ဦးထွန်းအောင်ကျော် (ပုဏ္ဏားကျွန်း မဲဆန္ဒနယ်)။ ။ အားလုံး ကျန်းကျန်းမာမာ ရှိကြပါစေ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်များ အားလုံး ကျန်းမာ၊ ချမ်းသာကြပါ စေကြောင်း ဆုမွန်တောင်း ဂါရဝပြု အပ်ပါတယ်။ ကျွန်တော်က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော် ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်တင်သွင်းတဲ့ အစိုးရမဟုတ်သော လူ့အဖွဲ့အစည်း NGO များဖွဲ့စည်းရေး၊ ခေတ်နှင့်လျော်ညီသော အစိုးရမဟုတ်သော လူ့အဖွဲ့အစည်း NGO များ၏ မှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်အစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုကို ထောက်ခံအကြံပြုတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတစ်ခုတိုးတက် ဖွံ့ဖြိုးရန် နိုင်ငံတော်အစိုးရအဖွဲ့အစည်းနှင့် လွှတ်တော်အဆင့်ဆင့်ကဲ့သို့သော အဖွဲ့အစည်းတွေက နိုင်ငံတော်မူဝါဒတွေ၊ ဥပဒေတွေ ပြဋ္ဌာန်းချမှတ် လုပ်ဆောင်မှုအရေးပါသလို နိုင်ငံတော်အတွင်း လူမှုရေး၊ စီးပွားရေးများ ပြောင်းလဲ တိုးတက် ဖွံ့ဖြိုးစေရန်အတွက် အစိုးရမဟုတ်တဲ့ လူ့အဖွဲ့အစည်း NGO များနှင့် နိုင်ငံတော်အစိုးရမဟုတ်တဲ့ လူ့အဖွဲ့အစည်း INGO များရဲ့ ဒေသများအပေါ် အခြေခံပြီး ပြည်သူအများရဲ့ လိုအပ်ချက်နဲ့ အခက်အခဲတွေကို ကူညီဖြည့်ဆည်း ထောက်ကူ ပံ့ပိုးခြင်းများ ဟာလည်း နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှု အပေါ်မှာ တစ်ဖက် တစ်လမ်းက အထောက်အကူ ဖြစ်ပေါ်စေပါတယ်။
လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်တော်တို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းမှာ လွှတ်တော် အဆင့်ဆင့်နဲ့ ပြည်သူတွေက ရွေးချယ် တင်မြှောက်တဲ့ နိုင်ငံတော် အစိုးရ ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ ခေတ်တစ်ခေတ်ကို အေးချမ်းစွာ ပြောင်းလဲပြီး ပြည်သူလူထု အစိုးရပေါ်ပေါက်စေခြင်း၊ ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်ထွန်းစေခြင်းဟာ နိုင်ငံတော်ရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအောင်မြင်ခြင်း ပြယုတ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာ တစ်ဝန်း လုံးကလက်ခံ ကျေနပ်ကြတဲ့အထိ အောင်မြင်ဖြစ်ထွန်းတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ရဲ့ နိုင်ငံရေး အပြောင်းအလဲကြီး ဖြစ်ပေါ်လာအောင် နိုင်ငံတော် ခေါင်းဆောင်တွေက အမျော်အမြင်ကြီးမား စွာကြိုးပမ်းအားထုတ်ခဲ့ရသလို နိုင်ငံချစ်စိတ်နဲ့ တစ်ဖက်တစ်လမ်းက ကြံဆောင်ကြိုးစား ကြိုးပမ်း