ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ် အားလုံးကို လေးစားပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီ တိုင်းဒေသကြီး၊ ပန်းတနော် မဲဆန္ဒနယ်မှ ဦးမန်းမောင်မောင်ဉာဏ် ဖြစ်ပါတယ်။ ကျွန်တော် ဆွေးနွေးမယ့် ကိစ္စကတော့ သင်္ဃကျွန်း မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးသိန်းညွန့်တင်ထားတဲ့ NGO တွေ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် ပတ်သက်ပြီးတော့ နိုင်ငံတော်အစိုးရကို လွှတ်တော်ကတိုက်တွန်းကြောင်းအဆိုကိုထောက်ခံ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ တကယ်ကတော့ မှတ်ပုံတင်တဲ့ကိစ္စကတော့ ရှိတော့ရှိထားပြီးသားပဲ။ ရှိထားပေမယ်လို့အသက်ဝင်လှုပ်ရှားနိုင်အောင်တော့ ခေတ်နှင့် စနစ်နှင့်ညီအောင်တော့လုပ်နိုင်တဲ့ သဘောလို့ယူဆရမယ်။ ကျွန်တော်တို့ လူတွေကလည်း ဘာဖြစ်လာလဲဆိုတော့အသင်းဖွဲ့ချင်တဲ့ဆန္ဒ ပြီးတဲ့အခါကျတော့ NGO တွေပေါ့လေ။ အစိုးရမဟုတ်တဲ့ ဖွဲ့ချင်တဲ့ဆန္ဒနတွေကအများကြီးပဲ။ ဖွဲ့လည်းဖွဲ့ကြတာပဲ မျက်စိကိုလည်နေတာပဲ။ ကျွန်တော်တို့ဒီထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ လည်း NGO ထဲမှာ တစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့ပါတဲ့လူလည်းရှိမှာပဲ။ အနည်းဆုံးတော့ ဂေါပကအဖွဲ့၊ ဘုရားအဖွဲ့ ဒီလိုဟာမျိုးတွေရှိမှာပဲ။ ကျောင်းသားမိဘအဖွဲ့တွေလည်းရှိမှာပဲ။ ဆိုတော့အဖွဲ့တွေ ကလည်းအများကြီးပဲ။ အဲ့ဒီလိုထဲမှာ မှတ်ပုံတင်ဥပဒေက ခေတ်နှင့်လျော်ညီအောင်မလိုက်နိုင်လို့ရှိရင် အများကြီးပြဿနာဖြစ်နေတာတွေ့ရပါတယ်။ ကျွန်တော့်ကိုယ်တွေ့ပါ။ ကျွန်တော် ရန်ကုန်မှာရှိတဲ့ ပန်တနော်မြို့နယ်အသင်းမှာ ဥက္ကဋ္ဌ ၃ နှစ်လုပ်ခဲ့တယ်။ မှတ်ပုံတင်လိုက်တဲ့အခါ ၄ နှစ်အထိမကျလာ ပါဘူး။ ကျွန်တော်ထွက် သွားတော့မှာ ၅ နှစ်လောက်ကြာတော့မှကျလာပါတယ်။ အဲ့ဒီလိုပဲ ကျွန်တော်တို့လှော်ကားသဘာဝ ဥယျာဉ်နောက်ကျောမှာ ကျွန်တော်တို့ တည်ထောင်ထားတဲ့ အမြိုက်တရားစခန်းရှိပါတယ်။ အဲ့ဒီမှာ သမိတိအဖွဲ့မှတ်ပုံတင်ပါတယ်။ ၁၅ နှစ်လောက်ရှိသွားပါပြီ။ အခုအထိမှတ်ပုံတင်မကျလာပါဘူး။ ဒါဟာ ကျွန်တော်တို့ NGO များနှင့်ပတ်သက်ပြီးတော့ ဥပဒေဟာ ခေတ်နှင့်လျော်ညီအောင်မရှိတဲ့ အတွက် နှောက်နှေးကြန့်ကြာမှုရှိနေတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့်မို့လို့ ဒီဥစ္စာကို ခေတ်နှင့်လျော်ညီအောင်ပြင်ဆင်ပေးဖို့လိုအပ်ပါတယ်။ ဒါကလည်း အစိုးရကို တိုက်တွန်းရမှာပါ။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ဒီနေ့ ဒီအချိန်အခါမှာ NGO ဆိုတဲ့ဟာက အများပြည်သူကိုစုပေါင်းပြီးတော့ ကူညီတဲ့သဘောပဲ။ အနှစ်သာရက တစ်ယောက်တည်းအားနဲ့လုပ်လို့ မရဘူး။ အများနှင့်စုပေါင်းပြီးတော့ အားနည်းတဲ့သူကိုကူညီရမယ့်သဘောပဲ။ ဒီလိုပဲတွေ့ပါတယ်။ ဒါကြောင့်မို့လို့ NGO တွေနှင့်ပတ်သက်လို့ အခုလိုပြောင်းဆန်နေတာ၊ ပွထနေတာဆိုတဲ့အချိန်မှာ ဒီ NGO တွေနှင့်ပတ်သက်တဲ့ဖွားရာ၊ လားရာကိစ္စလေးကိုနည်းနည်းတင်ပြချင်ပါတယ်။ အဲ့တော့ NGO တွေဟာ ခုနကလို စောစောက ပုဂ္ဂိုလ်တွေဆွေးနွေးသွားတဲ့ အထဲမှာပါပါတယ်။ အမျိုးမျိုးပဲ မြို့နယ်အသင်းတွေလည်းရှိတယ်။ ပညာရေးကိုအကြောင်းပြုတာရှိတယ်။ ကျန်မာရေးကိုအကြောင်းပြု တာရှိတယ်။ ဘာသာရေးကိုအကြောင်းပြုတာရှိတယ်။ ဆင်းရဲသားကိုအကြောင်းပြုတာရှိတယ်။ သဘာဝဘေးဒဏ်ကို အကြောင်းပြုတာရှိတယ်။ အမျိုးမျိုးကို အခြေခံပြီးတော့ NGO ဖြစ်လာတာပါ။ ဖြစ်လာတဲ့အခါကျတော့ ရည်ရွယ်ချက် အတိုင်းတကယ် လုပ်သလားဆိုတဲ့ အခါကျတော့ စေတနာမှန်တဲ့ ရိုးဖြောင့်သော၊ သဘောရိုးရှိသော NGO များက တကယ့်ကို ထိထိရောက်ရောက် လုပ်နိုင်ပါတယ်။ တချို့ကျတဲ့ အခါကျတော့လည်း NGO ကိုအကြောင်းပြုပြီးတော့ ကိုယ်ကျိုး စီးပွားရေးရှာတာတွေလည်း ရှိတယ်။ ဒါတွေလည်းတွေ့ရတယ်။ နောက်ကျွန်တော်တို့ ကိုယ်ကျိုးစီးပွားရှာတယ်ဆိုတာ တချို့ တချို့ရင် အများဆီမှာအလှူခံပြီးတော့ အိတ်ထဲထည့်တယ်။ ကျန်တဲ့ အနည်းအကျဉ်းကို ပြည်သူအတွက် ပေးတယ်။ ဒီလိုဟာမျိုးတွေ ကျွန်တော်တို့တွေ့ရပါတယ်။ ဒါပေမယ့် ဒီလိုဟာမျိုးတွေလည်း ကျွန်တော် တို့က အရေးယူနိုင်တဲ့အခြေအနေရှိရမယ်။ အခု NGO လုပ်တာတွေဆိုလို့ရှိရင် ကျွန်တော်တို့ ဟုတ်တာကို မဟုတ်တာကို