နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေမူကြမ်း နှင့်စပ်လျဉ်း ဥပဒေကြမ်း ကော်မတီမှ ဖတ်ကြား ရှင်းလင်းခြင်း

ဥက္ကဋ္ဌ။           ။  အစီအစဉ် ၇  ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ အမျိုးသား လွှတ်တော်မှ စတင်တင်သွင်းပြီး အတည်ပြုချက်ဖြင့် ပေးပို့ခဲ့တဲ့ နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ် ရေးအဖွဲ့ အက်ဥပဒေကို ရုပ် သိမ်းသည့် ဥပဒေမူကြမ်းကို လက်ခံရရှိကြောင်း ၁၀-၈-၂၀၁၂ ရက်နေ့မှာ လွှတ်တော်သို့ တင်ပြခဲ့ပြီး ကိုယ်စားလှယ်များထံ ဥပဒေကြမ်းမိတ္တူကို တစ်ပါတည်း ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အစီရင်ခံစာ တင်သွင်းရန်  ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအား ဖိတ်ခေါ်ပါတယ်။

ဦးစိုးစိုး (အဖွဲ့ဝင်၊ ဥပဒေကြမ်း ကော်မတီ)။  ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ခင်ဗျား။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သ ဂါရဝပြုအပ် ပါတယ်။ ကျွန်တော်ကတော့ စစ်ကိုင်း တိုင်းဒေသကြီး၊ ထီးချိုင့်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင် ဦးစိုးစိုး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေကြမ်း ကော်မတီရဲ့ကိုယ်စား နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းတဲ့ဥပဒေ မူကြမ်းအပေါ် ကော်မတီ၏ လေ့လာစိစစ်တွေ့ရှိချက်အစီရင်ခံစာအား ဖတ်ကြားတင်သွင်းသွားမှာ ဖြစ်ပါတယ်။

၁။       ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော နိုင်ငံတော်ကောက်ပဲသီးနှံ ရောင်းဝယ်ရေး အဖွဲ့ အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေမူကြမ်းအား ပြည်ထောင်စုလွှတ်တော်က ၁-၆-၂၀၁၂ ရက်နေ့တွင် ပေးပို့ခဲ့ရာ အမျိုးသားလွှတ်တော်တွင် ၁၈-၇-၂၀၁၂ ရက်နေ့၌ စတင်တင်သွင်းခဲ့ပြီး ၆-၈-၂၀၁၂ ရက်နေ့ အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ယင်းဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပေးခဲ့ပြီး ဖြစ်ပါသည်။

၂။       နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေး အဖွဲ့အက်ဥပဒေသည် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ဆန်စပါးနှင့် အခြားကေက်ပဲသီးနှံရောင်းဝယ်ရေးလုပ်ငန်းကို နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေး အဖွဲ့က တာဝန်ယူ ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းပေးခဲ့သော ဥပဒေဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော ဥပဒေများအနက် ဤဥပဒေသည် ယနေ့ခေတ် ဆန်စပါး ရောင်းဝယ်ရေး မူဝါဒနှင့် ကိုက်ညီခြင်း မရှိတော့သဖြင့် ရုပ်သိမ်းရန် တင်ပြခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

၃။       မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်လာပြီးနောက် နိုင်ငံ၏ အဓိက စီးပွားရေးဖြစ်သော ဆန်စပါးနှင့် အခြားကောက်ပဲသီးနှံရောင်းဝယ်ရေးလုပ်ငန်းကို ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ နိုင်ငံတော် အစိုးရသည် ၁၉၅၀ ပြည်‌့နှစ်တွင် နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ အက်ဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်ခဲ့သော်လည်း တောင်သူလယ်သမား ပြည်သူ တစ်ရပ်လုံး၏ အကျိုး စီးပွားအတွက် ၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်မှ စတင်ပြီး ဆန်ရောင်းဝယ်ရေးမူဝါဒသစ်ကို ကျင့်သုံးခဲ့ပြီး ဖြစ်ရာ လက်ရှိမူဝါဒ ရည်မှန်းချက်များနှင့် ကိုက်ညီခြင်း မရှိတော့ပါသဖြင့် ရုပ်သိမ်းရန် လိုအပ်လာခြင်း ဖြစ်ကြောင်း တွေ့ရပါတယ်။

၄။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ဥပဒေကြမ်းစိစစ်ရာ၌ လိုက်နာကျင့်သုံးရမည့် အချက် ၁၂ ချက်နှင့်အညီ ယင်းဥပဒေကြမ်း အပေါ်တွင် ၁၀-၈-၂၀၁၂ ရက်နေ့တွင် ညှိနှိုင်း အစည်း အဝေးကို ကျင်းပခဲ့ပြီး လေ့လာ စိစစ်ခဲ့ကြပါတယ်။ ဤသို့ လေ့လာစိစစ်ကြရာတွင် လက်ရှိကျင့်သုံး လျက်ရှိသော နိုင်ငံတော်၏မူဝါဒ၊ ရည်မှန်းချက်များနှင့် ကိုက်ညီမှုမရှိခြင်းများကြောင်‌့ ရုပ်သိမ်းသင့် ကြောင်းကို နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ပြီး နည်းဥပဒေ ၄၅ အရ  ပြည်သူ့လွှတ်တော်သို့ အစီရင်ခံ တင်ပြအပ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။

Standard (Image)