ဒေါ်ခင်စန်းလှိုင်(ပုလဲမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီး များအားလုံး၊ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။ ကျွန်မကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် တင်သွင်းတဲ့ အဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြသွား မှာဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ အစိုးရမဟုတ်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း NGO များရဲ့ အခန်းကဏ္ဍဟာ နိုင်ငံတော်ရဲ့ နေရာစုံ၊ အလွှာစုံမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ဝင်ရောက် နေရာယူ လုပ်ကိုင်လျက်ရှိပါတယ်။ ထို့အတူ ကမ္ဘာပေါ်မှာလည်း NGO များရဲ့အခန်းကဏ္ဍဟာ တစ်နေ့တခြား ကြီးထွားလျက်ရှိပါတယ်။ မြန်မာ့နိုင်ငံမှာ အရပ်ဘက်လူ့အဖွဲ့အစည်း NGO များလို့ ဆိုတဲ့နေရာမှာ (၁) နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ INGO များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အလှူရှင်များစတဲ့ အဖွဲ့များထံမှ ငွေကြေးရယူပြီး အချိန်ပြည့်ဝန်ထမ်း များငှားရမ်းပြီး စီမံကိန်းများချပြီး ဆောင်ရွက်နေတဲ့ ပြည်တွင်းအစိုးရမဟုတ်တဲ့အဖွဲ့အစည်း Local NGO များ၊ (၂) အခြားနိုင်ငံများမှာ သင်းဖွဲ့ မှတ်ပုံတင်ထားပြီး မြန်မာနိုင်ငံမှာ ဌာနေကိုယ်စားလှယ်များ၊ အချိန်ပြည့်ဝန်ထမ်းများငှားရမ်းပြီး စီမံချက်စီမံကိန်းများ ချမှတ်ဆောင်ရွက်နေတဲ့ နိုင်ငံတကာအစိုးရ မဟုတ်တဲ့အဖွဲ့အစည်း INGO များဆိုပြီးတော့ သုံးစွဲပြီးတော့ လုပ်ကိုင်နေပါတယ်။ ကမ္ဘာပေါ်မှာ ကတော့ အစိုးရမဟုတ်တဲ့ လူ့အဖွဲ့အစည်းပေါင်းများစွာဟာ နာမည် အမျိုးမျိုးနဲ့ ရှိပြီးတော့မှ လုပ်ကိုင် နေတာတွေရှိနေပါသေးတယ်။ မြန်မာနိုင်ငံမှာ INGO နာမည်တပ်ပြီး သုံးစွဲ လုပ်ကိုင်နေတဲ့အဖွဲ့ဟာ ၅၃ ဖွဲ့ရှိပြီး လုပ်ငန်းစီမံချက်စုစုပေါင်းဟာ ၆၇ ခုရှိတယ်လို့ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးနဲ့ အကောင်အထည်ဖော် ဆောင်ရွက် နေကြောင်းကိုလည်း သိရှိရပါ တယ်။ မြန်မာနိုင်ငံအတွင်းမှာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း Local NGO နှင့် CSO များအနေနဲ့ ကတော့ အဖွဲ့ပေါင်း ၁၀၀၀ ခန့်ရှိတယ်လို့ အဆိုရှင်ရဲ့အဆိုအရ သိရပါတယ်။ ဒီလို NGO နှင့် CSO တွေဟာ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကဏ္ဍစုံနှင့် နယ်ပယ်စုံမှာ ဆောင်ရွက်တဲ့နေရာမှာ တချို့ အဖွဲ့အစည်းတွေဟာ စတင်ဖွဲ့စည်း လုပ်ကိုင်စဉ်က ဥပမာအနေနဲ့ဆိုရင် နာရေးကူညီမှုအသင်းကို ဖွဲ့စည်းပြီးတဲ့နောက်မှာ နာရေး ကိစ္စတွေကို ဆောင်ရွက်ပေးပါတယ်။ နာရေးဖြစ်တဲ့သူတွေကို ကူညီ စောင့်ရှောက်ပေးတဲ့ လုပ်ငန်းတွေ လုပ်ပါတယ်။ အဲ့ဒီလို လုပ်နေရင်းကနေ နာရေးကူညီမှုလုပ်တဲ့ နေရာမှာ ဒီလိုနာရေးတွေဖြစ်ရတာဟာ ဘာကြောင့်လဲ ဆိုရင် ကျန်းမာရေးနှင့် ပတ်သက်လို့မို့ စောင့်ရှောက်မှုတွေလုံလောက်စွာမရတာ နောက်တစ်ခုက ကျန်းမာရေးရဲ့အသိပညာတွေအားနည်းလို့ ဖြစ်ရတယ်ဆိုတာတွေကိုတှေ့လာရတဲ့အခါကျတော့ ကျန်းမာရေး အသိပညာပေးတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လာပြန်ပါတယ်။ ဆေးခန်းတွေကိုဖွင့်ရပါတယ်။ ဆေးကုသမှုတွေကို ပေးပါတယ်။ အဲ့ဒီလို ကူညီစောင့်ရှောက်မှု လုပ်ငန်းတွေကို ထပ်ပြီးလုပ်ရပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု တွေလုပ်ရင်း ကနေပြီးတဲ့နောက်မှာမှ အသိပညာပေးတဲ့သင်တန်းတွေ၊ ဟောပြောပွဲတွေ၊ အင်္ဂလိပ်စာ သင်တန်းတွေ၊ ကွန်ပျူတာသင်တန်းတွေ၊ IT နည်းပညာ သင်တန်းတွေ အထိဖွင့်လှစ်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်တဲ့ လူမှုကွန်ရက်တွေ ထူထောင်တဲ့အထိ ကျယ်ပြန့်စွာ အကျိုးပြုလာ နိုင်တာတွေကို ကျွန်မတို့တွေ့ ရပါ တယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်။ ဒီမိုကရေစီနိုင်ငံရေးမှာ အစိုးရမဟုတ်သော NGO များနှင့် လူမှုအဖွဲ့အစည်းများ CSO တို့ရဲ့အခန်းကဏ္ဍတွေဟာ မရှိမဖြစ်လိုအပ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် များနှင့် သုတေသီ အများအပြားက အတည်ပြု ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၈) ပုဒ်မ ၃၅၄ မှာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး သို့မဟုတ် ပြည်သူ့တို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ များနှင့် မဆန့်ကျင်လျှင် ပုဒ်မ ၃၅၄ အပိုဒ်ခွဲ (ဂ) အရ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အစိုးရမဟုတ်သော လူ့အဖွဲ့အစည်း NGO များ ဖွဲ့စည်း တည်ထောင်မှုနှင့် ပတ်သက်ပြီးတော့ ဥပဒေများပြဋ္ဌာန်းတဲ့နေရာမှာ NGO နှင့် CSO များလှုပ်ရှားရှင်သန်ရန် အားပေးထောက်ပံ့တဲ့ ဥပဒေများဖြစ်ရန် လိုအပ်သလို စည်းကမ်း စနစ်ကျနပြီး ထိန်းကျောင်းတဲ့ သဘောထားများလည်း မျှတစွာပါဝင်ဖို့ လိုပါတယ်။
ဥက္ကဋ္ဌကြီးရှင့်။ အသင်းအဖွဲ့များ မှတ်ပုံတင်လျှောက်ထားရာမှာ ဆိုရင်လည်း လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခွင့်တွေ ပေးသင့်ပါတယ်။ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရများအား အသင်းအဖွဲ့များ ထူထောင်မှုနှင့် ပတ်သက်ပြီး ခွင့်ပြုနိုင်တဲ့ အခွင့်အာဏာတွေ ပေးအပ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများရဲ့ လက်အောက်ရှိ မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့ထံမှာ အသင်းအဖွဲ့များရဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းများ၊ လုပ်ကိုင်နေတဲ့ နေရာများကို အကြောင်းကြားရုံမျှဖြင့် လုပ်ကိုင်ခွင့်တွေ ပြုသင့်ပါတယ်။ ရပ်ရွာအခြေပြု လူမှု အဖွဲ့အစည်း CBO တစ်ခုဟာ အဖွဲ့အစည်းရဲ့အမည်၊ ရည်ရွယ်ချက်၊ အသင်းဥက္ကဋ္ဌရဲ့ အမည်ကို အဖွဲ့ရဲ့လုပ်ငန်းတွေစတင်မလုပ်ဆောင်မီ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှာ ကြိုတင် အကြောင်းကြားရုံနဲ့ လုံလောက်သင့်ပါတယ်။ ထို့အပြင် ရပ်ရွာအခြေပြုအဖွဲ့တွေဟာ ပြည်နယ်/တိုင်း/ ခရိုင်ဒေသကြီးရဲ့လက်အောက်ရှိ ခရိုင် တစ်ခုအတွင်း မြို့နယ်အများအပြားမှာလုပ်ကိုင်လာပါက ခရိုင် အုပ်ချုပ်ရေးမှူးထံ အဖွဲ့ရဲ့လုပ်ကိုင်နေတဲ့လုပ်ငန်းများကို အကြောင်းကြာရုံမျှနဲ့လည်း လုပ်ကိုင်ခွင့် တွေပေးသင့်ပါတယ်။ ၎င်းကနေမှတစ်ဆင့် ပိုမိုကြီးထွားလာပြီး ပြည်နယ်/တိုင်းဒေသကြီးတစ်ခု လက်အောက်မှာ ရှိတဲ့ ခရိုင်နှင့် မြို့နယ်အများအပြားမှာလုပ်ကိုင်လာပြီဆိုပါကတော့ ပြည်နယ်/တိုင်း ဒေသကြီးအစိုးရနှင့် အုပ်ချုပ်ရေးမှူးများရဲ့သဘောတူညီခွင့်ပြုချက်နှင့် လုပ်ကိုင်ခွင့်ရသင့်ပါတယ်။ အခြားပြည်နယ်များ၊ တိုင်းဒေသကြီးများနှင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ခေတ္တခဏသွားရောက် လုပ်ကိုင်ခြင်းမျိုးတွေမဟုတ်ဘဲနဲ့ လုပ်ငန်းတိုးချဲ့ခြင်း မျိုးလုပ်လာတဲ့အဖွဲ့တွေကိုတော့ ပြည်ထဲရေး ဝန်ကြီးဌာနထံမှာ တရားဝင်မှတ်ပုံတင် လျှောက်ထားစေခြင်းဖြင့် ဗဟိုအဆင့်ရဲ့ချုပ်ကိုင်မှုလျှော့ချ စေနိုင်တဲနည်းတူ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် အသင်းအဖွဲ့များအကြား ထိတွေ့နားလည် သဘောပေါက်မှု၊ လက်တွဲ လုပ်ကိုင် ဆောင်ရွက် နိုင်မှုကို ပိုမိုဖြစ်ထွန်းစေနိုင်မှာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး ရှင့်။ လက်ရှိအသင်းအဖွဲ့ ဖွဲ့စည်းခြင်း ဥပဒေအရ အသင်းအဖွဲ့များဖွဲ့စည်းတဲ့နေရာမှာ အုပ်ချုပ်မှု ဒါရိုက်တာ ၅ ဦး ကနေ ၇ ဦးအထိ ပါဝင်ရမယ်လို့ပြောပါတယ်။ ဒါရိုက် တာဆိုတဲ့ အသုံးအနှုန်းဟာ ကျွန်မတို့ CBO လိုသေးငယ်တဲ့ ရပ်ရွာအခြေပြု လုပ်ငန်းတွေမှာ ဒါရိုက်တာရဲ့ လုပ်ပိုင်ခွင့်၊ ဒါရိုက်တာ တွေရဲ့လုပ်ဆောင်ရမယ့် သဘောထားတွေကို နားလည်မှုမရှိတဲ့ အတွက်ကြောင့် ဒါရိုက်တာတွေလို့ သုံးနှုန်းမယ့်အစား အဖွဲ့ဝင်လို့သတ်မှတ်ပြီးတော့ ပြောင်းလဲမယ် ဆိုရင်ပိုပြီးတော့ အဆင်ပြေမှာဖြစ်ပါ တယ်။ အဲ့ဒီ ဒါရိုက်တာအဖွဲ့ဆိုတဲ့လူတွေကလည်း နိုင်ငံရေးကင်းရှင်းရမယ်လို့ ခံဝန်ချက်ပေးရမယ်လို့ ဆိုပြီးပါရှိပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ နိုင်ငံရေးလုပ်တယ် ဆိုတာဟာ ပရဟိတ စိတ်ရှိတဲ့လူတွေမှ နိုင်ငံရေး ကိုလုပ်တာပါ။ အဲ့ဒီတော့ ပရဟိတစိတ်ရှိတဲ့လူတိုင်းဟာလည်း နိုင်ငံရေးမှာပါဝင်နေပါတယ်။ ကျွန်မတို့ တစ်တွေဟာ ဒီလို ရပ်ရွာအခြေပြုအသင်းအဖွဲ့တွေပဲဖြစ်စေ၊ အဖွဲ့အစည်းတွေပဲဖြစ်စေ ဖွဲ့စည်း ထူထောင်မယ်ဆိုရင် အဲ့ဒီ အဖွဲ့အစည်းအားလုံးမှာ နိုင်ငံရေးသမား၊ နိုင်ငံရေး အလုပ်လုပ်သူ ဆိုတာတွေကတော့ အမြဲတမ်းပါဝင်နေမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီအသုံးအနှုန်းဟာ ဆိုလို့ရှိရင် ခေတ်စနစ်နှင့်မဆီလျော်တဲ့အတွက်ကြောင့်မို့လို့ အခုရေးဆွဲမယ့် အစိုးရမဟုတ်သော အဖွဲ့အစည်း များဆိုင်ရာဥပဒေမှာ ထည့်သွင်းခြင်းမပြုပေးပါရန် ကျွန်မအနေနဲ့ အကြံပြုဆွေးနွေးလိုပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုလို့ရှိရင် ဥပဒေအရကန့်သတ်မှုတွေ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ အဖွဲ့အစည်းများမှတ်ပုံတင်တဲ့နေရာမှာလည်း ပျမ်းမျှ ၆ လကနေ ၁ နှစ်၊ ထိုထက်ပိုပြီး ကြန့်ကြာမှုတွေရှိနေတယ်ဆိုတာကိုလည်း ကျွန်မတို့တွေကြားသိနေရပါတယ်။ အဲ့ဒီအတွက်ကြောင့် မို့လို့ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဝန်ကြီးအဖွဲ့အထိ အဆင့်ဆင့် တင်ပြရတဲ့အတွက် မှတ်ပုံတင်တဲ့နေရာမှာ ဖြတ်သန်းရတဲ့အဆင့်တွေကိုလည်း လျှော့ချ ပြီးတော့ပေးသင့် ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးအနေနဲ့ မှတ်ပုံတင်လိုတဲ့ အဖွဲ့အစည်းအခြေ အနေနှင့် လုပ်ဆောင်နေမှုတွေကို အသိရှိနိုင်ဆုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ သေချာစွာစိစစ်ပြီး ကန့်ကွက်ရန်မရှိပါက နေပြည်တော်အဆင့် ပြည်ထဲရေးဝန်ကြီးဌာနကို တိုက်ရိုက်မှတ်ပုံတင် လျှောက်ထားမှုပြုသင့်ကြောင်းကိုလည်း ဆွေးနွေး တင်ပြလိုပါတယ်။
၎င်းအပြင် ဖွဲ့စည်းခွင့် လျှောက်ထားတဲ့ နေရာမှာဆိုရင်လည်း ပါဝင်ရမယ့်အချက်များ၊ စာရွက် စာတမ်းများ၊ အထောက်အထားများ အားလုံးကို ရှင်းလင်းတိကျစွာညွှန်ကြားပြီး လုပ်ငန်းအဆင့်ဆင့်ကို လည်းဥပဒေနှင့်အညီ တိကျစွာ ထည့်သွင်း ဖော်ပြပေး စေလိုပါတယ်။
ဥက္ကဋ္ဌကြီးရှင့်။ မှတ်ပုံတင်ကြေး ပေးသွင်းရန် ကိစ္စနှင့်ပတ်သက်လို့ တစ်နှစ်မှာ ၁ သိန်းနှုန်းနှင့် ၅ နှစ်စာအတွက် ၅ သိန်းကို ၁ ကြိမ် တည်းပေးသွင်း နေရကြောင်း လေ့လာတွေ့ရှိရပါတယ်။ ၅ သိန်းဆိုတဲ့ ငွေပမာဏဟာ လူမှုကူညီ ထောက်ပံ့မှု လုပ်ငန်းတွေကို အလှူရှင်တွေရဲ့ လှူဒါန်းငွေဖြင့် လည်းကောင်း၊ ကိုယ်ပိုင် ထည့်ဝင်ငွေဖြင့် လည်းကောင်း၊ စီမံချက်၊ စီမံကိန်းများ လုပ်ကိုင်ရန် ရန်ပုံငွေ လျှောက်ထားပြီး လုပ်ကိုင်နေကြရတဲ့ အမြတ်အစွန်း ရရှိရေးကို ရှေးရှု ခြင်း မဟုတ်တဲ့ ဒီလိုအဖွဲ့အစည်းတွေ အနေနဲ့ဆိုရင် ဒီပမာဏဟာ အင်မတန်မှ များလွန်းနေပါတယ်။ ရပ်ရွာအခြေပြုတဲ့ ဆွမ်းလောင်း အသင်းတွေလို၊ နောက်သွေးကူညီ ရေးအသင်းတွေလို ဒီလိုအသင်းမျိုးတွေ CBO တွေမှာဆိုရင် မှတ်ပုံတင်ကြေး ၅ သိန်းဆိုတဲ့ငွေကြေး ဟာ အင်မတန်မှ များပြားပါတယ်။ အဲ့တော့ ကျွန်မတို့တစ်တွေဟာ CBO တွေရဲ့အပေါ်မှာမှတ်ပုံတင်ကြေး ကောက်ယူခြင်းနှင့် ပတ်သက်လို့ ဒီလိုအဖွဲ့လေးတွေရဲ့အပေါ်မှာ မှတ်ပုံတင်ကြေးကိုယူသင့်သလား၊ မယူသင့် ဘူးလားဆိုတဲ့ အချက်ကို ကျွန်မတို့စဉ်းစားရပါမယ်။ အကယ်၍များ မဖြစ်မနေ မှတ်ပုံတင်ကြေးသွင်းမှ အသင်း အဖွဲ့အဖြစ် ထူထောင်ခွင့်ပြုမယ် ဆိုရင်လည်း မှတ်ပုံတင်ကြေး ယူထားတာနှင့်အမျှ ဒီလို အဖွဲ့ငယ်လေးတွေရဲ့ အပေါ်မှာ ဘယ်လို ကာကွယ်စောင့်ရှောက်မှုတွေ ပေးမှာလဲ။ ဘယ်လို ထောက်ပံ့မှုတွေပေးမှာလဲ ဆိုတာကို ကျွန်မတို့ တစ်တွေစဉ်းစားဖို့ရာ အချက်တစ်ခုအနေနဲ့ ကျွန်မအနေနဲ့ တင်ပြလိုပါတယ်။
