ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန) ။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များအားလုံး မင်ဂလာ အပေါင်းနဲ့ ပြည်စုံပါစေလို့ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။ ကျွန်တော် ကတော့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဖြစ်ပါတယ်။ ရန်ကုန် တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီအသွင်း ကူးပြောင်းမှု ကာလမှာ ခေတ်နဲ့လျော်ညီသော၊ အစိုးရမဟုတ်သော လူ့အဖွဲ့ အစည်းများ(NGO)များ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် အဆိုနှင့် စပ်လျဉ်းပြီး ကျွန်တော်က ရှင်းလင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်၌ ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံး ညီညွတ်ရေးကို ကာကွယ် တဲ့ဥပဒေအဖြစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ထားခြင်းကို ဖွဲ့စည်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ တာဝန်ယူတဲ့ကာလအတွင်း အဆိုပါ ၁၉၆၄ ခုနှစ် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်တဲ့ဥပဒေကို ပယ်ဖျက်ပြီး အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း ဥပဒေကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ဥပဒေအမှတ် ၆/၈၈ ဖြင့် ပြဋ္ဌာန်းခဲ့ပြီးလည်း ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အွခေခံဥပဒေပုဒ်မ ၃၅၄ အပိုဒ်ခွဲ(ဂ)မှာ နိုင်ငံသား တိုင်းသည် နိုင်ငံတော်ရဲ့လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားတဲ့ဥပဒေနှင့် မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက် ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် လက်ရှိကျင့်သုံးဆောင်ရွက်လျက်ရှိနေတဲ့ အသင်းအဖွဲ့ များ ဖွဲ့စည်းဆောင်ရွက်ခြင်းဥပဒေမှာ ခေတ်နဲ့လျော်ညီစွာ ဆောင်ရွက်လျက်ရှိတဲ့ တည်ဆဲဥပဒေ တစ်ရပ်ပင် ဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်။ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် စိစစ်ကြီးကြပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ အသင်းအဖွဲ့ များ ဖွဲ့စည်းခွင့်ပြုရေးနဲ့ ကြီးကြပ်ရေးဗဟိုအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါ အဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ပါဝင်တဲ့ အဖွဲ့ဝင် ၇ ဦး ပါဝင် သောအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။ လိုအပ်သော ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်း များကိုလည်း ခေတ်စနစ်နဲ့လျော်ညီစွာ ထုတ်ပြန်ပြီးတော့ အသင်းအဖွဲ့အသစ်များ ဖွဲ့စည်းခွင့်ပြုခြုင်း၊ သက်တမ်းတိုးခြင်းများကို စိစစ်ခွင့် ခွင့်ပြုဆောင်ရွက်လျက်ရှိပါတယ်။ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ ပတ်သက်၍ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ပုဒ်မ ၄ မှာလည်း ဖွဲ့စည်းခွင့် လျှောက်ထားရန် မလိုတဲ့ အသင်းအဖွဲ့များဆိုပြီးတော့လည်း အတိအကျ ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါကတော့ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ပုဒ်မခွဲ (ခ)နဲ့ (ဂ)မှာ ဘာသာသာသနာရေး သက်သက်ကိုသာ ကျင့်သုံးဆောင်ရွက် နေသော အသင်းအဖွဲ့နှင့် စီးပွားရေးသက်သက်ကိုသာ လုပ်ကိုင်ဆောင်ရွက်နေသော အသင်းအဖွဲ့များသည် ဥပဒေအရ ဖွဲ့စည်းခွင့် လျှောက်ထားရန် မလို ကြောင်း ပြဋ္ဌာန်းထားရှိပါတယ်။ ဒါကတော့ ဘာသာရေး သက်သက်ကို ဆောင်ရွက်လျက်ရှိတဲ့ ကျွန်တော်တို့ ဥပမာအားဖြင့် မလွန်ဆန်လှူအသင်း၊ ရွှေတိဂုံဘုရား၊ မဟာမြတ်မုနိဘုရားစတဲ့ ဘုရား ဂေါပကအဖွဲ့များနဲ့ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိတဲ့ ဆွမ်းတော်ကြီးခံ အသင်းများစတဲ့ အသင်းများအနေနဲ့ ဖွဲ့စည်းရန် လျှောက်ထားဖို့ မလိုအပ်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ အလားတူ စီးပွားရေးသက်သက်ကိုသာ ဆောင်ရွက်လျက်ရှိတဲ့ ကုမ္ပဏီများ၊ ဆန်ကုန်သည် ကြီးများအသင်း၊ ဆီကုန်သည်ကြီးများအသင်း၊ ပို့ဆောင်ဆက်သွယ်မှုအသင်းစတဲ့ အသင်းအဖွဲ့များ အနေနဲ့လည်း ဖွဲ့စည်းခွင့်လျှောက်ထားရန် မလိုပါဘူး။ ဒါအပြင် အဆိုပါဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဃ)တွင် ပြဋ္ဌာန်းထားရှိတဲ့ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မှတ်ပုံတင်ထားသော အသင်းအဖွဲ့များဖြစ်သည့် သာဓကအားဖြင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများအသင်း၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းစတဲ့ အသင်းအဖွဲ့များဟာလည်း ၎င်းတို့ အသင်းအဖွဲ့ဥပဒေများ ပြဋ္ဌာန်းပြီးဖြစ်တဲ့အတွက် ဖွဲ့စည်းခွင့်လျှောက်ထားရန် မလိုကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(င) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့်ရရှိပြီးသော သို့မဟုတ် ယင်းကော်မရှင်သို့ မှတ်ပုံတင်ရန် လျှောက်ထားပြီး သို့မဟုတ် လျှောက်ထားရန် ပြင်ဆင်လျက်ရှိ ကြောင်း တင်ပြပြီးဖြစ်ကြောင်း နိုင်ငံရေးပါတီများအနေနဲ့လည်း အသင်းအဖွဲ့ ဖွဲ့စည်းခွင့် လျှောက်ထား ရန်မလိုပါဘူး။ ဒါကြောင့် ဒီပုဒ်မ ၄ မှာ ဖော်ပြထားချက်အရတော့ လူမှုရေး အသင်းအဖွဲ့များကိုသာ ဖွဲ့စည်းခွင့်ပေးထားွခင်းဖြစ်ကြောင်း ထင်ရှားစွာတွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းခွင့်မရှိသော အသင်းအဖွဲ့များကိုလည်း ပုဒ်မ ၅ မှာ ဖွဲ့စည်းခွင့်မပြုရကြောင်း ဖွဲ့စည်းထားပြီးဖြစ်ရင်လည်း လှုပ်ရှားခြင်း မပြုရကြောင်း၊ ဆက်လက်တည်ရှိခွင့် မရှိရကြောင်းကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အသင်းအဖွဲ့များကို ဖွဲ့စည်းခွင့်လျှောက်ထားွခင်း၊ အဆင့်ဆင့်စိစစ်ခြင်းနဲ့ မှတ်ပုံတင်ခွင့်ပြုခြင်း၊ သက်တမ်း တိုးခြင်း၊ ဖျက်သိမ်းခြင်းများနဲ့ပတ်သက်၍ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ထားရှိပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းခွင့်ရရှိထားတဲ့ အသင်းအဖွဲ့များမှ ၎င်းတို့ရဲ့ ရည်ရွယ်ချက် လုပ်ငန်းစဉ် များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဆင့်ဆင့်နှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တို့မှ ကြီးကြပ်စိစစ် ဆောင်ရွက် ထောက်ခံပေးလျက်ရှိပါတယ်။ ယင်းကဲ့သို့ ကြီးကြပ်ထောက်ခံပေးသော အသင်းအဖွဲ့များအား ဖွဲ့စည်းခွင့်ပြုပေးခဲ့ရာမှာ အစိုးရသစ် စတင်ထမ်းဆောင်ချိန်ကာလအတွင်း NGO ၂၃၃ သင်း၊ INGO သုံးသင်း စုစုပေါင်း ၂၃၆ သင်းရှိခဲ့ရာ မှ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနဲ့ ကြီးကြပ်ရေးဗဟိုအဖွဲ့ရဲ့ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် ကျင်းပပြုလုပ်တဲ့ အစည်းအဝေး အမှတ်စဉ် (၂/၂၀၁၂)အထိ အစိုးရ မဟုတ်သော ပြည်တွင်း လူမှုရေး အသင်းအဖွဲ့များ NGO ၃၁၄ သင်း၊ နိုင်ငံတကာအစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့များ INGO ၄၄ သင်း စုစုပေါင်း ၃၅၈ သင်းအထိကို ဖွဲ့စည်းခွင့်ပြုထားပြီး ဖြစ်ပါတယ်။ အဆိုပါ ပြည်တွင်းအသင်း အဖွဲ့ ၃၁၄ သင်းတွင် မြို့နယ်အမည်ခံယူပြီး ဇာတိရပ်ရွာ အကျိုးပြုလုပ်ငန်းများတွင် ဆောင်ရွက်တဲ့ အသင်းပေါင်း ၁၁၂ သင်း ပါရှိပါတယ်။ ကျန်ရှိတဲ့အသင်းများမှာတော့ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ သက်ကြီးရွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ မိဘမဲ့ပရဟိတစောင့်ရှောက်ရေးလုပ်ငန်းများ၊ စာပေ၊ စာနယ်ဇင်း၊ ယဉ်ကျေးမှုလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် ကယ်ဆည်ရေးလုပ်ငန်းများ၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူမှုစီးပွားရေးလုပ်ငန်းများ စတဲ့လုပ်ငန်းများ ဆောင်ရွက် တဲ့ အသင်းတို့ဖြစ်ပြီးတော့ စုစုပေါင်း ၂၀၂ သင်း ပါရှိကြောင်း တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတကာ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့ INGO ၄၄ သင်းအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန များနဲ့ MOU လက်မှတ်ရေး ထိုး၍ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး လုပ်ငန်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သဘာဝသယံဇာတ အရင်းအမြစ် ထိန်းသိမ်းရေး လုပ်ငန်း များ၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း တာတမံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာ ရေး၊ အဟာရဖွံ့ဖြိုးရေး၊ သောက်သုံးရေ ရရှိရေး၊ မွေးမြူရေး၊ စားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်များမှာ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများအတွက် စီမံကိန်းများ ရေးဆွဲ တင်ပြပြီး အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ကြီးကြပ်ရေးဗဟိုအဖွဲ့အနေနဲ့ တိုင်းဒေသကြီး/ပြည်နယ်များမှ ထောက်ခံတင်ပြလာသော သက်တမ်းတိုး အသင်းများ၊ အသင်းဖွဲ့စည်း ခွင့်ပြုရန် လျှောက်ထားလာသော အသင်းများနဲ့ ပတ်သက်၍ အသင်းရဲ့ရည်ရွယ်ချက်များ စိစစ်ခြင်း၊ အသင်းအဖွဲ့တွင် ပါဝင်သော အမှုဆောင်များရဲ့ ကိုယ်ရေးရာဇဝင်များ ပြစ်မှုနောက်ကြောင်း ကင်းရှင်းမှု ရှိ၊ မရှိ သက်ဆိုင်ရာမှ စိစစ်ခြင်း၊ လျှောက်ထားရမည့် အချက်အလက်များ ပြည့်စုံမှုမရှိသည့်အသင်းများ အား ပြန်လည်တောင်းခံဖြည့်စွက်ခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ သဘောထားမှတ်ချက်များ ရယူခြင်း၊ ပြည့်စုံသည့်အသင်းအဖွဲ့များအား ဗဟိုအဖွဲ့ အစည်းအဝေးသို့ တင်ပြခြင်းဖြင့် အဆင့်ဆင့် စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ ဗဟိုအဖွဲ့အစည်းအဝေးမှ စိစစ်ထောက်ခံသော အသင်းအဖွဲ့များကို ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြ အဆုံးဖြတ်ချက်ရယူပြီး အသင်းအဖွဲ့ ဖွဲ့စည်းခွင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကြီးကြပ်ရေးဗဟိုအဖွဲ့အနေနဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းမှတ်ပုံတင်ခွင့် နှင့်ပတ်သက်၍ အစည်းအဝေးများ ကျင်းပပြီး အချက်အလက်ပြည့်စုံသော အသင်းများအား အမြန်ဆုံး မှတ်ပုံတင်ခွင့် ပြုပေးလျက်ရှိပါတယ်။ သို့သော် အချို့သော အသင်းအဖွဲ့များအနေနဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းရာမှာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနဲ့အညီ ဆောင်ရွက်မှုမရှိခြင်းကြောင့် နှောင့်နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါတယ်။ ဒါတွေကတော့ အချက်အလက် ပြည့်စုံမှုမရှိခြင်း၊ သက်တမ်းပျက်နေခြင်း၊ ဖွဲ့စည်းခွင့်မရသူများ ထည့်သွင်းဖွဲ့စည်းထားခြင်း၊ လုပ်ငန်းစဉ်မူဘောင်အတွင်းမှ ဆောင်ရွက်ခြင်း၊ သာဓကအားဖြင့်တော့ အချို့လူမှုရေးအသင်းအဖွဲ့ များသည် အလှူငွေများရရှိတဲ့အပေါ် စနစ်တကျသုံးစွဲခြင်း မရှိဘဲ ၎င်းတို့အဖွဲ့အတွင်းမှာရှိတဲ့ အသင်းသားများကနေပြီးတော့ စာရင်းရှင်းလင်းမှုမရှိတဲ့အတွက် တိုင်ကြားခြင်းများအပေါ် ဖြေရှင်း ဆောင်ရွက်နေရတဲ့အမှုများလည်း ပါဝင်ပါတယ်။ အသင်းအဖွဲ့ များပိုင်ငွေများအား စတနစ်တကျ အသုံးပြုမှုမရှိခြင်း၊ တချို့အသင်းအဖွဲ့များဟာ အသင်းအဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိတဲ့ တချို့အသင်းအဖွဲ့ များတွေမှာ အသုံးပြုခြင်းအားဖြင့် သက်ဆိုင်ရာကနေ ကန့်ကွက်တဲ့ အတွက် ပြင်ဆင်ဆောင်ရွက်နေရ တဲ့ အခြေအနေများကြောင့် ကြန့်ကြာရခြင်းလည်း ဖြစ်ပါတယ်။ ဒါအပြင် မှတ်ပုံတင်တင်သွင်းခြင်းနဲ့ မှတ်ပုံတင်ကြေးတင်သွင်းခြင်းနဲ့ ပတ်သက်ပြီး ဆက်လက်ပြီးတော့ တင်ပြရရင် ယခင်က သက်တမ်း နှစ်နှစ်တွင် ငွေကျပ်တစ်သိန်းပေးသွင်းစေခဲ့ရာမှ ယခု ဖွဲ့စည်းမှုသက်တမ်းအရ ငါးနှစ်အဖြစ်ပြောင်း လဲပြီး ဖွဲ့စည်းခွင့်ကြေး ငါးသိန်းအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါတယ်။ ဤကဲ့သို့ သက်တမ်း ငါးနှစ်အထိ တိုးပေးရခြင်းမှာ အသင်းသားများရဲ့ သက်တမ်းကာလ ပိုမိုကြာမြင့်ပြီး လုပ်ငန်း ဆောင်ရွက် မှုပမာဏ ပိုမို၍ အချိန်ရရှိစေကာ ပြည်သူ့လူထုရဲ့အကျိုးစီးပွားကို ပိုမိုဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ရာ ရောက်သည့်အပြင် နှစ်နှစ်တစ်ကြိမ် သက်တမ်းတိုးရသည့်လုပ်ငန်းတာဝန်များ လျှော့ပါးစေပါတယ်။ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်အတွက် ပေးသွင်းရသော ငွေကြေးမှာလည်း ပြည်ထဲရေးဝန်ကြီးဌာန အတွက် အသုံးပြုရန် ကောက်ခံခြင်းမဟုတ်ဘဲ နိုင်ငံတော်ဘဏ္ဍာအဖြစ်ပေးသွင်းရန် ကောက်ခံခြင်းသာဖြစ်ပြီး ကောက်ခံရရှိသော ငွေများအား နေပြည်တော်မြန်မာ့စီးပွားရေးဘဏ်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)ငွေစာရင်းအမှတ် MD-010237 အထွေထွေရငွေ အသင်းအဖွဲ့ဖွဲ့စည်းခွင့်သို့ ပေးသွင်းလျက်ရှိပါတယ်။ နိုင်ငံတော် ဘဏ္ဍာငွေ ဖြစ်သော ယင်းငွေကြေးများအား ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများနဲ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြန်လည် ခွဲဝေသုံးစွဲပေးတဲ့အတွက် အဆိုပါအသင်းအဖွဲ့များမှ နိုင်ငံတော်၏ လုပ်ငန်းတာဝန်များအား တစ်စိတ် တစ်ပိုင်းမျှယူပေးထားခြင်းလည်း ဖြစ်ပါတယ်။ အသင်းအဖွဲ့များ အနေဖြင့်လည်း ၎င်းငွေကြေးသည် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ငွေကြေးပမာဏ မဟုတ်သည့်အပြင် ငွေကြေးကောက်ခံပြီး