ပြည်သူ့လွှတ်တော် ဥက္ကဌမှ ဦးသိန်းညွှန့် အဆိုနှင့် စပ်လျဉ်းပြီး ရှင်းလင်း ပြောကြားခြင်းနှင့် အတည်ပြုချက်ရယူခြင်း

ဥက္ကဋ္ဌ။           ။ ဦးသိန်းညွန့် ကတော့ - ဒေါ်နန်းဝါနု ခဏလေးနားထောင်လိုက်ပါ။ အချိန် လည်းရှိပါတယ်။ အချိန်ကလည်း ၁၂ နာရီရှိပြီ။ ဦးသိန်းညွန့်က ဥက္ကဋ္ဌကြီးကို ယုံလို့ပုံအပ်သွားပြီ။ ဥက္ကဋ္ဌကြီးလည်း ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ အလေးအနက်ထား နားထောင်ပါတယ်။ နားထောင်လို့ ပဲ အဆိုကို မူတည်ပြီးတော့ ဆွေးနွေးကြတဲ့ပုဂ္ဂိုလ်များဟာ ဦးသိန်းညွန့် တင်သွင်းတဲ့ အဆိုအတိုင်းပေါ့ လေ။ ခေတ်နှင့်လျော်ညီသော အစိုးရမဟုတ်သော လူ့အဖွဲ့အစည်းများ၊ NGO များ မှတ်ပုံတင်ခြင်း ဆိုင်ရာဥပဒေတစ်ရပ် ပြဌာန်းနိုင်ရေးအတွက် ဒါကြောင့်မို့လို့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဌာန်းနိုင်ရေးဆိုတော့ ဥပဒေတစ်ရပ် ပြဌာန်းဖို့လိုသလား၊ လိုတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ်ပါတယ်။ ဒါဖြင့်ရင် ဥပဒေကောရှိသလား။ ရှိတယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒါဖြင့် အဲဒီ ဥပဒေနဲ့အတူ နောက် ဆက်တွဲ ဥပဒေများ ဖြစ်သော နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ ရှိသလား ပြန်စီစစ်ဖို့လိုပါတယ်။ ဒါမနေ့က သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်ရုံးကို အမိန့်၊ နောက်ဆုံး အမိန့်ကြော်ငြာစာ တွေရှိသလား ရှိလို့ရှိရင် ပေးပို့ပါဆိုတဲ့အခါကျတော့ မနေ့ကတစ်ခါထဲ ကျွန်တော်ဆီကိုဝင်ပြီးပေးပို့သွားပါတယ်။ ဒီလိုပေးပို့တဲ့ အတွက်လည်း ဒီဝန်ကြီးဌာနကို အသိအမှတ် ပြုပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ကျွန်တော်တို့ဒီနေ့ ဥပဒေများ၊ မူလဥပဒေများ ရှိပြီးတော့ နည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များဟာ တစ်ချို့ ဝန်ကြီးဌာနများမှာ ပြည့်ပြည့်စုံစုံမရှိဘူးလို့ ဒီလိုဖြေပါတယ်။ ဖြေတာပြောတာပါ။ ဒီဟာလည်း ရှေ့နေချုပ်ရုံးကနေပြီး တော့ တောင်းခံတဲ့အခါမှာ မရှိဘူးဆိုတဲ့ ဝန်ကြီးဌာနများက ဒီလို‌ွဖေတာ ရှိပါတယ်။ အမှန်ကတော့ ဥပဒေတစ်ရပ် ပြဌာန်းပြီးတဲ့နောက်မှာ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြား ချက်များ ဒါတွေရှိရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ွပည်ထဲရေးဝန်ကြီးဌာနကတော့ ဒီဥပဒေနဲ့ ပတ်သက် ပြီးတော့ ပြည်ပြည့်စုံစုံ ကျွန်တော့်ဆီ ပေးပို့တင်ပြနိုင်ရင် ရပါတယ်။ ဒီဟာတွေလေ့လာလိုက်တဲ့ အခါမှာ ဥပဒေရှိပြီ၊ ဥပဒေရှိပြီးတဲ့အခါမှာ မနေ့ကရော ဒီနေ့ရော ဆွေးနွေးတဲ့အခါမှာ ဥပဒေအပြင် နောက်ဆုံး လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ အပိုင်းတွေက ဒီမူလဥပဒေရဲ့ ရည်ရွယ်ချက်ကျော် လွန်ပြီး ဆောင်ရွက်ထားတာတွေ သွားတွေ့ရပါတယ်။ ဒီဥပဒေက ခုန ဦးသိန်းညွန့် တင်ပြထားသလို ပဲ ၆ ၊ ၈၈ စက်တင်ဘာလ  ၃၀ ရက်နေ့က ထုတ်ပြန်ထားခဲ့ပါတယ်။ အိုက်နောက်ပိုင်း နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ အဆင့်ဆင့် ထွက်ပါတယ်။ နောက်ဆုံး ကျွန်တော်တို့  နယက လက်ထပ်မှာ တစ်ကြိမ်ထပ်ပြီးတော့ ထွက်တာ ဒီမှတ်တမ်းအရတွေ့ရပါတယ်။ ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနက အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေတစ်ရပ်ဖွဲ့ စီးခွင့်ပြုရန် လျှောက်ထားသည့် အသင်းအဖွဲ့များအား စီစစ်တင်ပြရေးကိစ္စ။ ဒီထက်နောက် အကျဆုံး ထုတ်တာကတော့ ၂၀၁၀ ွပည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့ အမိန့်အမှတ် ၁/၂၀၁၀ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်းခြင်း ထုတ်ပါတယ်။ အဲဒီထုတ်ပြန်ကြေငြာချက် အပိုဒ် ၂ မှာ မနေ့က အလေးထားဆွေးနွေးသွားတဲ့ အကြောင်းအရာတွေ ပါပါတယ်။ ဒီအထဲမှာ ဘာပါသလဲဆိုတော့ အသင်းဖွဲ့မယ် ဆိုလို့ရှိရင် ငွေ တစ်သိန်း ပေးရမယ်။ ၂ နှစ်တစ်ကြိမ် အစီရင်ခံရမယ် စသဖြင့်ပေါ့လေ ရှင်းရှင်းလင်းလင်း‌ ပြောမယ် ဆိုလို့ရှိရင် တကယ့် လက်တွေ့မှာ လိုက်နာဆောင်ရွက်ဖို့ အခက်အခဲဖြစ်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ လက်တွေ့မကျတဲ့ ကိစ္စတွေလဲ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ တစ်ယောက်ဆွေးနွေးသွားသလိုပဲ  Flexiable ဖြစ်ဖို့ ဆိုတဲ့နေရာမှာ  Flexiable မဖြစ်ဘဲနဲ့ အခက်အခဲတွေ ဖြစ်နေတာတွေ့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ပြည်ထဲရေးဝန်ကြီးဌာန ကတင်ပြတဲ့ ဥပဒေ နည်းဥပဒေနဲ့ သက်ဆိုင်တဲ့ဟာတွေကို လေ့လာတဲ့အခါမှာ ဥပဒေကြီးကို ချက်ချင်း အသစ်ပြင်ရေးဆွဲဖို့ထက် ဒီဥပဒေထဲမှာပါတဲ့ တစ်ချို့ အချက် ပြင်ဖို့လိုကောင်းလိုမယ်။ လိုချင်မှလဲလိုမယ်။ သို့ပေမဲ့ သေချာတာကတော့ လက်တွေ့ လက်ငင်းကို ပြင်ဖို့လိုနေပါပြီ။ အဲဒီလက်တွေ့ လက်ငင်းပြင်လိုက်တယ်ဆိုရင်ဘဲ အလုပ်တွေ တော် တော်များများဖြစ်သွားနိုင်တဲ့ အနေအထားရှိပါတယ်။ ဒီလိုဆိုရင် ကျွန်တော်တို့က စဉ်းစားတဲ့အခါမှာ ဥပဒေကြီးကိုစပြီးတော့ ရေးပြီးတော့ ပြင်ပြီးတော့ ထွက်လာတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များစောင့်ပြီးမှ ဒီအသင်းအဖွဲ့တွေ ဖွဲ့စည်းမလား၊ အလုပ် လုပ်တော့မလား ။ သို့မဟုတ်လိုရှိရင် ဒီနေ့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေထဲက ပြင်သင့်တာတွေကို ပြင်ပြီးတော့ အမြန်ဆုံး လုပ်ငန်းတွေစတော့မလား။ ဒီလိုစဉ်းစားဖို့လိုပါတယ်။ ဒီလိုစဉ်းစားတဲ့နေရာမှာ ကျွန်တော့်ရဲ့စဉ်းစားမှုကတော့ လောလောဆယ် တော့  ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ဥပဒေကြမ်း ကော်မတီနဲ့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေထဲက  ဒီကိစ္စကို အင်မတန်စိတ်ဝင်စား သူများအနေနဲ့က   ပူးပေါင်းလေ့လာပြီး လိုအပ်မယ်ဆိုလို့ရှိရင် ပြည်ထဲရေးဝန်ကြီးဌာနကို ဖိတ် ကြား၊ အခြားဌာနကို ဖိတ်ကြားပြီးတဲ့ အခါမှာ နည်းဥပဒေနဲ့ အောက်ပိုင်းကိစ္စတွေကို အမြန်ဆုံးပြင် လွှတ်တော်ကိုပြန်တင်ပြ ဆိုလို့ရှိရင် ဒီလုပ်ငန်းဟာ လောလောဆယ်လက်တွေ့ဆောင်ရွက်ဖို့ အမြန် ဆုံးဖြစ်နိုင်ဆုံးလို့ ယူဆပါတယ်။ သို့ရာတွင် အဲလိုလုပ်တဲ့နေရာမှာ မပြည့်စုံသေးဘူး ဆိုရင်တော့ အချိန်ယူပြီးတော့ ဥပဒေသစ်တစ်ရပ် ရေးဆွဲမယ်ဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေနိုင်မယ်လို့ ယူဆ ပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ပေးလိုက်တဲ့ ဦးသိန်းညွန့် ကျွန်တော်လည်း ဦးသိန်းညွန့်ကို ပြန်မေးပါမယ်။ အခု ဒီဟာကို ကျွန်တော်ကလွှတ်တော်ရဲ့ အဆုံးအဖြတ်ကိုယူပြီး တော့ ကျွန်တော် ဆက်လက် ဆောင်ရွက်ပါမယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးသိန်းညွန့်ရဲ့ သဘောထား ပြောနိုင်ပါတယ်။

