ဦးသိန်းညွန့်(သင်္ဃန်းကျွန်းမဲဆန္ဒနယ်)။ ။ လေးစားရသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျာ။ ဒီအဆိုနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရဲ့အကျိုးစီးပွား အတွက် အလေးထားပြီး ကျွန်တော်တင်ပြပါမယ်။ အရင်ဆုံးဥပဒေပြဿနာ ကျွန်တော် ပြောပါမယ်။ ဒါကလည်း အသင်းအဖွဲ့များ ဖွဲ့စည်းရေး ဆိုင်ရာ ဥပဒေ ဘယ်အချိန်မှာ ပြဌာန်းခဲ့တယ်ဆိုတော့ ၁၉၈၈ ခု၊ စက်တင်ဘာလ ၃၀ မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ အားလုံးသိတဲ့အတိုင်း အဲဒီအချိန်ဟာ ကျွန်တော်တို့ အမျိုးသားအချင်းချင်း စည်းလုံး ညီညွတ်မှု အပြိုကွဲဆုံးအချိန်ကာလမှာ ပြဋ္ဌာန်းခဲ့တဲ့ဥပဒေ ဖြစ်ပါတယ်။ ပြဌာန်းရတဲ့ ရည်ရွယ်ချက်ကိုလည်း ဒီဥပဒေမှာ အတိအလင်းဖော်ပြထားပါတယ်။ လိုရင်းကောက်နုတ် ပြရရင် ဒီမိုကရေစီကိုဟန်ပြပြီး မရိုးသားသော သဘော၊ မသမာသော ရည်ရွယ်ချက်တို့ဖြင့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပရေးကို အနှောင့်အယှက်အဟန့်အတား အန္တရာယ် ဖြစ်စေမည့် အသင်းအဖွဲ့များ ဖွဲ့စည်းထားကြောင်း၊ ဖွဲ့စည်းရန် ပြင်ဆင်လျက်ရှိကြောင်း သိရတဲ့အတွက် လ.ဝ.က ကနေ ဒီအသင်းအဖွဲ့ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းရခြင်း ဖြစ်ပါတယ်လို့ ပြဌာန်းချက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြထားပြီး ဖြစ်ပါတယ်။ ဒီကနေ့ အခြေအနေဟာ ၁၉၉၀ ပြည့်နှစ်အွခေအနေ မဟုတ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပပြီးခဲ့ပါပြီ။ အခုဆိုရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြီးတော့ ဒီလွှတ်တော်ထဲမှာ ကျွန်တော်တို့နိုင်ငံမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ နိုင်ငံရေးပါတီ အားလုံးရဲ့ ကိုယ်စားပြုမှုလည်း ဒီလွှတ်တော်ထဲမှာ လွှတ်တော်ရဲ့အဆင့် အင်မတန်မြင့်မားနေပါပြီ။ အဲဒီအချိန်မှာ ကျွန်တော်တို့ စဉ်းစားတွေးခေါ်မှုတွေဟာ ၁၉၉၀ ကာလလိုပဲ စဉ်းစားပြီးတော့ ဒီဥပဒေကြီးကို ခေတ်မီတယ်လို့ပြောတာ ရိုးရိုးသားသား ဥက္ကဋ္ဌကြီးခင်ဗျား ကျွန်တော်ဝန်ခံပါရစေ။ ကျွန်တော်ပဲ ဉာဏ်မမီလို့လားတော့မသိဘူး။ အဲဒီအကြောင်းပြချက်ကို ကျွန်တော်ဘယ်လိုမှ နားမလည် ပါဘူး။
လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ရဲ့ ကျွန်တော့်အဆိုမှာလည်း ကျွန်တော် တင်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလမှာ နိုင်ငံတော်သမ္မတက အရပ်ဖက်လူမှု အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မယ် ဆိုတာ သမ္မတကြီးရဲ့ မူဝါဒပါ။ နောက် အခု ဒုတိယပြုပြင် ပြောင်းလဲရေးလုပ်တဲ့ အခါမှာလည်း ပြည်သူလူထုကို ဗဟိုပြုပြီးတော့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်မယ်လို့ သမ္မတကြီးက မူချခဲ့ပါတယ်။ အဲဒီတော့ မနေ့တစ်နေ့က ဩဂုတ်လ ၁၂ ရက်နေ့ထုတ်တဲ့ ကြေးမုံသတင်းစာမှာ ဒီဟာတွေနဲ့ပတ်သက်ပြီး NGO တွေနဲ့ ပတ်သက်ပြီးရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ပါတော့ ခေါင်းစဉ်ကတော့ အသုံးချခံတော့ မဖြစ်လိုပါလို့ရေးပါတယ်။ သို့သော် ကျွန်တော် ခေါင်းစဉ်ကို အလေးမထားပါဘူး။ ကျွန်တော် ဒီမှာဖတ်ကြည့်တဲ့အခါမှာ နိုင်ငံရဲ့ဖွံ့ဖြိုးမှုကို အဓိကစွမ်းဆောင်နိုင်တဲ့ Stakeholder အဓိက Player များအဖြစ် နိုင်ငံတော်အစိုးရ Government၊ ပုဂ္ဂလိကကဏ္ဍ Private Sector၊ ပြည်သူများ Public၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများ NGO၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ INGO၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဆိုတာ သတ်မှတ်ထားပါတယ်။ အဲတော့ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို Player အဖြစ်လက်ခံတဲ့ NGO တွေအပေါ်မှာ ကျွန်တော်တို့ အင်မတန်စိုးရိမ်ကြောင့်ကြရတဲ့အချက်တွေကိုတော့ ဒီအချိန်မှာ တိုင်းပြည် အကျိုးအတွက် လေးလေးနက်နက် ပြန်လည်စဉ်းစားသင့်ပါတယ်။ ခုနက လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဆွေးနွေးခဲ့သလို ကျွန်တော်တို့ သူတို့ကို တရားဝင်ဖွင့်ခွင့်မပေးရင် ကျွန်တော်တို့ဘက်က ဆိုးကျိုး နှစ်ခုထွက် ပါလိမ့်မယ်။ ၂၇၀ သော NGO များသာ မှတ်ပုံတင်ဖို့ကြိုးစားပေမယ့် ဒီနေ့ ၁၀၀၀ ကျော်ရှိတဲ့ NGO တွေဟာ မှတ်ပုံမတင်နိုင်ဘူး။ အဲဒီတော့ ၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ပြဌာန်းတဲ့ဥပဒေနဲ့ ထောင် ၅ နှစ်၊ ထောင် ၃ နှစ် အကျဉ်းထောင်ထဲပို့မှာလား။ ဒါမှမဟုတ်ရင် ကျွန်တော်တို့ရမယ့် NGO တွေရဲ့ တရားဝင်မှု၊ အခွင့်သာမှုကို မူတည်ပြီးတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေမှာ ဘယ်သူ့ကိုမှ ကန်ထရိုက်မပေးဘဲနဲ့ ခုနက အဆင့်လေးဆင့် ဖြတ်သွား တယ်ဆိုတာ လက်တွေ့လုပ်ဖူးတဲ့ သုံးခွ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုနဲ့ တင်ပြခဲ့တဲ့အခါ တကယ်တမ်းကျရင် ၁၀၀% မှာ ကျွန်တော်တို့တိုင်းပြည် အတွက် ၁၅% လောက်ပဲ ရပါတော့တယ်။ အခု ကျွန်တော်တင်တဲ့ အခါမှာလည်း အင်မတန်မှ စိုးရိမ်ပူပန်ချက်တွေကို နားလည်တဲ့အတွက် ကျွန်တော်သတိထားပါတယ်။ နောက်တစ်ခါ ကျွန်တော် ဒီမှာ အားရတဲ့အချက်ကတော့ ပါတီစုံ ကိုယ်စားလှယ်များပေါ့လေ၊ လွှတ်တော်ကိုယ်စားလှယ်အရေအတွက်နဲ့တော့ ကျွန်တော်မပြောလိုပါ ဘူး။ ပါတီစုံကိုယ်စားလှယ် တော်တော်များများက ကျွန်တော့်အဆိုကို ထောက်ခံသွားတာ ကျွန်တော် မှတ်သားထား ရပါတယ်။ အဲတော့ ပါတီစုံရဲ့အသံကို ကျွန်တော်တို့ လွှတ်တော်ကြီးက ဘယ်လို သဘောထားမလဲ၊ ဒါ ကျွန်တော်တို့နိုင်ငံကြီးအတွက်ပါ။ အဲဒါကြောင့် ဒီမှာ ကျွန်တော်က ဒီဥပဒေကို အစိုးရအောင်လုပ်တဲ့ အခါမှာလည်း NGO တွေနဲ့ ကျွန်တော်တို့ နိုင်ငံတော်အစိုးရ၊ NGO တွေရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လေ့လာ၊ သူတို့ဆန္ဒသဘောထားတွေယူ၊ ယူပြီးမှ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆွဲပါ။ နောက် ဒီနေ့လည်း ကျွန်တော် ဒီမှာ ကြားဖြတ်ပေါ့၊ အကြံပြုချက်တစ်ခု ကျွန်တော်ကြားရပါတယ်။ အဲဒါ ဒီဟာနဲ့ပတ်သက်ပြီးရင် ဒါမှတ်တမ်းတင်ရမယ့်ဟာ မဟုတ်ဘူး။ အခု ဒီနေ့အခြေအနေကို ကျွန်တော်တို့ နိုင်ငံရေးအရ တိုင်းပြည်နဲ့ပတ်သက်ပြီး လေးလေးနက်နက် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကျွန်တော်တင်ပြတဲ့အဆိုကို အခု လွှတ်တော် ထဲမှာရှိတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးကို အထောက်အကူပြုနေတဲ့ အထူးကိစ္စများလေ့လာရေးကော်မရှင် အပါအဝင် ပါဝင်သင့် ပါဝင်ထိုက်သူ၊ နောက် NGO နဲ့ပတ်သက်ပြီးတော့ တကယ်လုပ်ခဲ့တဲ့ ကိုယ်စားလှယ်တွေလည်း ပါပါတယ်။ အဲတော့ စိုးရိမ်ပူပန်မှုတွေကို ကျွန်တော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားရဲ့နောက်ကိုပို့ပြီးတော့ ကျွန်တော်တို့နိုင်ငံအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ NGO များ ဆိုင်ရာ ဥပဒေတစ်ရပ်ကို အကောင်အထည်ဖော်မယ့်သူတွေ၊ ထိန်းကျောင်းမယ့်သူတွေ၊ ညှိနှိုင်းပြီး တော့ ဆောင်ရွက်စေချင်ပါတယ်။ ကျွန်တော်တို့တွေဟာ စိုးရိမ်မှုတွေကို ပြောတဲ့အခါမှာ တစ်ဖက်က ကျွန်တော်တို့ရလာမယ့် အခွင့်အလမ်းတွေကိုလည်း လေးလေးနက်နက် ကျွန်တော်တို့ နိုင်ငံအကျိုး အတွက် စဉ်းစားရပါမယ်။
ဒါကြောင့် ဥက္ကဋ္ဌကြီးခင်ဗျာ။ ကျွန်တော် ဒီမှာတော့ ခါတိုင်းလို မဲခွဲပါလို့ ကျွန်တော် မပြောလိုပါဘူး။ ဥက္ကဋ္ဌကြီးက ကျွန်တော်တို့လွှတ်တော်မှာ တိုင်းပြည်အတွက် မှန်မှန်ကန်ကန် ဦးဆောင်မှုပေးနေတဲ့အတွက် ကျွန်တော့် အဆိုနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးရဲ့ ပြန်ကြားချက် ပေါ်မှာ ဥက္ကဋ္ဌကြီးကပဲ တိုင်းပြည်အတွက် သင့်မြတ်တဲ့ အဆုံးအဖြတ်ပေးပါလို့ ကျွန်တော် လေးလေးနက်နက် ပန်ကြားအပ်ပါတယ်ခင်ဗျား။
