ဦးခင်မောင်ဦး (မုံရွာ မဲဆန္ဒနယ်) မှ အစည်းအဝေး (၂၄) ရက်မြောက်နေ့ မှာ တင်သွင်းသည့် ဦးသိန်းဆွေ၊ အမ်းမဲဆန္ဒနယ်၏ အဆိုကို ဆွေးနွေးခြင်း

အားလုံး မင်္ဂလာပါခင်ဗျား။ ကျွန်တော်က ဒီဥပဒေကို ဆွေးနွေးဖို့ စီစဉ်တဲ့အခါမှာ အများကြီးပါလာပေမယ့် အချိန်ကို ငဲ့ညှာသောအားဖြင့် ခြုံငုံဆွေးနွေး သွားပါမယ်။ စောစောက ရွှေဘို ကကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့အတိုင်း ဥပဒေနောက်က နည်းဥပဒေမပါတဲ့ အခါမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို ပြန်ပြီးတော့ဆယ်လို့ မရတော့ပါဘူး။ ဆယ်မရတဲ့ဟာကလည်း ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ ဒီဥပဒေရဲ့ကာကွယ်မှုမရရှိခြင်း၊ ဆုံးရှုံး ခြင်းလို့သတ်မှတ်ရမှာဖြစ်ပါတယ်။

လွှတ်တော်က ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော် ကိုယ်စားလှယ် အားလုံးဟာ ဥပဒေပြဋ္ဌာန်းရေး အတွက် ပုဒ်မတွေတော့ အကျယ်တဝင့်မရှင်းလင်း တော့ပါဘူး။ အခက်အခဲအများကြီး ကျော်လွှားနိုင်အောင် ပြည်သူ့ အသံသိအောင်၊ ပြည်သူ့ဆန္ဒ သိအောင်၊ ပြည်သူ့ အခက်အခဲ သိအောင် စုံစမ်းပြီးတဲ့နောက် နည်းဥပဒေ၊ ဥပဒေများနှင့်အညီ အချိန်ကာလတော်တော် ယူပြီးတော့ ကြိုးစားလုပ်ကိုင်ကြတဲ့ အကြောင်းလည်း အကျဉ်းချုပ်ပဲ တင်ပြပါ့မယ်။ စောစောက ပြောသလို ၂၀၁၁ ခုနှစ်မှာ ဥပဒေ ၁၅ ခုထွက်တယ်။ ထွက်လာတဲ့ အထဲမှာ ၁၅ ခုထဲမှာ အချို့လည်းပဲ နည်းဥပဒေမလိုလို့မထွက်ခဲ့တာလည်းရှိပါတယ်။ နည်းဥပဒေ လိုရဲ့သားနဲ့ ထွက်မလာတဲ့ အကြောင်းလေးတွေ အသေးစိတ်တင်ပြမနေတော့ဘဲနဲ့ ပညာရေး နှင့်ပတ်သက်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ မထွက်တဲ့အတွက် ဒီကနေ့ ကိုယ်ပိုင်ကျောင်း ဥပဒေဟာ နည်းဥပဒေနောက်ကျတဲ့အတွက် ကာလနဲ့ခြုံ ကြည့်လိုက်တဲ့ အခါမှာ ကျောင်း သားတွေအပ်ပြီးတဲ့အခါကျမှ ကျောင်းရဲ့လိုင်စင်ထုတ်ပေးမယ် ဆိုတာမျိုး၊ အချိန်ကာလကို မအုပ်မိဘဲနဲ့ ဖြစ်သွားတာမျိုးတွေ တွေ့ကြုံရပါတယ်။  အလားတူပဲ လယ်ယာမြေ ဥပဒေမှာလည်း စောစောက ကိုယ်စားလှယ်တင်ပြတဲ့ အတိုင်း ဥပဒေရဲ့ခံစားခွင့်တွေ၊ ဥပဒေရဲ့ကာကွယ်ခွင့်တွေ ဥပဒေနှင့်အညီ လုပ်လို့မရတဲ့ အကြောင်းအချက်တွေ အမျိုးမျိုးပေါ်ပေါက်ပါတယ်။ အလားတူပဲ စီးပွားရေးနှင်‌့ ပတ်သက်တာ လောလောဆယ်မှာ ကျွန်တော်တို့ ဒီလွှတ်တော်မှာ တင်ပြထားတဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေလိုမျိုး၊ ဒါမျိုးဆိုတာ မကြာသင့်တဲ့ အကြောင်းလည်း အားလုံးသိ ပါတယ်။ သို့သော်လည်း သေချာအောင် စိစစ်ပြီးတော့မှ ကော်မတီတွေ အဆင်‌့ဆင်‌့နှင့် ဥက္ကဋ္ဌကြီး ကိုယ်တိုင် ပြည်သူကြားထဲမှာ ပြည်သူ့အသံကိုနားထောင်ရင်း ပြည်သူ့ အခက်အခဲကိုဖြေရှင်းမယ် ဆိုတဲ့စိတ်ဓာတ်နဲ့ လုပ်ခဲ့ကြတဲ့ဥပဒေဟာလည်း ပြည်သူ့လွှတ်တော်ကတော့ ပြီးသွားပါပြီ။ အမျိုးသားလွှတ်တော်မှာ အတည်ပြု ပြီးတော့ ပြည်ထောင်စုမှာ အတည်ပြု ပြီးတဲ့နောက် စောစော က ဦးအောင်သန်း ဆွေးနွေးသွားသလို တစ်ဆက်တည်းနည်းဥပဒေပါ ထွက်သွားမယ်ဆိုရင် မြန်မာနိုင်ငံဟာ မြန်မြန်တိုးတက်မယ်။ မှန်မှန်ကန်ကန်လုပ်ဖို့အချိန်ယူခဲ့ ကြပေမယ့် မြန်မြန် ဆန်ဆန်လုပ်ရမယ့် ကာလကို ရောက်နေပါပြီ။ ဒါမှသာလျှင် အရှိန်အဟုန်နဲ့မြှင့်ပြီးတော့ နိုင်ငံတိုးတက်ရေးအတွက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အကျဉ်းချုပ်အားဖြင့် တင်ပြရလို့ရှိရင် နိုင်ငံသားများနှင့် နိုင်ငံတော် အကျိုးစီးပွား အတွက် လိုအပ်တဲ့ဥပဒေ၊ နိုင်ငံသားများကိုကာကွယ်ပေးမယ့်ဥပဒေ၊ ဒီအကျိုးစီးပွားကိုဖြစ်မြောက်အောင် ပံ့ပိုးနိုင်မယ့် ဥပဒေတွေကို လွှတ်တော်က အားကြိုးမာန်တက် လုပ်ကိုင်နေကြတဲ့အချိန်၊ သက်ဆိုင်ရာ ပြည်ထောင်စု အဆင်‌့ ဝန်ကြီးဌာနများ ကလည်း ဒါတွေကိုမြန်မြန်ဆန်ဆန်ပြီးအောင် နည်းဥပဒေကို အမ်းမဲဆန္ဒနယ်က ဦးသိန်းဆွေ အဆိုပြုထားတာ ထက်စောပြီးလို့ရှိရင်ကောင်းပါတယ်ဆိုတာ ကျွန်တော့်အနေနဲ့တင်ပြရင်းနှင့် ထောက်ခံ ဆွေးနွေးရင်း နိဂုံးချုပ်ပါတယ်။

Standard (Image)