အသင်းအဖွဲ့ အမည်ခံ ကိုယ်ကျိုးရှာမည့် အသင်းအဖွဲ့များအားလည်း အထိုက်အလျောက် ကာကွယ် ထားပေးခြင်း လည်းဖြစ်ပါတယ်။ လူမှုရေးအသင်းအဖွဲ့များအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားတဲ့ မူဝါဒများကို ဆန့်ကျင်ခြင်းမရှိဘဲ အစိုးရနဲ့နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အဆိုပါလူမှုရေးအသင်း အဖွဲ့များရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိမှာ ဖြစ်သကဲ့သို့ ပြည်သူလူထုရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကိုလည်း ပြည့်ပြည့်ဝဝအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဆင်းရဲနွမ်းပါမှု လျှော့ချရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အရပ်ဘက် လူ့အဖွဲ့အစည်းများရဲ့ ပူးပေါင်းပါဝင်မှုများလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိတဲ့ အတွက် ပြည်ထဲရေးဝန်ကြီးဌာန အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနဲ့ ကြီးကြပ်ရေးဗဟိုအဖွဲ့မှ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနဲ့အညီ ထုတ်ပြန်ထားတဲ့ အမိန့်များ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ခေတ်စနစ်နဲ့လျော်ညီ လိုက်လျော ညီထွေမှုရှိအောင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ဤပရဟိတလူမှုရေး လုပ်ငန်းများအနေနဲ့ နိုင်ငံရေးအသွင်ဆောင်သော လှုပ်ရှားမှုများကို ရှောင်ကျဉ်ပြီး နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးအတွက် အသင်းအဖွဲ့ဖွဲ့စည်းခွင့်အရ ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာပြီး ဥပဒေဘာင်အတွင်းမှ ဖြူစင်သော ရပ်တည်မှုဖြင့် ဖွဲ့စည်းထားသော အသင်းအဖွဲ့များဖြစ်ရန်လည်း လိုအပ်ပါတယ်။ ပြည်သူ့အကျိုးကို အုတ်တစ်ချပ်၊ သဲတစ်ပွင့် ဖြည့်ဆည်းဆောင်ရွက်ပေးလိုသော အကျိုးပြုအသင်းအဖွဲ့များ ပေါ်ပေါက်စေရေး အတွက် လည်း နိုင်ငံတော်မှ လိုအပ်သည့်ပံံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ လက်ရှိအွခေအနေ တွင် ဤဥပဒေဖြင့် ဖွဲ့စည်းထားပြီးဖြစ်သော အသင်းအဖွဲ့များသည်လည်း လူမှုရေးလုပ်ငန်းများတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရနေကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ကြီးကြပ်ရေး ဗဟိုအဖွဲ့မှလည်း ဥပဒေနှင့်အညီ ကြီးကြပ်ကွပ်ကဲလျက်ရှိနေကြောင်း တွေ့ရမှာွဖစ်ပါ တယ်။ ပြည်ထဲရေး ဝန်ကြီးဌာန ကြီးကြပ်ရေးဗဟိုဌာနမှလည်း ဥပဒေနှင့်အညီ ကြီးကြပ်ကွပ်ကဲလျက် ရှိနေသည့်အပြင် ခေတ်နဲ့ လျော်ညီသော အမိန့်နဲ့ ညွှန်ကြားချက်များကိုလည်း လိုအပ်ချက်နဲ့အညီ အခါအားလျော်စွာ ထုတ်ပြန်ပေးလျက် ရှိပါတယ်။ အဆိုပါအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ မှာလည်း ပြဋ္ဌာန်းထားပြီးဖြစ်၍ အသစ်ရေး ဆွဲပြဋ္ဌာန်းရန် မလိုအပ်တော့ဘဲ ပြင်ဆင်လိုသော အချက် များရှိရင် ပြင်ဆင်ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ခေတ်နဲ့လျော်ညီသော အစိုးရမဟုတ်သော လူ့အဖွဲ့အစည်း NGO များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ တစ်ရပ်ပြဋ္ဌာန်းရန် လိုအပ်တော့မည် မဟုတ် ပါကြောင်းနဲ့ ဒီအဆိုကို မှတ်တမ်းတင်ထားရှိသင့်ပါကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
