နိုင်ငံတော် တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ မှ အစီရင်ခံစာ တင်သွင်

ဒေါက်တာစိုးမိုးအောင်(အဖွဲ့ဝင်၊ ဥပဒေကြမ်းကော်မတီ)။       ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မွန်ပြည်နယ်၊ ဘီးလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာစိုးမိုးအောင် ဖြစ်ပါတယ်။ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ၏ တာဝန်ပေးချက်အရ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းမှာ ဖြစ်ပါတယ်။

၁။       ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှပေးပို့လာသော နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း၏ အမျိုးသား လွှတ်တော်တွင် ၂၆-၇-၂၀၁၂ ရက်နေ့တွင် စတင်တင်သွင်းခဲ့ပြီး ၇-၈-၂၀၁၂ ရက်နေ့ အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ယင်းဥပဒေကြမ်းအား ပြင်ဆင်ချက်မရှိ အတည်ပြုပေးခဲ့ပါသည်။

၂။       ဤဥပဒေကြမ်းသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၆ ဖြင့် အတည်ပြုခဲ့သည့် ဥပဒေကို ရုပ်သိမ်းရန် တင်ပြချက်ဖြစ်ပါသည်။ ဤဥပဒေကြမ်းပါ ပုဒ်မ ၂ ခု အနက် ပုဒ်မ ၁ တွင် နိုင်ငံတော် တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံ လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်ဟု ဖော်ပြချက်အစား နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေဟု ခေါ်တွင်စေရမည်ဟု ပြင်ဆင်သင့်ကြောင်းကို စိစစ်တွေ့ရှိရပါသည်။

၃။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ယင်းဥပဒေကြမ်းအပေါ်တွင် လေ့လာစိစစ် နိုင်ရန် ၁၀-၈-၂၀၁၂ ရက်နေ့တွင် ညှိနှိုင်း အစည်းအဝေးများ ကျင်းပခဲ့ပြီး၊ အမျိုးသားညီလာခံလုပ်ငန်း များ အောင်မြင်စွာ ဆောင်ရွက် ပြီးစီးခဲ့ခြင်း၊ နိုင်ငံတော်၏ တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်းပြီးဖြစ်ခြင်းတို့ကြောင့် ဆက်လက်ကျင့်သုံးရန် မလိုအပ်တော့သည်ကို လေ့လာတွေ့ရှိရပါ သည်။

၄။       သို့ဖြစ်ပါ၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့သည့်အပေါ် ပြင်ဆင် ချက်ဖြင့်ရုပ်သိမ်းသင့်ကြောင်း ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ နှင့်အညီ စိစစ်ခဲ့ပြီး နည်းဥပဒေ ၄၅ အရ လွှတ်တော်သို့အစီရင်ခံ တင်ပြအပ်ပါသည်။ အားလုံးကျေးဇူးတင်ပါတယ်။

Standard (Image)