါတယ်ရှင့်။ အဲဒီညွှန်ကြားချက်များ ထဲမှာ ခေတ်မီတဲ့အတွေးအခေါ်တွေ ပါဝင်နေသလို ခေတ်မမီတဲ့ ဒီမိုကရေစီ စံချိန်စံညွှန်းမမီတဲ့ အတွေးအခေါ် ယူဆချက်များလည်း ပါဝင်နေတာကို တွေ့မြင်ရပါတယ်။ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေအမှတ် ၆/၈၈ ဥပဒေမှာ အခန်း ၅ ခန်းနှင့် ပုဒ်မပေါင်း ၉ ခုပါရှိပါတယ်။ အဲဒီဥပဒေမှာ ပါရှိတဲ့ ပုဒ်မများဟာ ခေတ်နှင့်လျော်ညီမှုမရှိတော့သလို ပြည့်စုံလုံ လောက်မှုမရှိတော့ပါဘူးရှင့်။ အဲဒီဥပဒေ အခန်း(၃) ဖွဲ့စည်းခွင့်မရှိသော အသင်းအဖွဲ့များ အောက် မှာ ပါတဲ့ ပုဒ်မ ၅(ဃ) ကို ဥပမာအဖြစ် တင်ပြပါရစေရှင့်။ ပုဒ်မ ၅(ဃ) မှာ နိုင်ငံတော် အုပ်ချုပ် ရေးယန္တရားရှိ ပြည်သူ့တပ်မတော်၊ ပြည်သူ့ ရဲတပ်ဖွဲ့စသော ကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းအသီးသီး၊ နိုင်ငံပိုင်စီးပွားရေး ဘုတ်ကော်ပို့ရေးရှင်းနှင့် အဖွဲ့အစည်းအသီးသီးမှ ဝန်ထမ်းများ သို့မဟုတ် နိုင်ငံတော်ဘဏ္ဍငွေမှ လစာရယူကြသော ဝန်ထမ်းတစ်ဦးဦး သို့မဟုတ် ဝန်ထမ်းများ ပါဝင်ဖွဲ့စည်းထားပြီး နိုင်ငံရေး အသင်းအဖွဲ့တစ်ခုခု၏ သြဇာခံယူသော သို့မဟုတ် နိုင်ငံရေးအသင်းအဖွဲ့တစ်ခုခုနှင့် ဆက်သွယ်သော အသင်းအဖွဲ့လို့ ဖော်ပြပါရှိပါ တယ်ရှင့်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်။ ဒီအတွေးအခေါ်များဟာ ခေတ်နှင့်လုံးဝလျော်ညီမှု မရှိ တော့ပါဘူးရှင့်။ ဝန်ထမ်းဖြစ်တဲ့ ပညာရေးနှင့် ကျန်းမာရေး ဆရာ ဆရာမများဟာ လူမှုရေးကိစ္စကို အထူးစိတ်ဝင်စားကြပါတယ်။ အခြားသော ဝန်ထမ်းများကလည်း တစ်ပါးသူများကို ကူညီပံ့ပိုးပေးဖို့ အထူးစိတ်ဝင်စားကြပါတယ်။ ဒါပေမယ့်အသင်းအဖွဲ့တွေကို ပေါ်ပေါ်ထင်ထင် မကူညီရဲ့ကြလို့ တစ်ဘက်လက်ဖြင့် ကူညီပေးနေရပါတယ်။ ပြည်နယ်မှာရှိတဲ့ အဖွဲ့တစ်ခုဟာ ဝန်ထမ်းများဖြစ်ပြီး လူမှုရေးကို အထူးစိတ်ဝင်စားကာ အလုပ်လည်း လုပ်ကြပါတယ်။ အဲဒီအဖွဲ့ဟာ လစဉ်ငွေစုပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ကြပါတယ်။ ဒါ့အပြင် ဒီထက်ကျယ်ပြန့်တဲ့ အခြားဖွံ့ဖြိုးရေးလုပ်ငန်း တွေ လုပ်ချင်ပေမယ့် လုပ်ခွင့်မသာခဲ့ပါဘူးရှင့်။ ဒါပေမယ့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာနှင့် မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှာတော့ ဝန်ထမ်းများ ပါဝင်ခွင့်ရအောင် လေ့လာတွေ့ရှိခဲ့ရပါ တယ်ရှင့်။ ဒါ့အပြင် နိုင်ငံရေးပါတီများမှာ ပါတဲ့ ကိုယ်စားလှယ်များဟာ မိမိတို့နှင့်သက်ဆိုင်သော စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့ဝင်များ အများစုဖြစ်နေပါတယ်။ ရွေးကောက်ပွဲကို ဝင်တော့မယ်၊ ပါတီကို ဝင်တော့မယ်ဆိုရင် အဲဒီအဖွဲ့က အသီးသီးထွက်ကြရပါတယ်။ ဒါဟာ အသင်းအဖွဲ့ ဥပဒေ ကြောင့် ထွက်ရတာပါ။ ဒါဟာ ခေတ်နှင့်မလျော်ညီသော အတွေးအခေါ်ဖြစ်နေကြောင်းလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်ရှင့်။ သူများနိုင်ငံတွေမှာ ကိုယ်စားလှယ်ဖြစ်လာရင် သူတို့ရဲ့ မိန်းမ သို့မဟုတ် ဆွေးမျိုးများက ဖောင်ဒေးရှင်းတည်ထောင်ပြီး သတင်းအချက်အလက်တွေကို ထောက်ပံံ့ ပေးတာ တွေ့မြင်ရပါတယ်။ လူတစ်ဦးတစ်ယောက်ဟာ လူမှုရေးဖွံ့ဖြိုးရေးတွေကို စိတ်ပါဝင်စားမှ နိုင်ငံတော်ရဲ့ အရေးအရာတွေကို စိတ်ပါဝင်စားပြီး ထိရောက်စွာ ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်များဟာ နိုင်ငံရေးဖွံ့ဖြိုးရေးနှင့် လူမှုရေးတွေကို စိတ်ပါဝင်စားပြီး နိုင်ငံတော် ဖွံ့ဖြိုး ရေးအတွက် လုပ်ပေးချင်သူ များပြားပါတယ်။ မိမိတို့ရဲ့ ဒေသဖွံ့ဖြိုးရေးကို လုပ်ကိုင်ရာမှာ NGO နှင့်  INGO တို့နှင့် ပူးပေါင်းလုပ်ကိုင်ခြင်း၊ အသင်းအဖွဲ့များတွင် ပါဝင်၍ လူထုများကို ထိရောက်စွာ လုပ်ကိုင်နိုင်ခြင်းတို့ ဖြစ်ဖို့လည်း လိုအပ်ပါတယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်။ နိုင်ငံတော်အစိုးရက ဘာကို စိုးရိမ်နေသလဲဆိုတာ ကျွန်မ နားလည်သဘော ပေါက်ပါတယ်ရှင့်။ ယခုခေတ်က ဒီမိုကရေစီခေတ်လည်း ဖြစ်နေပါပြီ။ လူထုက ဒီမိုကရေစီအတွေး အခေါ်တွေ၊ မိမိတို့ကိုယ်တိုင် စဉ်းစားဆင်ခြင်နိုင်တဲ့ အတွေးအခေါ်တွေ ရှင်သန်ရင့်သန်လာဖို့ အလွန်လိုအပ်နေပါပြီ။ ဒီလိုမျိုးဖြစ်ဖို့က အသင်းအဖွဲ့တွေ ရှင်သန်ကြီးထွားလာဖို့ လိုအပ်ပါတယ်။ အသင်းအဖွဲ့များ ရှင်သန်ကြီးထားပြီး လူထုကို ကောင်းစွာကူညီနိုင်ရန် အစိုးရက အစွမ်းကုန်ကူညီရ မှာ ဖြစ်ပါတယ်ရှင့်။ ယခုခေတ်မှာ ဒီမိုကရေစီအတွေးအခေါ်များလည်း ရှိသင့်သလောက် ရှိနေကြပါ ပြီဖြစ်ပါတယ်။ လူထုမှာ စဉ်းစားဆင်ခြင်နိုင်တဲ့ အတွေးအခေါ်များ၊ ဒီမိုကရေစီအတွေးအခေါ်များ ရင့်သန်လာရင် မိမိကိုယ့်ကို ထိန်းသိမ်းနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်အစိုးရကနေ စိုးရိမ် ပူပန်မှုများကို