အားထုတ်ခဲ့ကြတဲ့ တာဝန်သိအရပ်ဘက်နိုင်ငံသားများရဲ့ အခန်းကဏ္ဏဟာလည်း နိုင်ငံတော်ရဲ့ အပြောင်းအလဲ အတွက် အလွန်တရာအရေးပါပါကြောင်း ပြည်သူအများသိရှိနားလည်သဘောပေါက် လျက်ရှိကြပါတယ်။ နိုင်ငံတော် အစိုးရအနေနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်မြင့် ဖော်ဆောင်လျက် ရှိပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကဏ္ဏမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ဖြတ်သန်း ဖြေရှင်း အချိန်ယူရအုံးမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်ယူ ဖြတ်သန်းရင်ဆိုင်ရအုံးမယ့်ကာလမှာ နိုင်ငံတော်ရဲ့ အခြေခံလူတန်းစား အများစုအနေနဲ့ စားဝတ်နေရေး ကိစ္စတွေမှာ သိသာတဲ့ သက်သာရာရမှုတွေ လောလောဆယ် မရရှိနိုင်သေးပဲ ထိခိုက်မှုများနဲ့ အပြင်း အထန်ရင်ဆိုင် ဖြေရှင်းနေရဆဲ အွခေအနေမှာပဲ ရှိကြရအုံးမှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ မြို့ပြနေ ဆင်းရဲသားပြည်သူတွေ၊ ကျေးလက်၌ ပြည်နယ် တောင်တန်း ဒေသ ဆင်းရဲသား ပြည်သူတွေရဲ့ အခြေခံ ဘဝလူနေမှု လိုအပ်ချက်၊ စားဝတ်နေရေး လိုအပ်ချက်တွေ၊ အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက် တွေအတွက် အစိုးရ မဟုတ်သော အရပ်ဘက် လူ့အဖွဲ့အစည်း NGO များရဲ့ အကူအညီဟာ အတိုင်း အတာတစ်ခုအထိ ပြည်သူတွေ အတွက် အရေးပါနေအုံးမှာ ဖြစ်ပါတယ်ခင်ဗျား။ ထင်းရှားတဲ့ ဥပမာတွေ အနေနဲ့ပြရရင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်မှု၊ ၂၀၁၀ ခုနှစ် ဂီရိမုန်တိုင်းတိုက်ခတ်မှု များကြောင့် ကြီးမားစွာ သေကြေပျက်စီး ဒုက္ခခံစားရသူတွေကို အစိုးရ အဖွဲ့အစည်းတွေနဲ့အတူ အစိုးရ မဟုတ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း NGO များက ဝိုင်းဝန်းလက်တွဲ ကူညီဆောင်ရွက် ခဲ့မှုများကြောင့် အချိန်တိုကာလအတွင်းမှာ သက်သာမှုရရှိခဲ့ကြသလို ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် အရေးကိစ္စမှာလည်း အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ အရှိန်အဟုန် ကြီးမားစွာ ကူညီမှုပမာဏ ကြီးမားစွာ ဝိုင်းဝန်းပံ့ပိုး လှူဒါန်းကြတဲ့အတွက် အချိန်တိုအတွင်း ထိရောက်စွာဖြေရှင်း ဆောင်ရွက်နိုင်ကြ တာကိုလည်း ကမ္ဘာသိဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ ပေးလျက်ရှိတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း အသင်းအဖွဲ့များ အနေနဲ့ တချို့ဟာ တရားဝင် အသင်းအဖွဲ့အစည်း ဖွဲ့စည်းခွင့် မှတ်ပုံတင်ရရှိခဲ့ပြီး ဖြစ်သော်လည်း တချို့ အဖွဲ့တွေအနေနဲ့ တရားဝင်မှတ်ပုံတင် လျှောက်ထားသော်လည်း