အစည်းအဝေး (၂၄) ရက်မြောက်နေ့ မှာ တင်သွင်းသည့် ဦးသိန်းဆွေ၊ အမ်းမဲဆန္ဒနယ်၏ အဆိုကို ဆွေးနွေးခြင်း

ဥက္ကဋ္ဌ။           ။ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ အစည်းအဝေး (၂၄) ရက်မြောက်နေ့ မှာ အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေ တင်သွင်းထားတဲ့ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းပြီးသည့် ဥပဒေများကို ယင်းဥပဒေနှင့် သက်ဆိုင်သည်‌့ နည်းဥပဒေကို ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းသည် နိုင်ငံတော် သမ္မတလက်မှတ် ရေးထိုး၍ ထုတ်ပြန်ကြေညာပြီး နေ့မှ ရက်ပေါင်း ၉၀ သို့မဟုတ် လွှတ်တော်က သတ်မှတ်သည့် ရက်အတွင်း ထုတ်ပြန်ပြီး ဖြစ်ရန် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းများသို့ တိုက်တွန်းကြောင်း အဆိုကို ဦးစွာ ဒေါက်တာ အောင်သန်း၊ ရွှေဘို မဲဆန္ဒနယ်က ဆွေးနွေးဖို့ ဖိတ်ခေါ် ပါတယ်။

ဒေါက်တာအောင်သန်း (ရွှေဘိုမဲဆန္ဒနယ်)။           ။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။  အချိန်ကို လေးစားသောအားဖြင့် ကျွန်တော် အတိုချုံး ဆွေးနွေး တင်ပြလိုပါတယ်။ အမ်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေရဲ့ အဆိုကို ကျွန်တော်တို့အားလုံး ကြားသိပြီး ဖြစ်ပါ တယ်။  ဥပဒေတစ်ခု ပြဋ္ဌာန်းပြီးသည့် နောက်မှာ နောက်ကလိုက်ရမယ့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေ အလွန် အရေးကြီးပါတယ်။ အလွန်အရေးကြီးတယ် ဆိုတဲ့နေရာမှာ အလျှင်အမြန် နောက်မှာ ဆက်ပြီးတော့ လိုက်ဖို့လည်း အရေးကြီးပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ဥပမာ လယ်ယာမြေ ဥပဒေနှင့် ပတ်သက်ပြီးတော့ အနည်းငယ် ဆွေးနွေးလိုပါတယ်။ လယ်ယာမြေ ဥပဒေမှာ ဥပဒေပုဒ်မ ၂ မှာ နိုင်ငံတော် သမ္မတ၏ လက်မှတ် ရေးထိုးပြီးတော့ ကြေညာတဲ့ အခါမှသာလျင် ဥပဒေ ဟာ စတင် အာဏာတည်ရမယ်လို့လည်း ပါပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၇ မှာ နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးပြီးသော ဥပဒေများ သို့မဟုတ် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုး ချက်ရရှိပြီးသကဲ့သို့ မှတ်ယူရမည်ဖြစ်သော ဥပဒေများကို နိုင်ငံတော်ပြဋ္ဌာန်းတွင် ထုတ်ပြန် ကြေညာ ရမည်။ ထိုဥပဒေတွင် သီးခြားဖော်ပြချက်မပါလျှင် ထုတ်ပြန် ကြေညာသည့် နေ့မှစ၍ အာဏာတည်ရ မည်လို့ ပါရှိပါတယ်။ အခုတော့ ဒီဥပဒေထဲမှာ သီးခြားထုတ်ပြန်ချက်၊ ဖော်ပြချက် ပါရှိနေတာကို တွေ့ရ ပါတယ်။ အဲဒီလိုပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၆ မှာလည်း တည်ဆဲဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်လို့ ဖော်ပြထားပါတယ်။ ပုဒ်မ ၄၄၇ မှာလည်း တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်လို့ ဆိုထားပါတယ်။ အဲတော့ ဥပဒေတစ်ခု တည်ပြီးတဲ့ နောက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာရော၊ ဒီဥပဒေထဲမှာရော အတည်ပြုဖို့ အခြေအနေ အချက်အလက်တွေဟာ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ စောင့်ဆိုင်း နေရတာ ဖြစ်ပါတယ်။ ဒီလို စောင့်ဆိုင်းနေရတဲ့ အတွက်ကြောင့်မို့လို့ တကယ် လွှတ်တော် ကိုယ်စားလှယ်တွေ ဆီကို တင်ပြကြတဲ့ အချို့သော တရားရေး ဆိုင်ရာအမှုများမှာ အကူအညီပေးရတာ အလွန်ခက်ခဲတဲ့ အနေအထားမျိုးလေးလည်း တွေ့ရပါတယ်။ ဒီဥပဒေအရ အမျိုးသမီးတစ်ဦးဟာ လင်ယောင်္ကျား သေဆုံးပြီးတဲ့ နောက်မှာ လင်ယောင်္ကျားပိုင်ဆိုင်တဲ့ လယ်ဧက ၃.၃၇ ဧက အဲဒီ ပိုင်ဆိုင်မှုကို ဆက်လက်ပြီးတော့ လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားတဲ့ နေရာမှာ ဤဥပဒေအရဆိုရင် ဒီမိန်းကလေးဟာ အခွင့်အရေးတွေ အများကြီးရှိပါတယ်။ ဘာလိုလဲဆိုတော့ လယ်ယာမြေ ဥပဒေပုဒ်မ ၉(ခ)မှာ ဆိုလို့ရှိရင် လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည် အောက်ပါ အခွင့်အရေးများကို ရောက်ရှိစေရမည်။ လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လို ဒီဥပဒေအရင်က သီးစားချထားရေး ဥပဒေအရဆိုရင် ဒီရောင်းချတာတို့၊  ပေါင်နှံတာတို့၊ ငှားရမ်းတာတို့ဟာ ဒါတွေဟာ စည်းကမ်းနှင့်မညီ ဆိုပြီးတော့ သီးစားချထားရေး ဥပဒေအရ ခွင့်မပြုခဲ့ပါဘူး။ ဒီစည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုလို ရှိရင် လက်ရှိလုပ်ကိုင်နေတဲ့ ပုဂ္ဂိုလ်ကိုသာလျှင် အနည်းဆုံး ၅ နှစ်လုပ်ကိုင်မယ် ဆိုလို့ရှိရင် ဒီပုဂ္ဂိုလ်ကို လယ်ယာ လုပ်ပိုင်ခွင့်ပေးတယ်လို့ ဆိုလိုပါတယ်။ လယ်ယာမြေ ဥပဒေ ပေါ်ပေါက်လာတဲ့ အခါကျတော့ သီးစားချ ထားရေးဥပဒေကို ပယ်ဖျက်တယ်လို့ ပါပါတယ်။ ပါတဲ့အတွက် ဒီမိန်းကလေး အတွက်က အခွင့်အလမ်း ရှိပါတယ်။ သို့သော်လည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေ မပေါ်သေးတဲ့ အတွက် ဒီဥပဒေ ထဲမှာ၊ လယ်ယာမြေ ဥပဒေထဲမှာ ပါတဲ့ ကျေးရွာအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ ဆိုတာဟာ ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။ ဥပဒေက အာဏာ မတည်သေးတဲ့ အတွက်ကြောင့်မို့လို့ မြေစာရင်း ဦးစီးဌာနကို မေးကြည့်တဲ့အခါကျတော့ ဒီအဖွဲ့တွေဟာ မဖွဲ့သေးရပါ ဘူးတဲ့။ မဖွဲ့ရသေးတဲ့ အတွက်ကြောင့်မို့လို့ ဒီဥပဒေအရ ဒီမိန်းကလေးရဲ့ အခွင့်အရေးကို ကာကွယ် မပေးနိုင်တဲ့အပြင် ဒီမိန်းကလေးရဲ့ခင်ပွန်းက ကျန်းမာရေးအရ ဒီလယ်ယာကို မလုပ်နိုင်လို့ သူရဲ့ အကို ဖြစ်သူကို လယ်ယာမြေ လုပ်ပိုင်ခွင့် ပေးခဲ့တာဟာ ၆ နှစ်နီးပါးရှိသွားတာ တွေ့ရပါတယ်။ ၆ နှစ်နီးပါးရှိတဲ့ အတွက် ဒီလယ်ယာမြေကို ဒီမိန်းကလေးက မပိုင်။ သီးစားချထားရေး ဥပဒေအရ သူ့အကိုက ပိုင်စေဆို ပြီးတော့ မြေယာကော်မတီက ဆုံးဖြတ် ချက်ချလိုက်ပါတယ်။ မိန်းကလေးမှာ သူရရှိတဲ့ အခွင့်အရေးကို ဥပဒေကြီးရှေ့က ကြေညာနေတာကို မြင်ပါလျက်နဲ့ သူမှာ ခံစားခွင့်မရဘဲ ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်ကလည်း ဒီကိစ္စကို အကာအကွယ်မပေးနိုင်တော့ဘဲ ဖြစ်သွားပါတယ်။ အကယ်၍သာ ဥပဒေနှင့်အတူ နောက်ပိုင်းက ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေ တစ်ဆက်တည်း ထွက်လာ မယ်ဆိုလို့ရှိရင် ပြဿနာဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ဦးသိန်းဆွေရဲ့ အဆိုမှာပါတဲ့ အတိုင်းပါပဲ ဥပဒေတစ်ခုရဲ့နောက်မှာ ဆက်တိုက် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေဟာ တောက်လျှောက်ပါ သင့်ပါတယ်။ ဒါမှလည်း ပြဿနာတွေ နည်းမှာ ဖြစ်ပါတယ်။ အဲလိုပါပဲ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေဆိုတာလည်း ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ထွက်ပါတယ်။ ၅ လကြာ မှ ထွက်ပါတယ်။ အဲဒီတော့ ကျေးရွာနှင့် ရပ်ကွက်အတွင်းမှာ ပြဿနာတွေ တက်ပါတယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ဟာ ဥပဒေနှင့်မညီတဲ့ ဒဏ်ရိုက်တာတို့ဆိုတာတွေ ဒီဥပဒေကို ဖတ်ထားတဲ့ ပြည်သူတွေက သိပါတယ်။ သိတော့ ဒီဥပဒေအရ အရေးယူဖို့ တောင်းဆိုကြပါ တယ်။ သို့သော်လည်း နည်းဥပဒေ မထွက်သေးတဲ့အတွက် ပြန်ပဲ အုပ်ချုပ်ရေးမှူး ရွေးရတော့ မလိုလို။ ဒီဥပဒေအရ ညွှန်းပြီးတော့ပဲ အရေးယူရတော့ မလိုလို။ အုပ်ချုပ်မှုအပိုင်းမှာ လာပြီးတော့ အခက်အခဲ တွေ တွေ့ရပါတယ်။ အဲဒီလိုပါပဲ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေကို လည်း ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ခဲ့ပါတယ်။ သို့သော်လည်း နည်းဥပဒေ မထုတ် နိုင်သေးတဲ့အတွက် ဆန္ဒပြချင်တဲ့သူတွေက ပူညံပူညံ ဖြစ်ခဲ့ရပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော့် အနေနဲ့က ဒီဥပဒေတစ်ခုထုတ်မယ့်ဆိုလို့ရှိရင် နည်းဥပဒေ တစ်ဆက်တည်း ထုတ်နိုင်ရင် ပိုအကောင်း ဆုံးပါပဲ။ ပြုပြင်တာနှင့် တစ်ပြိုင်တည်း နည်းဥပဒေလည်းနောက်က တစ်ဆက်တည်းလိုက်ပြီးတော့ ပြုပြင်မယ့်ဆိုလို့ရှိရင်တော့ ဦးသိန်းဆွေ  အဆိုတင်သွင်းသလိုပါပဲ ရက်ပေါင်း ၉၀ သို့မဟုတ် လွှတ်တော်က သတ်မှတ်တဲ့ ရက်အတွင်းမှာ နည်းဥပဒေများ ထွက်နိုင်မှာ ဖြစ်တဲ့အပြင် ဥပဒေကို ဥပဒေက အကာအကွယ်ပေးတဲ့ ပြည်သူလူထုဟာလည်း ဥပဒေရဲ့အကာအကွယ်ကို ရရှိကြမှာ ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြရင် နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

Standard (Image)