ဥက္ကဋ္ဌကြီးရှင့်။ INGO လုပ်ငန်းများနှင့် ပတ်သက်ပြီးတော့လည်း ဆက်သွယ် ဆောင်ရွက်တဲ့ နေရာမှာ အထူးအားဖြင့် ငွေကြေး ဆိုင်ရာ ကိစ္စရပ်များ တိကျမှန်ကန်မှု ရှိရေးနှင့် လူထုအကျိုးပြုရန် ရည်မှန်းတဲ့ အဖွဲ့များရဲ့ အဖွဲ့ဝင်များ အပေါ်မှာ အကျိုးပြုရန်ကိစ္စရပ်များ ရည်မှန်းချက် အတိုင်းအကောင်အထည်ဖော်မှု ရှိ/မရှိကိုလည်း စိစစ် စောင့်ကြည့်ဖို့ရာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ NGO များနှင့်ပတ်သက်ပြီး ဥပဒေတစ်ရပ် ပြဋ္ဌာန်းဖို့ဆိုတဲ့ အချက်ကတော့ ကျွန်မတို့အနေနဲ့မငြင်းနိုင်တဲ့အချက်ပဲဖြစ်ပါတယ်။ သို့သော် မှန်မှန် ကန်ကန် ဆောင်ရွက်ခြင်းရှိ၊ မရှိကိုလေ့လာစောင့်ကြည့်တဲ့ ယန္တရားတစ်ရပ်လည်းလိုအပ်ပါတယ်။ သို့မှသာ ဥပဒေဟာ သက်ဝင်ရှင်သန်လာ မှာဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးရှင့်။ နိုင်ငံတော်ရဲ့ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးဟာ နိုင်ငံတော်ကတင် မဟုတ်ဘဲ သက်ဆိုင်ရာ လူမှု အသင်းအဖွဲ့တွေ၊ ဖောင်ဒေးရှင်းတွေ ကပါ တစ်တပ်တစ်အားပူးပေါင်းပါဝင်ဖို့လိုအပ်ပါတယ်။ နိုင်ငံတော် သမ္မတကြီးကလည်း မေလ ၁၁ ရက်နေ့မှာကျင်းပတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပိုမို ထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ဆောင်ရွက်တဲ့ နေရာမှာ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတစ်ခုတည်းအပေါ်မှာ မှီခိုအားထားပြီး ဆောင်ရွက်တဲ့ အစဉ်အလာကနေပြီး နိုင်ငံတကာရဲ့ အကူအညီအထောက်အပံ့၊ ချေးငွေနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များကို ရယူအသုံးပြုပြီး ကဏ္ဍ အလိုက်၊ ဒေသအလိုက် လုပ်ငန်း စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမယ်လို့ လမ်းညွှန် မှုပြုခဲ့ပြီးဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် မို့လို့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေးတွေမှာ NGO, INGO, CSO နှင့် CBO တို့ရဲ့ အခန်း ကဏ္ဍတွေရဲ့ ပူပေါင်း ဆောင်ရွက်မှု စွမ်းပကားတွေဟာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းမှာ ပါဝင်ပတ်သက်နေတဲ့ အတွက်ကြောင့် ခေတ်နှင့်လျော်ညီတဲ့ NGO များမှတ်ပုံတင် ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ရေးဆွဲနိုင်ရန် လိုအပ်ကြောင်းနှင့် မူလအဆိုရှင်ရဲ့ အဆိုကိုမူအားဖြင့် ထောက်ခံပါကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