မရရှိကြပဲရှိနေတာ တွေ့နေရဆဲဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာက လာရောက် ကူညီပံ့ပိုးကြတဲ့ အစိုးရ မဟုတ်သော အရပ်ဘက် လူ့အဖွဲ့အစည်း INGO များရှိကြသလို ပြည်တွင်း အရပ်ဘက် လူ့အဖွဲ့အစည်းတွေလည်း ရှိနေကြပါ တယ်။ မိမိရပ်ရွာဒေသ လိုအပ်ချက်တွေ အပေါ် အခြေခံပြီး ကူညီ ပံ့ပိုးရန် စေတနာရှင်များနဲ့ ဖွဲ့စည်း ထားတဲ့ အဖွဲ့များ၊ လူသားချင်း စာနာထောက်ထားတဲ့ အဖွဲ့များ၊ မိမိတို့ လုပ်အား ငွေကြေး စိုက်ထုတ်ပြီး လူမှုဒုက္ခ ပြဿနာတွေကို ကူညီဖြေရှင်းပေးနေတဲ့ စေတနာ ဝန်ထမ်းအဖွဲ့တွေ၊ ဘာသာရေးအရ ကုသိုလ် ကောင်းမှုပြုကြတဲ့ အဖွဲ့တွေ စသည်ဖြင့် အဖွဲ့အစည်း အများအပြားရှိကြပါတယ်။ ထိုအတူပဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူ့အရင်းအမြစ် စွမ်းရည်မြှင့်တင်ရေး၊ ပညာရေး ထောက်ပံ့ကူညီရေး၊ စစ်မက် ဘေးဒဏ် ကြရောက်သည်ကို ကူညီရေး၊ သဘာဝ ဘေးဒဏ်ကြရောက်သူများ ကူညီရေး စသဖြင့် လည်း အဖွဲ့အစည်းများ ရှိကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်း ပြောင်းလဲမှု ကာလာမှာ နိုင်ငံတော် သမ္မတကြီးက အရပ်ဘက် လူ့အဖွဲ့အစည်း အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ရန် ပွင့်လင်းစွာ မိန့်ကြား လမ်းညွှန်းထားတာကို ကြားသိကြားရပြီးလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၅၄ (ဂ) မှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်း ဆောင်ရွက်ခွင့်ရှိကြောင်း အတိအလင်း ပြဋ္ဌာန်းထား ပါတယ်ခင်ဗျား။ အခုအခါ အစိုးရမဟုတ်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများအနေနဲ့ မှတ်ပုံတင် လျှောက်ထားရာမှာ အတွေ့အကြုံများအရ မြို့နယ် အုပ်ချုပ်ရေးမှူးများ၏ တာဝန်ခံနိုင်သော အမှုအပေါ်မူတည်ပြီး မြို့နယ်၊ ခရိုင်၊ တိုင်းမှ နေပြည်တော် အဆင့်အထိ အနည်းဆုံး ၃ လကနေ ၆ လအထိ အကြမ်းဖျဉ်းအားဖြင့် အချိန်ယူကြာမြင့်ကြောင်း ကြားသိနေရပါတယ်။ မိမိတို့နိုင်ငံအနေနဲ့ လူသားချင်း စာနာထောက်ထားခြင်းနဲ့ လူသားအကျိုးပြု လုပ်ငန်းများကို စိတ်ကောင်း စေတနာအရင်းခံပြီး ပွင့်လင်းမှန်ကန်စွာ ကူညီပံ့ပိုး ထောက်ကူမှုပြုမယ့် အဖွဲ့အစည်းတွေကို နှောင့်နှေးခြင်း မရှိစေဘဲ ဥပဒေနှင့်အညီ တရားဝင် အဖွဲ့အစည်းများ အဖြစ် မှတ်ပုံ တင်ခွင့်ပြုသင့်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီနေရာမှာ အလျဉ်းသင့်လို့တင်ပြရရင် တချို့သော INGO အဖွဲ့အစည်းများအနေနဲ့ လူသားအကျိုးပြု လုပ်ငန်းများကို ရှေ့တန်းတင်ပြီး လူမျိုးတစ်မျိုးနှင့် တစ်မျိုး မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်အောင် သွေးထိုးလှုံဆော် ပေးခြင်း၊ အကျင့်ပျက် ဝန်ထမ်းတွေက တစ်ဆင့် နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်တဲ့ မဟုတ်မမှန်တဲ့ သတင်းတွေ ဖြန့်ဝေတဲ့ လုပ်ငန်း များမှာ ပါဝင် ကူညီခြင်း အစရှိတဲ့ မလိုလားအပ်တဲ့ ကိစ္စတွေမှာ ပါဝင် ပတ်သက် လှုပ်ရှား နေကြကြောင်း လည်း သိရှိရပါတယ်။ ရခိုင်ပြည်နယ်မှာ တချို့သော UN အဖွဲ့အစည်းများ INGO အဖွဲ့အစည်းများရဲ့ ဝန်ထမ်းများကို ဥပဒေနှင့် ဆန့်ကျင်သော လုပ်ဆောင်ချက်များကြောင့် UN အဖွဲ့အစည်းမှဝန်ထမ်း ၁၀ ဦးအား နိုင်ငံတော်မှ ဖမ်းဆီး အရေးယူ ခဲ့ရတဲ့ သာဓကတွေလည်း ထင်ရှားစွာ တွေ့မြင် နေရပါတယ်။ ဒီလို နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်း တည်ငြိမ်ရေးကို ထိပါး စွက်ဖက်တဲ့ အဖွဲ့အစည်းတွေအပေါ် သေချာစွာ လေ့လာ စစ်ဆေးပြီးမှသာ ပြည်သူအများရဲ့ နယ်ပယ်ထဲသို့ ဝင်ခွင်ပြု သင့်ကြောင်းကိုလည်း ရိုသားစွာ အကြံပြု တင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဥပဒေနှင့် ညီတဲ့အဖွဲ့အစည်း၊ ဥပဒေနှင့် မညီတဲ့အဖွဲ့ အစည်းများအဖြစ် စစ်ဆေး စိစစ် သုံးသပ်တဲ့ နေရာမှာ ပြည်သူများအတွက် အမှန်တကယ် အထောက် အကူပြုနိုင်သော လုပ်ရပ် မှန်ကန်သော အဖွဲ့အစည်းများကို လိုအပ်သည် ထက်ပိုသော လုပ်ထုံး လုပ်နည်းများကြောင့် လုပ်ငန်း နှောင့်နှေးစေခြင်းဖြင့် နိုင်ငံတော်ရဲ့ ပြုပြင် ပြောင်းလဲရေးမှာ ပူးပေါင်း ပါဝင်ထောက်ကူမယ့် အဖွဲ့အစည်းတွေ အတွက် အခက်အခဲများ ဖြစ်ပေါ်စေသလို ပြည်သူများ အနေနဲ့ လည်း ရရှိမယ့် လိုအပ်ချက် သက်သာခွင့်များ ဆုံးရှုံးနိုင်တာကို မိမိတို့အနေနဲ့ သတိမူကြ ရမှာဖြစ်ပါ တယ်။ ထိုအတူပဲ နိုင်ငံတော်အစိုးရရဲ့ အသွင်ကူးပြောင်းရေး ပြုပြင် ပြောင်းလဲမှုတွေကို အဟန့်အတား ဖြစ်ပေါ်စေနိုင်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများ မှတ်ပုံတင်ခြင်းအပေါ် အံ့မဝင်တော့တဲ့ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ခေတ်နဲ့အညီ ပြင်ဆင်ပယ်ဖျက် ပြဋ္ဌာန်းသင့်ပြီး လိုလည်း ရိုးသားစွာ ခံယူ ယုံကြည်မိပါတယ်။ သို့ဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ အစိုးရ မဟုတ်သော လူ့အဖွဲ့အစည်း NGO များဖွဲ့စည်းရေး အတွက် ခေတ်နှင့်လျော်ညီသော အစိုးရ မဟုတ်သော လူ့အဖွဲ့အစည်း NGO များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော် အစိုးရအား ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုအား ထောက်ခံပါကြောင်း လေးစားရိုသေစွာ တင်ပြ အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
