ဥက္ကဋ္ဌ။ ။ အစီအစဉ် ၈ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အမျိုးသား လွှတ်တော်မှ စတင်တင်သွင်းပြီး အတည်ပြုချက်ဖြင့် ပေးပို့ခဲ့တဲ့ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်း များ ကာကွယ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း ၁၀-၈-၂၀၁၂ ရက် နေ့မှာ လွှတ်တော်သို့ တင်ပြခဲ့ပြီး ကိုယ်စားလှယ်များထံ ဥပဒေကြမ်းမိတ္တူများကိုလည်း တစ်ပါတည်း ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး အစီရင်ခံစာတင်သွင်းရန် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌအား ဖိတ်ခေါ်ပါတယ်။
ဦးခင်မောင်မြင့်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ကျွန်တော်ကတော့ ဥပဒေကြမ်း ကော်မတီဝင် ဇီးကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ တာဝန်ပေးချက်အရ အမျိုးသားလွှတ်တော်မှ အတည် ပြုချက်ဖြင့် ပေးပို့သော ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေမူကြမ်းအား ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ လေ့လာစိစစ်တွေ့ရှိ ချက် အစီရင်ခံစာကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။
၁။ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ (မူကြမ်း)ကို ပြည်ထောင်စု လွှတ်တော်က ပေးပို့ခဲ့ရာ အမျိုးသားလွှတ်တော်က ၂၆-၇-၂၀၁၂ ရက်နေ့၌ စတင် တင်သွင်းခဲ့ပြီး ၇-၈-၂၀၁၂ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ယင်းဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ပြင်ဆင် ချက်မရှိ အတည်ပြုပေးခဲ့ပါတယ်။
၂။ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေဖြင့် ဤဥပဒေပါ ပြစ်မှုများကို အရေးယူ ဆောင်ရွက်နိုင်သဖြင့် ဤဥပဒေကို ဆက်လက် အသုံးပြုရန် မလိုအပ်တော့ကြောင်း တွေ့ရှိရပါသဖြင့် ဤဥပဒေကို ဖျက်သိမ်းသင့်ကြောင်း ညှိနှိုင်း သဘောတူညီချက်အရ ရေးဆွဲခြင်းဖြစ်ကြောင်း ရှင်းလင်း ဖော်ပြထားပါသည်။
၃။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် ဥပဒေကြမ်းအပေါ်တွင် လေ့လာစိစစ်နိုင်ရန် ၁၀-၈-၂၀၁၂ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ဤဥပဒေသည် ဆက်လက်ကျင့်သုံးရန် မလိုအပ်ခြင်း၊ ဤဥပဒေပါ ပြစ်မှုများကို အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေဖြင့် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ရုပ်သိမ်းရန် တင်ပြချက်အပေါ် အမျိုးသား လွှတ်တော်မှ ထောက်ခံခြင်းများကို လေ့လာ တွေ့ရှိရပါသည်။
၄။ ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေသည် ၁၉၄၇ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီး ပုဒ်မ ၇ ခု ပါရှိကာ အစိုးရပိုင် ပစ္စည်းများကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေ ဖြစ်ပါ သည်။
၅။ ၁၉၄၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေသည် လည်း အစိုးရပိုင်ပစ္စည်း၊ ပြည်သူပိုင်ပစ္စည်းများကို ကာကွယ် စောင့်ရှောက်သည့် ဥပဒေဖြစ်၍ သဘော တရားချင်း တူညီသောကြောင့် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ ကာကွယ်ရေး အက်ဥပဒေကို ရုပ်သိမ်းရန် တင်ပြချက်အပေါ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ အနေဖြင့် ကန့်ကွက်ရန်မရှိ ထောက်ခံပါကြောင်း သဘောတူညီကြပါသည်။
၆။ သို့ဖြစ်ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ တင်သွင်းလာသည့် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု လုပ်ငန်းများ ကာကွယ်ရေးအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေ(မူကြမ်း) အား အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့သည့် နည်းတူ ပြည်သူ့လွှတ်တော်မှ အတည်ပြုပေးနိုင်ကြောင်းကို နည်းဥပဒေ ၄၄အရ စိစစ်ခဲ့ပြီး နည်းဥပဒေ ၄၅ နှင့်အညီ လွှတ်တော်သို့ အစီရင်ခံ တင်ပြအပ်ပါသည်။ အားလုံး ကျေးဇူးတင်ပါတယ်။
