ဦးသိန်းဆွေမှ ၎င်းတင်သွင်းခဲ့သည့် အဆိုနှင့် ပတ်သက်ပြီး ဖြည့်စွက် တင်ပြခြင်း

ဥက္ကဋ္ဌ။           ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့အတွက် အစီအစဉ်အားလုံးကို နေ့လယ် ၁၃၀၀ နာရီမတိုင်ခင် ဆောင်ရွက်လိုပါတယ်။ ဒါကြောင့်မို့လို့ မိမိတို့ရဲ့တင်ပြချက်များကို တိုတိ ရှင်းလင်းစွာနဲ့ပဲ တင်ပြဆွေးနွေးဖို့ တိုက်တွန်းလိုပါတယ်။ ကြိုတင်တင်ပြထားတဲ့ အဆိုရှင် ဦးသိန်းဆွေ တင်ပြနိုင်ပါတယ်။

ဦးသိန်းဆွေ (အမ်းမဲဆန္ဒနယ်)။    ။ လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ယမန်နေ့က ကျွန်တော်တင်ပြခဲ့တဲ့ အဆိုနှင်‌့ ပတ်သက်ပြီးတော့မှ အနည်းငယ်ဖြည့်စွက် တင်ပြလိုပါတယ်။ ကျွန်တော် ဖြည့်စွက်မယ့် အဆိုကတော့ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းပြီးသည့် ဥပဒေများနှင့် စပ်လျဉ်း၍ ဆက်လက် ထုတ်ပြန်ရန် လိုအပ်သော ယင်းဥပဒေနှင့် သက်ဆိုင်တဲ့ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်း ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းသည် နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာပြီးသည့် နေ့မှ ရက်ပေါင်း ၉၀ အတွင်း သို့မဟုတ် လွှတ်တော်က သတ်မှတ်သည့် ရက်အတွင်း ထုတ်ပြန်ပြီးဖြစ်ရန် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်းဟု ပြင်ဆင်လိုပါတယ် ခင်ဗျား။ ပြင်ဆင်ရတဲ့ အကြောင်းက ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်း မယ့် ဥပဒေများတွင် တချို့သော ဥပဒေများမှာ နည်းဥပဒေများ ဆက်လက် ထုတ်ပြန်ရန် မလိုအပ်တဲ့ ဥပဒေများလည်း ရှိပါတယ်။ ဒီအတွက် အားလုံးကို ခြုံငုံမိစေရန် အတွက် ပြင်ဆင်ခြင်း ဖြစ်ကြောင်းနဲ့ သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့အစည်း အဆင့်ဆင့် အနေနဲ့လည်းပဲ လုပ်သာ ကိုင်သာ ရှိရန်အတွက် ရက်ပိုင်း ၉၀ အတွင်းလို့ ထည့်သွင်းရခြင်းဖြစ် ပါကြောင်း ဖြည့်စွက် တင်ပြအပ်ပါတယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။

Standard (Image)