လျော့ချပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်။ လမ်းညွှန်ချက်များကို လေ့လာရာမှာ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့ အစည်းများ (NGO)၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO) များပါ ပြည်ထဲရေး ဝန်ကြီးဌာနတွင် မှတ်ပုံတင်လျှောက်ထားရကြောင်း လေ့လာတွေ့ရှိရပါတယ်။ ဒါပေမယ့် မှတ်ပုံတင် လျှောက်ထားရာတွင် ယခင်ဥပဒေကြောင့် လွန်စွာခက်ခဲနေပြီး မှတ်ပုံတင်ရခွင့် နည်းပါးကြပါတယ်။ များသောအားဖြင့် နားလည်မှုများ ဖြင့်သာ အလုပ်လုပ်ကိုင်နေကြရပါတယ်။ ဥပမာ ကျွန်မတို့ တောင်ကြီးမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းကို မှတ်ပုံတင်ခွင့် အကြိမ်ကြိမ်လျှောက်ထားရာ နှစ်ပေါင်း ၅၀ သာ ကျော်လာခဲ့ပါတယ်။ ယခုအချိန်အထိ မရသေးပါရှင့်။ မှတ်ပုံတင်ခွင့်ရရေးကို လွယ်ကူလျင်မြန်စွာ ပြုလုပ်ပေးသင့်ပြီး မှတ်ပုံတင်ကြေးကိုလည်း လျော့ချပေးသင့်ပါတယ်။ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO) ကိုလည်း အစိုးရထံတွင် မှတ်ပုံတင်ရန် လမ်းညွှန်ထားသောကြောင့် နိုင်ငံတကာစံနှုန်းနှင့် ညီညွတ်သော ဥပဒေသစ်ကို ပြဋ္ဌာန်းပေးသင့်ပါ တယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်။ ထုတ်ပြန်ခဲ့သော လမ်းညွှန်ချက်များမှာ ခေတ်နှင့်လျော်ညီမှုရှိအောင် ဆောင်ရွက် ထားခဲ့သော်လည်း ယခင်ဥပဒေကို ရုပ်သိမ်းမှုမပြုခဲ့၍ ဥပဒေပိုင်းအနေဖြင့် ကြည့်လျှင် လမ်းညွှန်ချက်များသည် ဥပဒေကို ကျော်လွန်နေသည်ဟု ရှုမြင်နေရပါတယ်။ ဒါကြောင့် အသင်းအဖွဲ့ များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၆/၈၈ ကို လုံးဝရုပ်သိမ်း၍ အသစ်ပြန်လည် ပြဋ္ဌာန်းသင့်ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်ရှင့်။ ဒီမိုကရေစီ အနှစ်သာရပြည့်ဝပြီး စစ်မှန်သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တည်ဆောက်ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အရပ်ဘက်လူ့အဖွဲ့အစည်း NGO,  INGO များ တည်ထောင်နိုင်ရန် ခေတ် စနစ်နှင့်လျော်ညီတဲ့ အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ အသစ်တစ်ရပ် အလျင်အမြန် ပြဋ္ဌာန်းဖို့ လိုအပ်ပါကြောင်း ဦးသိန်းညွန့်တင်သွင်းတဲ့ အဆိုအပေါ် ဆွေးနွေး အကြံပြုအပ်ပါတယ် ရှင့်။

Standard (Image)