အမျိုးသား လွှတ်တော်၏ အတည်ပြုချက်ဖြင့် ပေးပို့သော ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုးရေးရှင်း ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ စိစစ်တွေ့ရှိချက်

ဥက္ကဋ္ဌ။           ။ အစီအစဉ် ၆ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ အမျိုးသားလွှတ်တော်မှာ စတင် တင်သွင်းခဲ့ပြီး အတည်ပြုချက်ဖြင့် ပေးပို့ခဲ့တဲ့ ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုးရေးရှင်း ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လက်ခံ ရရှိကြောင်း ၉-၈-၂၀၁၂ ရက်နေ့မှာ လွှတ်တော်ကို တင်ပြခဲ့ပြီး ကိုယ်စားလှယ်များထံ ဥပဒေကြမ်း မိတ္တူများကိုလည်း တပါတည်း ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အစီရင်ခံစာ တင်သွင်းရန် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌအား ဖိတ်ခေါ်ပါတယ်။

ဦးခင်မောင်ညို (အဖွဲ့ဝင်၊ဥပဒေကြမ်းကော်မတီ)။  ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ မင်္ဂလာအပေါင်းနှင့် ပြည့်ဝကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းရင်း ဂါရဝပြု နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး၊ ပေါက်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးခင်မောင်ညို ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေကြမ်း ကော်မတီ၏ကိုယ်စား ကော်မတီ ဥက္ကဋ္ဌကြီး ၏ တာဝန်ပေးချက်အရ ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကော်ပိုးရေးရှင်းဥပဒေ ကိုရုပ်သိမ်းသည့် (မူကြမ်း) နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ စိစစ်တွေ့ရှိချက် အစီရင်ခံစာအား ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။

၁။       အထက် ရည်ညွှန်းချက် (၁) ပါ စာဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုးရေးရှင်း ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ (မူကြမ်း) အား ၂၃-၇-၂၀၁၂ ရက်နေ့တွင် အမျိုးသား လွှတ်တော်၌ စတင်တင်သွင်းခဲ့ပြီး ၃၀-၇-၂၀၁၂ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ယင်းဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် မရှိ အတည်ပြုခဲ့ပါသည်။

၂။       ပို့ဆောင်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိသော တည်ဆဲဥပဒေများအနက် ၁၉၆၄ ခုနှစ် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကော်ပိုးရေးရှင်းဥပဒေအား လက်ရှိအခြေအနေအရ လိုက်နာ ဆောင်ရွက်ရန် လိုအပ်မှု မရှိတော့ပါသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင်‌့အညီ ရုပ်သိမ်းရန်ဖြစ်ကြောင်း ရည်ရွယ်ချက်ကို ဖော်ပြထားပါသည်။

၃။       ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင်‌့ မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို ၃၀-၃-၂၀၁၀ ရက် နေ့တွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ လွှဲပြောင်းပြီးဖြစ်ပါ၍ ၁၉၆၄ ခုနှစ် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုးရေးရှင်း ဥပဒေကို ဆက်လက်ကျင့်သုံးရန် မလိုအပ်တော့၍ ရုပ်သိမ်းရန် ဖြစ်ကြောင်း ရှင်းလင်း ဖော်ပြခဲ့ပါသည်။

၄။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းကော်ပိုးရေးရှင်း ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေ ကြမ်းအပေါ် ဥပဒေကြမ်း ကော်မတီမှ လိုက်နာ ကျင့်သုံးရမည့် အချက် ၁၂ ချက်နှင့်အညီ ၉-၈-၂၀၁၂ ရက်နေ့တွင် အစည်းအဝေး ကျင်းပပြီး လေ့လာစိစစ်ခဲ့ကြပါသည်။

၅။       ယင်းဥပဒေကြမ်းတွင် ပုဒ်မ ၂ ခုပါရှိပြီး ပို့ဆောင်ရေးဝန်ကြီးဌာနမှ တင်ပြလာသော အချက်များ နှင့်မူရင်း ဥပဒေတွင်ပါရှိသော အချက်များသည် ဆက်လက်ကျင့်သုံးရန် မလိုအပ်ခြင်း၊ ဆက်လက် ကျင့်သုံးမှု မပြုတော့ခြင်းများကို စိစစ်တွေ့ရှိရပါသဖြင့် အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့မှု အပေါ် ထောက်ခံပါကြောင်းနှင့် နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ပြီး နည်းဥပဒေ ၄၅ နှင့် အညီ လွှတ်တော်သို့အစီရင်ခံ တင်ပြအပ်ပါသည်။

Standard (Image)