ဒေါ်ဝင်းမော်ထွန်း (ရေနံချောင်း မဲဆန္ဒနယ်)။ ။ လေးစားအပ်ပါတဲ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်မ ဒီနေ့ သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းထားတဲ့ အဆိုကို အပြုသဘောနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ NGO များဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အထူးသဖြင့် ပညာရေးနှင့် ကျန်းမာရေးတို့ကို အလေး ထားဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးစုပေါင်း များစွာရှိရာ နည်းစပ်ရာ မျိုးနွယ်စုတူရာ ဘာသာရေး၊ လူမှုရေး၊ သာသနာရေး၊ သာရေး၊ နာရေးအဖွဲ့တွေနှင့် လုပ်ကိုင်ကြတဲ့ အလေ့အထ ရှိပါ တယ်။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ပြည်ထောင်စု အုပ်ချုပ်ရေးစနစ်အရ ထိုခေတ် ထိုအခါက နိုင်ငံရေးပါတီများရဲ့ လုပ်ငန်းစဉ်များဟာ လွှတ်တော်တွင် မိမိပါတီ ထောက်ခံမှု အများစုရရှိရေးအတွက် ပါတီ ရဲ့ဝါဒစည်းရုံးမှုကို အခြေခံယူတဲ့ အလုပ်သမား အဖွဲ့အစည်းတွေ၊ တောင်သူလယ်သမား အဖွဲ့အစည်း တွေ၊ လူငယ်အမျိုးသမီး အဖွဲ့အစည်း တွေနှင့် စီးပွားရေး ကုန်သွယ်အဖွဲ့အစည်း လူထုလူတန်းစား အခြေပြုအဖွဲ့အစည်းနဲ့ လှုပ်ရှား ခဲ့ပါတယ်။ တဖန် ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ မြန်မာနိုင်ငံ ဆိုရှယ်လစ်နိုင်ငံအဖြစ် နိုင်ငံတော်က ပါတီတွင်း ဒီမိုကရေစီ အသွင်သဏ္ဌာန်အဖြစ် စုပေါင်း ခေါင်းဆောင်မှုကို ကျင့်သုံးခဲ့ပါတယ်။ ဆိုရှယ်လစ်စီးပွားရေးအရ တောင်သူလယ်သမား အဖွဲ့အစည်း၊ ကျောင်းသားလူငယ်အဖွဲ့အစည်း၊ အနုပညာလုပ်ကိုင်ကြတဲ့ စာပေ၊ ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပုစတဲ့ လုပ်ငန်းအလိုက် စည်းရုံးဖွဲ့စည်းတည်ထောင်လှုပ်ရှားခဲ့ကြပါတယ်။
ဥက္ကဋ္ဌကြီးရှင့်။ ယနေ့ကာလ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတအုပ်ချုပ်တဲ့ စနစ် ပေါ်လာပါတယ်။ အစိုးရဆိုသည်မှာ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများ ရှေ့ရှုလုပ်ဆောင်ရခြင်း ဖြစ်ပြီး နိုင်ငံတော်အရေး ကိစ္စများတွင် ပြည်သူလူထု စိတ်အား တက်ကြွပါဝင်ရန် ပြည်သူ့ရဲ့အကျိုးစီးပွား ကိုယ်စားပြုအဖွဲ့အစည်းများ အသီးသီး ဖွဲ့စည်း တည်ထောင် လုပ်ကိုင်ရန် လိုအပ်လာပါတယ်။ ယခု အခါ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှာ အစိုးရ အလိုက် ဖွဲ့စည်းထားတဲ့ Social Organization NGO ၁၀ ခုရှိပြီး၊ ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခွင့်ပြုချက်နှင့် ဖွဲ့စည်း ထားတဲ့ NGO ၆၄ ခုရှိပါတယ်။ အပြီးသတ် ခွင့်ပြုမိန့် မရရှိသဖြင့် ခွင့်ပြုမိန့်တောင်းခံထားဆဲ NGO များစွာရှိပါတယ်။ ကျွန်မအနေနဲ့ ဝန်ကြီးဌာန ထုတ်ပြန်ထားမှုတစ်ခုကို ဖတ်ရှုမိပါတယ်။ NGO အဖွဲ့အစည်းများ ဆောင်ရွက်ချက်များသည် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေမူဘောင်နှင့် ကိုက်ညီမှုမရှိသည့်အပြင် နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေမည်ဆိုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖတ်ရှုမိပါတယ်။
လေးစားအပ်ပါသော လွှတ်တော် ဥက္ကဋ္ဌကြီးရှင့်။ ထူးခြားချက်အနေဖြင့် နိုင်ငံရေးစနစ်ပြောင်းပြီး လွှတ်တော်ကြီး ပေါ်ပေါက်လာတဲ့အခါမှာ NGO များက လွှတ်တော်အမတ်များနှင့် နိုင်ငံရေးပါတီများ အား လိုအပ်သည့်များ ထောက်ပံ့ရန် တိုးမြှင့် ဆောင်ရွက်လာတာကို တွေ့ရပါတယ်။ နိုင်ငံခြားတိုင်းပြည် များက အထူးတင်ပြ လိုတာကတော့ နိုင်ငံခြားတိုင်းပြည်များက သူတို့ရဲ့ Agency မှတစ်ဆင့် ကျွန်မတို့ နိုင်ငံအတွင်းကို သူတို့နိုင်ငံမှ ဖြစ်စေလိုတဲ့ အကြောင်းအရာများ အကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်း NGO များနှင့်ဆက်သွယ်၍ နိုင်ငံအတွင်း ဆူပူလှုပ်ရှား လှုပ်ဆော်မှုများဖြစ်စေရန် ထောက်ပံ့ မှုများရှိခဲ့ပါလျှင် သတိကြီးစွာထားရမှာ ဖြစ်ပါတယ်ရှင့်။ အခြားသော နိုင်ငံများမှာလည်း ဤကဲ့သို့သော လုပ်ဆောင်မှုများရှိတဲ့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနက အထူးအလေးထားဆောင်ရွက်ပြီး ဥပဒေနှင့် ထိရောက်စွာအရေးယူဖို့ အကြံပြုဆွေးနွေး လိုပါတယ်ရှင့်။ NGO တွေရဲ့ ခွင့်ပြုမိန့်ဟာ နှစ်ရှည်ဖြစ်တဲ့ အတွက် ၅ နှစ်တာကာလမှာ လုပ်ဆောင်မယ့် NGO လုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိတဲ့ အချိန်ကာလ အတွင်းမှာ နိုင်ငံတော်အစိုးရရဲ့ မူဝါဒနှင့်လမ်းစဉ်ကို နားလည်ဖို့ လိုပါတယ်။ အာမခံချက်နှင့် တိကျတဲ့ မှန်ကန်တဲ့ တိုင်းပြည်အတွက် ပြည်သူ့အကျိုးအတွက် အထူးဂရုပြုလုပ်နိုင်မယ့် NGO များကို လှိုက်လှဲ စွာကြိုဆိုဖို့ကောင်းပါတယ်။ ဒီနေရာမှာ NGO တွေရဲ့ လုပ်ဆောင်တဲ့ အတိုင်းအတာမှာ လူမှုဖွံ့ဖြိုးရေး အတွက် စီမံချက်များလုပ်ပေးပြီးတော့ သတ်မှတ်ထားတဲ့ မြို့နယ် အသီးသီးမှာ လူထုနှင့် တိုက်ရိုက် ထိတွေ့ပြီးတော့ ပံ့ပိုးကူညီတာတွေ တွေ့ရပါတယ်။ အဲဒီနေရာ ပံ့ပိုးကူညီမှုဟာ လူထုရဲ့စွမ်းဆောင်မှု တည်ဆောက်ရေး Capacity Building ကို တည်ဆောက်ထားတာကို ပံ့ပိုးမှုကို အဓိကပါဝင်တာ တွေ့ရပါတယ်။ အဲဒီပံ့ပိုးတဲ့ ရည်ရွယ်ချက်ကို လေ့လာတဲ့အခါမှာ လူထုဟာ ပြင်ပအဖွဲ့အစည်းတစ်ခုခု ရဲ့ ကူညီပံ့ပိုးမှုကိုသာ အမြဲတမ်း အားထားနေရတဲ့ အနေအထားကနေ မိမိတို့ကိုယ်တိုင် ကိုယ့်အားကိုယ် ကိုး ပြင်ပမှ ပံ့ပိုးမှုမရှိခဲ့ပါလျှင်လည်း ကိုယ်တိုင် စွမ်းဆောင်ရပ်တည်နိုင်သော အနေအထားသို့ ပြောင်း လဲစေရန်ဆိုတဲ့ ရည်ရွယ်ချက်နှင့် လုပ်ဆောင်နေကြောင်း တွေ့ရပါတယ်။ ကျွန်မအနေနဲ့ NGO နှင့် ပတ်သက်ပြီး အနည်းငယ်ပြောပြလိုပါတယ်။ ကျွန်မ ဒီ NGO အဖွဲ့အစည်းတွေရဲ့ ကျွမ်းကျင်သင်တန်း များ လိုပါမယ်။ ဝန်ထမ်းတွေကလည်း လေ့လာဖတ်ရှုသင်ယူမှုတွေ များစွာလိုအပ်ပါတယ်။ လူထု ဖွံ့ဖြိုး ရေးသဘောတရားနှင့် လုပ်နည်းလုပ်ဟန်စာအုပ်တွေ ရှားပါးတာကို တွေ့ရပါတယ်။ ဖွံ့ဖြိုးတဲ့ သင်တန်း လေ့လာလိုပေမယ့် သင်တန်းရှားတဲ့အတွက် လူထုဖွံ့ဖြိုးရေး ဆောင်ရွက်တဲ့ နည်းလမ်း စနစ်တကျ မရှိခဲ့ ရင်၊ ကျွမ်းကျင်မှုမရှိခဲ့ရင် ဒီအလုပ်ဟာ ထိရောက်ဖို့ မလွယ်ပါဘူး။ စည်းကမ်းမဲ့ ဖြစ်နိုင်ပါတယ်။ NGO ဝန်ထမ်းများအနေနဲ့ သူတို့ရဲ့ NGO အဖွဲ့များရဲ့ မူဝါဒများနှင့် ကွဲလွဲစွာဆောင်ရွက်နေကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ကျွန်မတို့နိုင်ငံဟာ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးမှုအကူအညီ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ ချေးငွေမရရှိဘဲ ကြိုးပမ်းပြီး ရပ်တည်ခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အခုအချိန်ထိလည်း မိမိတို့ နိုင်ငံအပေါ် ကန့်သတ်ထားတဲ့ အနောက်နိုင်ငံများရဲ့ပိတ်ဆို့မှုများ ရှင်းလင်းစွာ ဖယ်ရှားခြင်း မရှိသေး ပါဘူး။ မိမိတို့နိုင်ငံဖွံ့ဖြိုးမှုအတွက် မိမိတို့ ပြည်သူများ လူသားဖွံ့ဖြိုးမှုအတွက် Human Development တွေကို အကြောင်းပြပြီးတော့ ထိရောက်စွာ ကူညီစွမ်းဆောင်ပေးခြင်းမရှိဘဲ အရောင် ပြလှုပ်ရှားမှုမျိုးနှင့် နိုင်ငံခြားမှ အကူအညီ ဆောင်ရွက်ခြင်းမျိုး ကိုလည်း မပြုသင့်ကြောင်း သတိထားပြီး ဆောင်ရွက်သင့်စေလိုပါတယ်။ ပြည်သူ့ပြည်သားတွေ ကိုတော့ အသုံးချခံတော့မဖြစ်စေလိုပါဘူးရှင့်။
လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးရှင့်။ ဒီနေ့အခါမှာတော့ အားလုံးဟာ သေချာစိစစ် ပြီး အတူတကွ ပူးပေါင်းလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီနေ့အချိန်အခါမှာ မိမိရဲ့ကိုယ်ကျိုးနှင့် စိတ်ဝင်စား မှုကို ရှေ့တန်းမတင်ဘဲနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရဲ့ အမျိုးသားတာဝန်တစ်ရပ်သဖွယ် ဆောင်ရွက် ရမယ့်အချိန်ဖြစ်ပါတယ်။ မနေ့က ပန်းတနော်မဲဆန္ဒနယ် ဦးမန်းမောင်မောင်ဉာဏ် ပြောသွားတာကို ကျွန်မအနေနဲ့ ထောက်ခံပါတယ်။ သင့်တော်တဲ့စည်းကမ်းချက်တွေ ချပြီးတော့မှ ဒီစည်းကမ်းဘောင် အတွင်းကနေ မှတ်ပုံတင်ထားတဲ့ အထူးသဖြင့် ဆောင်ပုဒ်အတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲမှုအန္တရာယ်တွေ ကာကွယ်ဖို့၊ အချုပ်အခြာ ပျက်စီးမယ့် အနေအထားတွေ ကာကွယ်ဖို့ ဒီပေတံနှင့် တိုင်းပြီးတော့ NGO တွေကို လုပ်ဆောင်ရဖို့ လိုပါတယ်လို့ ရေးထားပါတယ်။ NGO တွေ အကြောင်းပြ ပြီးတော့ အမြတ်ထုတ်တာတွေလည်း အများကြီးပါပဲ။ NGO တွေလာတဲ့အခါမှာ ပြည်တွင်းကပဲ လာလာ၊ ပြည်ပကပဲလာလာ ခုနက ပေတံနှင့်တိုင်းပြီး စည်းမျဉ်းစည်းကမ်းနှင့် Check လုပ်ရမယ့် အခြေအနေရှိပါတယ်။ စိစစ်နိုင်တဲ့ အခြေအနေရှိရပါမယ်။ သူတို့ လုပ်ငန်းဘောင်အတွင်းမှာ ထည့်သွင်းမယ့်သဘော ရှိရပါမယ်။ NGO တစ်ခုလာပြီးတော့ တိုင်းပြည်မှာ လုပ်ချင်တဲ့ လုပ်လို့တော့ မဖြစ်ပါဘူးဆိုတာ ကျွန်မအနေနဲ့တော့ ဆွေးနွေးတာမှန်တယ်လို့ ယူဆပါတယ်။ နိုင်ငံတော်တည်ငြိမ်ရေး နှင့် တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည်လုံခြုံရေးကို ထိခိုက်စေနိုင်မယ့် တစ်ဘက်သတ် နိုင်ငံရေး အားပေး လှုပ်ဆော်မှုများကို စိစစ်ပြီး စီစဉ်ပြီးမှ NGO ကြားခံအဖွဲ့အစည်းအဖြစ် ပြုလုပ်နေတာများကို ခွင့်မပြုသင့်ပါဘူး။ ဒါကြောင့် ဥပဒေကို ပြဋ္ဌာန်းဖို့လည်း မူလဥပဒေက နေပြီးတော့ နည်းဥပဒေတွေ၊ ပြည်သူ့ လွှတ်တော် အတွင်းမှာရှိတဲ့ ဥပဒေကြမ်းကော်မတီတွေ၊ လွှတ်တော်ကော်မရှင်များနှင့်ပူးပေါင်း ပြီးတော့ ဆွေးနွေးမှုကိုသာ လုပ်ကိုင်သင့်ပါကြောင်း အကြံပြုဆွေးနွေးအပ်ပါတယ်ရှင့်။ အားလုံးကို လေးစားပါတယ်။
