ဦးသောင်း (မော်လိုက်မဲဆန္ဒနယ်) မှ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ၏ အစီရင်ခံစာကို ဆွေးနွေးခြင်း

ဥက္ကဋ္ဌ။           ။ လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ၁၀-၈-၂၀၁၂ ရက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၂၄ ရက်မြောက်နေ့တွင် တင်သွင်းခဲ့တဲ့ တရားစီရင် ရေးနှင့် ဥပဒေရေးရာ ကော်မတီရဲ့အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ဆွေးနွေး လိုကြောင်း လွှတ်တော်ကိုယ်စား လှယ် ၁၉ ဦးကအမည်စာရင်း တင်သွင်းထားပါတယ်။ ဒီနေ့ဆွေးနွေးလိုတဲ့ အကြောင်းနှင့် စပ်လျဉ်းပြီး မူလ ကျွန်တော် တင်ပြထားတဲ့ အတိုင်း ဒီနေ့အပြီးအစီး ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဆွေးနွေးတဲ့ အခါမှာ လိုရင်း အဓိပ္ပာယ် ပြည်‌့စုံတဲ့ ဆွေးနွေးမှုများ ဖြစ်စေလိုကြောင်း ထပ်လောင်း တင်ပြပါတယ်။ ဦးစွာ မော်လိုက်မဲဆန္ဒနယ်မှ ဦးသောင်းအား ဆွေးနွေးဖို့ ဖိတ်ခေါ် ပါတယ်။

ဦးသောင်း (မော်လိုက်မဲဆန္ဒနယ်)။     ။ လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားများနှင့် ဖိတ်ကြားထားသော ဧည်‌့သည်တော်များ ခင်ဗျား။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေလို့ ပဏာမ ဆုတောင်းအပ်ပါတယ်။ ကျွန်တော်က တော့ မော်လိုက် မဲဆန္ဒနယ်က ဦးသောင်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ၁၀-၈-၂၀၁၂ ရက်နေ့က တရား စီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြည်သူ့ လွှတ်တော်ကို တင်သွင်းသွားတဲ့ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီရဲ့ အစီရင်ခံ စာ ၁/၂၀၁၂ ကိုထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ ဆွေးနွေးမယ့် ဟာတွေကို တော်တော်များများ ရေးလာခဲ့ပါတယ်။ သို့သော်လည်းပဲ တိုရင်းနဲ့ လိုရင်းဆိုတော့ တချို့ဟာတွေ ချန်ထားခဲ့ပြီးတော့မှ ဆွေးနွေးသွားပါ့မယ်။ ကျွန်တော်တို့ ၂၀၀၈ ပြည်ထောင်စု  သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၁ အရ ဆိုလို့ရှိရင် တရား ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာ၊ တရားစီရင်ရေးအာဏာ ၃ ရပ်ကို ညီညာဖျဖျ ခွဲခြမ်းစိတ်ဖြာ တာဝန်ပေးပြီး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၇၄ အရဆိုလို့ရှိရင် ဥပဒေပြုရေးကို ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုများကို အာဏာ ပေးအပ်ထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၉၉ အရ Administrate Power အုပ်ချုပ်ရေး အာဏာကို သမ္မတများ၊ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင်‌့ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အုပ်ချုပ်ရေး