ဒီလိုပဲကြည့် နေရတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ အဲ့ဒီလိုကြည့်နေရ တယ်။ ဒါကြောင့်မို့လို့ ဒီနေ့ ဒီအချိန်အခါမှာ NGO တွေကို Group လုပ်လိုက်သလို လုပ်စေချင်ပါ တယ်။ ဒီ NGO တစ်ခုကဘာအတွက်ဖွဲ့တာလဲ။ ပညာရေးလား။ ကျန်းမာရေးလား။ သွေးလှူဖို့လား။ သဘာဝ ဘေးဒဏ် ကယ်ဆယ်ဖို့လား။ အဲ့ဒီလို ရှိတဲ့ဥစ္စာတွေဟာ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိ သဖြင့် Grouping လေးတွေလုပ်ပြီးတော့ အဲ့ဒီ Grouping နောက်မှာ သင့်တော်တဲ့ စည်းကမ်းတွေချပြီး တော့လုပ်ထားစေချင်ပါတယ်။ အဲ့ဒီလို သင့်တော်တဲ့စည်းကမ်းချက်တွေချပြီးတော့မှ ဒီစည်းကမ်း ဘောင်အတွင်းမှာမှတ်ပုံတင်ထားတဲ့ အထူးသဖြင့် ကျွန်တော်တို့ ဆောင်ပုဒ်အတိုင်း တိုင်းရင်းသား စည်းလုံးညီညွတ်မှု အန္တရာယ်တွေ ကာကွယ်ဖို့၊ အချုပ်အခြာ အာဏာ ပျက်စီးမယ့် ဟာတွေကာကွယ် ဖို့ ဒီပေတံတွေနဲ့ တိုင်းပြီးတော့ ဒီ NGO တွေရဲ့ လုပ်ကိုင်ဆောင်ရွက် တဲ့ဟာတွေကို လေ့လာဖို့လိုပါ တယ်။ နို့မဟုတ်လို့ရှိရင်တော့ ဒီ NGO တွေဟာ တော်တော်လေးပြန့်နှံ့ပြီးတော့ တော်တော်လေးကို ရောက်နေပါတယ်။ NGO ကြောင့် ဒုက္ခရောက်တာတွေလည်းရှိပါတယ်။ NGO ကြောင့် ကောင်းတာ တွေလည်း ရှိပါတယ်။ အထူးသဖြင့် UN လွန်ခဲ့တဲ့ ၄၊ ၅၊ ၆၊ ၇ နှစ်လောက်က တည်းကလာပြီး လာပါတယ်။ NGO တွေက UNDP ဆိုပြီးတော့ တောရွာမှာငွေချေးတယ်။ ၁၀ ယောက် ၁၀ ယောက် တစ်ဖွဲ့ဖွဲ့ပြီးငွေချေးတယ်။ ဝိုင်းကြီးချုပ်ပေါ့လေ။ ပြီးတဲ့အခါကျတော့ ငွေချေးပြီးသွားတဲ့ အခါကျတော့ ပိုက်ဆံချေးသွားတဲ့လူက အလုပ်မှမရှိတဲ့အခါကျတော့ ချေးတဲ့ပိုက်ဆံစားတာကုန်ရော၊ ကုန်တဲ့ အခါကျတော့ သူ့ဟာလေးကို နောက်တစ်ခါ ကြွေးပြန်ဆပ်ပြီးတော့ နောက်တစ်ခါ ပြန်ပြီးတော့ ချေးရမယ့်ဆိုတဲ့ အခါကျတော့ နောက်တစ်ခါ ကြွေးဆပ်စရာ မရှိဘူး။ အဲ့ဒီအခါကျတော့မှ အိမ်ပေါင်ရာ တာနှင့် အိုးခွက် ပေါင်ရတာနဲ့ဖြစ်လာပြီးတော့ ဆပ်နိုင်အောင် ဟိုချေး ဒီချေးနဲ့သွားဆပ်တယ်။ အဲ့ဒီလို ဟာမျိုးတွေ ဒုက္ခရောက်တာလည်းရှိပါတယ်။ ပိုက်ဆံကတော့ ချေးတာကောင်းပါတယ်။ သို့သော် လည်း ချေးတိုင်းမကောင်းပါဘူး။ ဒီလိုလည်းရှိပါတယ်။ ဒါလည်း အများကြီး သင်ခန်းစားယူရမယ့် ကိစ္စရှိပါတယ်။ အဲ့ဒီလိုပဲ ပြန်ကြည့် လိုက်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ NGO တွေကို ဒီလို စည်းကမ်း ဥပဒေတွေနဲ့ ထားပေးဖို့က တစ်ပိုင်း၊ အခုလို NGO တွေပြန့်ပွားနေတဲ့ အခါမှာ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အခါမှာ လွယ်လွယ်ကူကူ ဖြစ်အောင် စည်းမျဉ်း၊ စည်းကမ်းတွေ လုပ်ပေးဖို့က တစ်ပိုင်း၊ ဒါတွေ အမြန်ဆုံး ဆောင်ရွက်ဖို့လိုပါတယ်။ အဲ့ဒီလိုမှ လုပ်မပေးရင် ဘာတွေလုပ်လို့ ဘာတွေကိုင်လို့ စည်းကမ်းတွေ ဘယ်လို ဖောက်လို့ ဆိုတာ လေ့လာဖို့ခက်ပါတယ်။ လေ့လာဖို့ ခက်ပါတယ်။ ဘယ်သူမှ လည်း လေ့လာမှု မရှိဘူးလို့ထင်ပါတယ်။ ရွာတွေမှာ လုပ်နေကြတာပဲ။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော့် အနေနဲ့ ကျွန်တော် တင်ပြချင်တာကတော့ ဦးသိန်းညွန့်တင်တဲ့ အဆိုဟာ ဒီနေ့ခေတ်နှင့်လျော်ညီပါ တယ်။ ဒီဥစ္စာကို ကျွန်တော်တို့ NGO မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေက မလုပ်လို့မဖြစ်ပါဘူး။ လုပ်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ NGO နှင့်ပတ်သက်ပြီးတော့ အမြတ်ထုတ်တဲ့ သူလည်းရှိတယ်။ NGO နှင့်ပတ်သက်ပြီးတော့ တကယ့်ပြည်သူကို အကျိုးပြုတာတွေလည်းရှိနေတယ်။ ဒါတွေကို ခွဲခြား ပြီးတော့ လေ့လာပြီးတော့ မှတ်ပုံတင်တဲ့ ကိစ္စကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကိုလည်း အမြန်ဆုံး လုပ်ပေးမှကောင်းမယ်လို့ထင်တယ်။ ကျွန်တော့် အထင်ပြောရရင် ဘာဖြစ်လို့လဲဆိုတော့ ကြာလေ များလာလေပဲ။ ဒါကျွန်တော်တို့အတွေးမှာပဲရှိတယ်။ အပြည်ပြည်ဆိုင်ရာကလာတဲ့ NGO တွေလည်း ရှိသေးတယ်။ ကျွန်တော်တို့ လူမျိုးတွေကလည်း မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီ လက်ထက်တုန်းက တော့ တံခါးပိတ်ထာ းသလိုဖြစ်တော့ အခုမှတံခါးဖွင့်လိုက်တာ အဲ့တော့က နိုင်ငံခြားဆိုရင်သိပ်အထင် ကြီးတယ်။ ဒီလိုဟာမျိုးသဘောတွေဖြစ်တယ်။ တောက်လျှောက် ပိတ်ထားတာ။ နိုင်ငံခြားသိပ်အဆက် အသွယ်မရှိဘူးဆိုတော့ပိတ်ထားတာ နိုင်ငံခြားဆိုရင် အထင်ကြီးချင်တယ်။ အဲ့ဒီလိုရှိတယ်။ အဲ့တော့ ဒီကနေ့ ဈေးကွက်စီးပွားရေးနှင့် ပါလီမန်ဒီမိုကရေစီဆိုတာ လေးဘက်သွားသွားရုံရှိသေးတယ်။ ကမ္ဘာမှာဘိုးအေတွေဖြစ်နေတယ်။ ကျွန်တော်တို့ ဒါကိုအများကြီး သတိထားရမယ်။ ဒါတွေမပြောချင်လို့ တိုက်ဆိုင်လို့ပြောတာပါ။ အဲ့ဒီလိုလာတဲ့ အခါကျတော့ NGO အကြောင်းပြပြီးတော့ အမြတ်ထုတ်တာ တွေကအများကြီးပဲ။ သို့သော် ကျွန်တော်တို့လူတွေသိလားဆိုတော့မသိဘူး။ ဘာဖြစ်လို့မသိလဲဆိုတော့ ကျွန်တော်တို့က အမြင်မကျယ်လို့ အဲ့လိုရှိတယ်။ ဒါကြောင့်မို့လို့ NGO တွေလာတဲ့အခါမှာ ပြည်တွင်း ကပဲလာလာ၊ ပြည်ပကပဲလာလာ အခုနကပေတံနဲ့တိုင်းပြီးတော့ စည်းမျဉ်း၊ စည်းကမ်းနဲ့ Check လုပ်ပြီးတဲ့အခါကျလို့ရှိရင် Check လုပ်နိုင်တဲ့အခြေအနေရှိမယ်။ စိစစ်နိုင်တဲ့ အခြေအနေရှိမယ်။ သူတို့ကို လုပ်ငန်းဘောင်အတွင်းမှာ ထည့်သွင်းနိုင်တဲ့သဘောရှိမယ်။ NGO တစ်ခုလာပြီးတော့ တိုင်းပြည်မှာ အကုန်လုပ်ချင်တာ လုပ်မယ်ဆိုရင်လည်း မဖြစ်ဘူး။ ဒီ NGO ကကျန်းမာရေးလုပ်မှာလား။ ဒီ NGO ကပညာရေးလုပ်မှာလား။ ဒီလိုတော့ ရှိသင့်တယ်လို့ထင်တယ်။ ဒါကြောင့်မို့လို့ နောက်ဆုံး အနေနဲ့ ကျွန်တော် ပြောချင်တာကတော့ သင်္ဃကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်တင်ပြတဲ့ NGO များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းဖို့ နိုင်ငံတော်အစိုးရအား တိုက်တွန်းဖို့ဆိုတဲ့ အဆိုကို ကျွန်တော် လေးလေးနက်နက် ထောက်ခံရင်းနဲ့ တင်ပြပါတယ် ခင်ဗျား။
ဥက္ကဋ္ဌ။ ။ NGO နဲ့ ပတ်သက်လို့ မှတ်ပုံတင်ဥပဒေတွေ ရှိတယ်။ မရှိဘူး မဟုတ်ဘူး။ သို့ရာတွင် ဆိုတဲ့ စကားနဲ့ ဆွေးနွေး သွားတာရှိပါတယ်။ ဒါကြောင့်မို့လို့ ဦးသိန်းညွန့် အပါဝင် ကျန်တဲ့ လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးတဲ့အခါမှာ မူလ ဥပဒေလား သို့မဟုတ်ရင် ကျန်တဲ့ ဆင့်ပွား ဥပဒေများဖြစ်သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း အကန့်အသတ်ဖြစ် နေလားဆိုတာကို မိမိတို့ နယ်ပယ်မှာ သိတယ် ဆိုလို့ရှိရင် တစ်ခါတည်း လွှတ်တော်ထဲမှာ ဆွေးနွေး တင်ပြစေလိုပါတယ်။