ဦးသိန်းညွန့်။              ။ ကျွန်တော်ဥက္ကဋ္ဌကြီးကို တိုင်းပြည်နဲ့လူမျိုးအတွက် အလွန်အရေး ကြီးတဲ့အဆိုကို ကျွန်တော်လွှဲအပ်ပြီးပါပြီ။ ဥက္ကဋ္ဌကြီးကို ကျွန်တော်ယုံပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ ခေါင်းဆောင်မှုကို လက်ခံတဲ့အတွက် ဥက္ကဋ္ဌကြီးသင့်မြတ်သလိုသာ တိုင်းပြည်နဲ့ လူထုအတွက် ဆုံးဖြတ်ပေး ထပ်ပြီးတော့ မေတ္တာရပ်ခံအပ်ပါတယ်။

ဥက္ကဋ္ဌ။           ။ ကဲ ဒါကြောင့် ကျွန်တော်ခုန တင်ပြခဲ့တဲ့အတိုင်းပါပဲ ဒီဥပဒေ ဦးသိန်းညွန့် တင်သွင်းတဲ့ အဆိုမှာပါတဲ့ ဥပဒေတစ်ရပ်ပြဌာန်းဖို့ လိုသလား မလိုဘူးလားဆိုတော့ လိုပါတယ်။ ဒါဖြင့် ဥပဒေ တစ်ရပ်ရှိသလား၊ မရှိဘူးလား ဆိုတော့ ရှိပါတယ်။ အဲဒီရှိတဲ့ ဥပဒေ၊ နည်းဥပဒေတွေက ဒီနေ့ခေတ် ဒီနေ့ကာလနဲ့ လိုက်လျော ညီထွေ ရှိမရှိနဲ့ လက်တွေ့ဆောင်ရွက် နိုင်ခြင်း  ရှိမရှိအပိုင်းကို လေ့လာတဲ့ အခါမှာ လက်တွေ့ လိုက်လျောညီထွေ ရှိပြီးတော့ ဆောင်ရွက် နိုင်ခြင်းမရှိတဲ့ အခြေအနေဟာ နည်းဥပဒေရဲ့နောက်ပိုင်းမှာ အများကြီးရှိနေပါတယ်။ ဒါကြောင့် မို့လို့ အခု ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲတင်ပြပြီး အဆင့်ဆင့်သော ဥပဒေများကို ွပည်သူ့ လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရယ်၊ ဥပဒေကြမ်းကော်မတီရယ်၊ ဒီနေ့ ဆွေးနွေးကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ရယ် ၊မဆွေးနွေးပေမဲ့ စိတ်ဝင်စားတဲ့ လွှတ်တော် ကိုယ်စားလှယ်များရယ်က ပြင်ဆင်သင့်တဲ့ ကိစ္စများ ပြင်ဆင်ဖို့၊ ပယ်ဖျက်သင့်တဲ့ ကိစ္စများ ပယ်ဖျက်ဖို့ ကျွန်တော့်အနေနဲ့ လွှတ်တော်ကတဆင့် သက်ဆိုင် ရာ ကော်မတီ၊ ကော်မရှင်များကို တာဝန်ပေးခြင်ပါတယ်။ ဒီလိုတာဝန်ပေးမှုနဲ့ ပတ်သက်လို့ လွှတ်တော်က သဘောတူပါသလားခင်ဗျား။

လွှတ်တော်ကိုယ်စားလှယ်များ။   ။ (သဘောတူပါတယ်)

ဥက္ကဋ္ဌ ။          ။ သဘောတူတဲ့အတွက် ကျွန်တော်ရဲ့ တင်ပြချက်အတြည်ဖစ်ကြောင်း ကြေငြာပါတယ်။

Standard (Image)