အာဏာ ပေးထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၉၃ အရဆိုလို့ရှိရင် တရားစီရင်ရေး အာဏာကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ တရားရုံး အဆင်‌့ဆင်‌့အောက်မှာ ရှိတဲ့ တိုင်း /ပြည်နယ် /ခရိုင် /မြို့နယ်များကို အသီးသီး အသက အသက ညီညာဖျဖျ ဒီမိုကရေစီ ကျကျ ခွဲခြမ်း စိတ်ဖြာ ပေးထားပြီး ဖြစ်ပါတယ်။

လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆ (က)ကနေ (စ) အထိခံစားခွင့် အားလုံးကို ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူများရဲ့ ရပိုင်ခွင့်ကို ပေးထားပါ တယ်။ အထူးသဖြင့် တရာမျှတမှု (Justice)၊ လွတ်လပ်မှု(Liberty)၊  ညီမျှမှု (Equally) ဆိုတဲ့ တရားမျှတရေး အချက် ၃ ချက်ကို အဓိကထား ပြီးတော့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားပါ တယ်။ အဲ့ဒီ အာဏာ ၃ ရပ်မှာ တရားစီရင်ရေး အာဏာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့ သာမန်အားဖြင ်‌့ကြည်‌့မယ်ဆိုရင် အုပ်ချုပ်ရေး အာဏာနှင့် ဥပဒေပြုရေး အာဏာဟာတည်တည် ငြိမ်ငြိမ်ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တရားစီရင်ရေး မဏ္ဍိုင်ဟာ ဆိုရင် ဒီကနေ့ ယိမ်းယိုင်နေ တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ တရားစီရင်ရေးနှင့် ဥပဒေရေးရာမှာ တိုင်စာပေါင်း ၁၇၀၀ ကျော်ရှိ လာပြီဖြစ်ပါတယ်။ အဲ့ဒီ တိုင်စာများကို ကြည့်မယ် ဆိုရင် ၈၀ ရာနှုန်းဟာ တရားသူကြီးများကို တိုင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီလိုတိုင်တဲ့ အထဲမှာ လည်းပဲ ယခင်ကာလက စီရင်ခဲ့တဲ့ ကိစ္စတွေ၊ ဒီကနေ့ အချိန်အထိ မပြီးသေးတဲ့ တရားစီရင်ရေး ကိစ္စတွေလည်း ပါဝင် သကဲ့သို့ ဒီကနေ့ ကာလ အတွင်းမှာ တရားစီရင် ခဲ့တာတွေလည်း ပါပါတယ်။ ဒီကြားထဲမှာ ကြည့်မယ် ဆိုလို့ရှိရင် ကျွန်တော်တို့ တရားစီရင်ရေး တိုင်ကြားချက်တွေကို လေ့လာကြည့်မယ် ဆိုလို့ရှိရင် တရားသူကြီးများကို တိုင်ထားတာ ၈၀ ရာနှုန်း ရှိပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင် တယ်ဆိုတာကို သုံးသပ်တဲ့ အခါမှာ အကြောင်း အမျိုးမျိုးရှိတယ် ဆိုတာကို လေ့လာတွေ့ရှိရပါ တယ်။ ဥက္ကဋ္ဌကြီးက အင်္ကျီအနက် ဝတ်လာတော့ ကျွန်တော်လည်း တရားသူကြီး အောက်မေ့ပြီးတော့ ပြော လိုက်တာပါ။ ကျွန်တော်တို့ အားနည်းတဲ့ အကြောင်းအချက်တွေကို ဖော်ပြရမယ် ဆိုလို့ရှိရင် တရားစီရင်ရေး အဖွဲ့တွေက Case Construction တည်ဆောက်တဲ့ အခါမှာ ချို့ယွင်း အားနည်းမှုတွေ ရှိပါတယ်။ နောက် သက်သေ တွေက အားနည်းမှု ရှိပါတယ်။ ဒီကြားထဲမှာ ကျွန်တော်တို့ ရှေ့နေတွေလည်း ပါပါတယ်။ ရှေ့နေ ရှေ့ရပ်များ အားနည်းမှုလည်း ရှိပါတယ်။ တချို့ဆိုလို့ရှိရင် ဥပဒေ အရာရှိများဟာ အမှုလိုက်ပါ ဆောင်ရွက်တဲ့ အခါမှာ အားနည်း ချို့ယွင်းချက်တွေ ရှိပါတယ်။ အချို့တရားသူကြီးများဟာ ဆိုလို့ရှိရင် ဆင်ခြင်တုံတရား အားနည်းတယ်လို့ တွေ့ရှိရပါတယ်။ ကျွန်တော်တို့ တချို့ တရားသူကြီးများဟာ ဆိုလို့ရှိရင် အဂတိတရား ၄ လေးပါး။ ဆန္ဒ၊ ဒေါသ၊ ဘယ၊ မောဟ ဆိုတဲ့ အဂတိတရား ၄ ပါးကို ကင်းအောင် လုပ်နိုင်သူ နည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီကနေ့ တရားစီရင်ရေးဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ ကာလ အတွင်းမှာ တရားစီရင်ရေးနှင့် ပတ်သက်ပြီးတော့မှ တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့်၊ စီရင် ပိုင်ခွင့် ပေးထားတာသည် ပင်လျှင် အားနည်းတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အဲ့ဒီမှာ တရားစီရင်ရေးနှင့် ပတ်သက်လို့ ကြီးကြပ်မှုကလည်း အင်မတန် အားနည်းတယ် ဆိုတာတွေ့ရှိရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လပိုင်းက တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ တရားစီရင်ရေးနှင့် ဥပဒေ ရေးရာကို သွားရောက် လေ့လာတဲ့ အခါမှာ တရုတ် ပြည်သူ့သမ္မတနိုင်ငံမှာ ၄ ဆင်‌့ခွဲခြား ထားပါတယ်။ အဲ့ဒီ ၄ ဆင်‌့ကတော့ အခြေခံ အဆင့် တရားရုံးဆိုပြီးတော့ ရပ်ကျေး အဆင်‌့ကို တစ်ဆင်‌့ တရားရုံး ထားပါတယ်။ ဒုတိယ အဆင်‌့က အလယ်အဆင့် ဆိုတာ မြို့နယ်နှင့် ခရိုင်အဆင်‌့ ပေးထားပါတယ်။ တတိယ အဆင့်ကတော့ အဆင်‌့မြင့် တရားရုံး ဆိုပြီးတော့ တိုင်းနှင့် ပြည်နယ် အဆင့် သဘောမျိုး ပေးထားပါတယ်။ စတုတ္ထ အဆင်‌့ ကတော့ အထူးအဆင့်မြင့် တရားရုံး၊ ဗဟိုတရားရုံး အဆင်‌့ပေါ့။ အဲ့ဒီလို ပေးထားတဲ့ အထဲမှာ ကျွန်တော်တို့ အခြေခံအဆင်‌့ တရားရုံးဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အတွက် တိုင်းသူ ပြည်သား လူအများက အကြည်ညို အလေးစားဆုံးလို့ သတ်မှတ်ခြင်း ခံရပါတယ်။ ဒါကြောင့်မို့လို့ အဆင့် ၄ ဆင်‌့တိုင်းမှာ လည်းပဲ တရားသူကြီး ၃ ယောက် တရားစီရင်ပါတယ်။ ကူမင်း တရားရုံးကို သွားကြည့် တဲ့အခါမှာ တရားခွင့်မှာကိုက တရားသူကြီး ၃ ယောက်ထိုင်တဲ့ ကုလားထိုင်၊ တစ်ဖက်က အစိုးရ ရှေ့နေ၊ တစ်ဖက်က တရားခံရဲ့ အကျိုးဆောင်၊ မှတ်တမ်းတင်တဲ့ နေရာ၊ သက်သေ ထွက်တဲ့နေရာ၊ နောက်တစ်ခုက ပြည်သူ့လူထု လေ့လာဖို့ အတွက်ကို တရားခွင်မှာ ထိုင်ခုံပေါင်း ၅၀ ကျော် ၆၀ စီစဉ်ထားတာ တွေ့ရှိရပါတယ်။ အဲ့ဒီမှာ ဆိုလို့ရှိရင် တရားစီရင်ရေး အဆင့် ၄ ဆင့်လုံးလုံးမှာ ကျွန်တော်တို့ ပြည်သူ့ ကွန်ကရက် ပါတီက အမြဲတမ်း ကြီးကြပ်ပါတယ်။ ကြီးကြပ်တဲ့ အတွက် တရားစီရင်ရေး တွေဟာ ဆိုလို့ရှိရင် တစ်ဦးနှင့် တစ်ဦး ထိန်းညှိ စောင့်ရှောက်ပြီးတော့မှ ကြီးကြပ် သွားတဲ့အတွက် တရား စီရင်ရေးမှာ ဖောက်လွဲ၊ ဖောက်ပြန် လုပ်တာမရှိဘူး။ အဂတိတရား ၄ ပါး မရှိဘူး ဆိုတာကို လေ့လာတွေ့ ရှိရပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကာလ အတွင်းက ကြည့်မယ် ဆိုရင် တရားစီရင်ရေး အာဏာအပေါ်မှာ အုပ်ချုပ်ရေး အာဏာက ဖိဆီးနေတာတွေ ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ လက်တွေ့ပါ။ ဥပမာ တိုတိုနှင့် လိုရင်းပဲ ပြောပါမယ်။ လောင်းကစား ဥပဒေ ပုဒ်မ ၈ ကို ကျူးလွန်လို့ရှိရင် ပုဒ်မ ၁၃ အရ ထိုးသားပေါ့။ ချဲစလစ်ထိုးတဲ့ ပုဂ္ဂိုလ်ကို အနည်းဆုံး ၆ လ အများဆုံး ၁ နှစ်ရှိပါတယ်။ လောင်းကစား ဥပဒေပုဒ်မ ၉ မှာလည်းပဲ ကျူးလွန်တယ် ဆိုလို့ရှိရင် ဒိုင်ပေါ့။ ပုဒ်မ ၁၄ နဲ့ ပြစ်ဒဏ်ပေး ရပါတယ်။ အဲ့ဒါဆိုလို့ ရှိရင် အနည်းဆုံး ၁ နှစ်၊ အများဆုံး ၃ နှစ်ရှိ ပါတယ်။ အဲ့တော့ ကျွန်တော်တို့ အဲ့လို မပေးရဘဲနဲ့ တရားသူကြီးတွေဟာ ဆိုလို့ရှိရင် အနည်းဆုံး ပြစ်ဒဏ်၊ အများဆုံး ပြစ်ဒဏ် ပေးထား ပါလျက်သားနဲ့ အထက်က အုပ်ချုပ်တဲ့ လူတန်းစားက နေပြီးတော့မှ အများဆုံး ပြစ်ဒဏ်ကို ပေးရမယ်ဆိုတဲ့ အခါကျတော့ သက်ဆိုင်ရာ အောက်အဆင့် ဆင့်တွေမှာ ရှိတဲ့ တရားရုံးတွေဟာ ဆိုလို့ရှိရင် အကြီးဆုံး ပြစ်ဒဏ်ကို ပေးပါတယ်။ ဆိုလိုတာ ကတော့ တစ်ကြိမ်တစ်ခါ ဖြစ်ရင် အနည်းဆုံး ၆ လ အများဆုံး ၁ နှစ်၊ ဒုတိယ အကြိမ်ဖြစ်လျှင်တော့ဖြင့် အနည်းဆုံး ၁ နှစ် အများဆုံး ၃ နှစ်ဆိုတာ Litmitation ရှိပါတယ်။ အဲ့ဒီလို မပေးရဘဲနဲ့ အထက်က အုပ်ချုပ်ရေး အဖွဲ့အစည်းကနေ ပြီးတော့မှ တရားစီရင်ရေး အာဏာအပေါ်မှာ လာရောက် လွှမ်းမိုးတဲ့ အတွက် ကျွန်တော်တို့ တရားသူကြီးတွေဟာ ဆိုလို့ရှိရင် မိမိတို့၏ ဆင်ခြင် သုံးသပ်မှုနှင့် ဆောင်ရွင်ခြင်း မပြုရဘူးဆိုတာ သုံးသပ်လို့ရပါတယ်။ ထို့အတူပါပဲ မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၅ ကို ကျူးလွန်ရင် အနည်းဆုံး ထောင် ၃ နှစ် အများဆုံး ၅ နှစ်၊ နောက် ပုဒ်မ ၁၆(ဂ) မူးယစ်ဆေးဝါးကို လက်ထဲထားတယ် ဆိုလို့ရင် အနည်းဆုံး ၅ နှစ် အများဆုံး ၁၀ နှစ်ဆိုတာ ပြဋ္ဌာန်းထားပါတယ်။ သို့သော်လည်းပဲ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း ကနေပြီးတော့ အများဆုံး ပြစ်ဒဏ်ကို ပေးရမယ်လို့ တရားစီရင်ရေးမှာ ဝင်ပြီးတော့ အာဏာပြုတဲ့ အခါကျတော့ ပလစ်စတစ် ကလေးကပ်တဲ့ ပုဂ္ဂိုလ်လည်းပဲ အနည်းဆုံး ၅ နှစ်ကျ ပါတယ်။ ဒီကြားထဲမှ ထိုးသားဖြစ်တဲ့ ပုဂ္ဂိုလ်တွေ၊ ဘိန်းရောင်းတဲ့ ပုဂ္ဂိုလ်တွေ အကြီးအကျယ် ရောင်းတဲ့ဟာ တွေကျတော့ တရားလည်း အစွဲ မခံရပါဘူး။ ပြစ်ဒဏ်လည်း ပေးမခံရပါဘူး။ ဒါဟာ ဆိုလို့ ရှိရင် တရားဥပဒေ စိုးမိုးရေးမှာ ချိနဲ့နေတယ် ဆိုတာကို သုံးသပ်လို့ ရပါတယ်။ ဒါကြောင့် မို့လို့ ကျွန်တော့် အနေနဲ့ အနှစ် ၂၀ ကျော်ကာလ အတွင်းမှာ ရှေ့နေ လုပ်ခဲ့တဲ့ အခါကျတော့ အတွေ့အကြုံတွေ ပြော မယ် ဆိုရင်တော့ဖြင့် အများကြီးပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော့်အနေနဲ့ အချိန်ကို ငဲ့ညှာသော အားဖြင့် တိုတိုနဲ့ လိုရင်းပဲ ဆွေးနွေးပါ့မယ်။

လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီး ခင်ဗျား။ တရားစီရင် ရေးမဏ္ဍိုင် ကြံ့ခိုင်ရန်မှာလည်း  တရားစီရင်ရေးနှင့် ဆက်နွယ်နေတဲ့ ပြည်သူ့ ရဲတပ်ဖွဲ့များ ကလည်း  အမှု တည်ဆောက်တဲ့ နေရာမှာ လိုပါတယ်။ ဥပဒေ အရာရှိများ ကလည်း တရားစီရင်ရေး မဏ္ဍိုင်မှာ လိုအပ်ပါတယ်။ တရားသူကြီး အဆင်‌့ဆင်‌့ ကလည်း အဂတိတရား ၄ ပါးကင်းဖို့ လိုပါတယ်။ ကျွန်တော် ပြောချင်တာ ကတော့ အဲ့ဒီ ပုဂ္ဂိုလ်တွေကို ၎င်းတို့နဲ့ ညီမျှတဲ့ လစာဝင်ငွေ၊ ထောက်ပံ့ကြေးကို ပေးသင့်ပါတယ်။ အဲ့လိုမှ မပေးဘူး ဆိုရင်တော့ဖြင့် ငါ့ဝမ်းပူဆာ မနေသာ တော့လည်း တရားစီရင်ရေး မဏ္ဍုင်ဟာ ယိမ်းယိုင်မှာ ဖြစ်ပါတယ်။ တရားစီရင်ရေး အဆင်‌့ဆင်‌့မှာ ပါတဲ့ ပုဂ္ဂိုလ် များကို သူ့ဟာနဲ့သူ လုံလောက်မှု ရှိအောင်တော့ဖြင့် သင့်တင့်မျှတဲ့ ထောက်ပံ့မှုမျိုး မပေးဘူးဆိုရင် တရားစီရင်ရေး မဏ္ဍိုင်ဟာ ကြံ့ခိုင်ဖို့ အင်မတန် ခဲယဉ်းပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တရားသူကြီးများကို ကြီးကြပ် ထိန်းသိမ်းဖို့ လိုပါတယ်။ ကျွန်တော်‌့ အနေနဲ့ ဆွေးနွေးချင်တာ ကတော့ တရားစီရင်ရေး မဏ္ဍိုင်ဟာ ယိမ်းယိုင်ရတဲ့ အကြောင်းအရင်းတွေနှင့် ယိမ်းယိုင်ရတဲ့ အချက်တွေကို ကျွန်တော် ဆွေးနွေး တင်ပြခြင်း ဖြစ်ပါတယ်။ ဆွေးနွေးမယ်ဆိုလို့ ရှိရင်တော့ အများကြီးပါပဲ။ သို့သော်လည်းပဲ ဒီမိုကရေစီနိုင်ငံ တည်ထောင်နေတဲ့ နေရာမှာ စစ်မှန်တဲ့ စည်းကမ်း ပြည်‌့ဝသော ပါတီစုံ ဒီမိုကရေစီ နိုင်ငံ တည်ထောင်နေတဲ့ နေရာမှာ တရားစီရင်ရေးကို ပြည်သူလူထုက ကိုးစားပြီး တော့မှ အားကိုးလာမှ သာလျှင် နိုင်ငံတော် အစိုးရလိုချင်တဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖြစ်မယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်ပါတယ်။ တရားစီရင်ရေး ကဏ္ဍပိုင်း အနေနဲ့ ပြည်သူလူထု အားလုံးက ကြည်ညို လေးစားလာအောင် တစ်နည်းအားဖြင့် ပြောမယ် ဆိုရင် ဒီမိုကရေစီ အစိုးရဖြစ်မယ် ဆိုတာကို ပြောကြားရင်းနဲ့ သူရဦးအောင်ကို တင်ပြထားတဲ့ အစီရင်ခံစာကို ကျွန်တော်တို့ထောက်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။

Standard (Image)