ဦးသိန်းဆွေ(အမ်းမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ ယနေ့အချိန်ကာလဟာ စနစ်တစ်ခုကို ကျွန်တော်တို့အသစ်ပြောင်းလဲနေ တာဖြစ်ပါတယ်။ ဒါလည်းပဲ ကျွန်တော်တို့ ပြည်သူ တစ်ရပ်လုံးရဲ့ ဆန္ဒနဲ့အညီ ဆောင်ရွက်နေခြင်းဖြစ်ပါ တယ်။ အဲဒီအခါမှာ ပြည်သူလူထုရော၊ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အဆင့်ဆင့်ရော ကျွန်တော်တို့ရဲ့ခံယူချက် တွေ၊ ကျွန်တော်တို့ရဲ့ အတွေးခေါ်တွေလည်းပဲ ပြောင်းဖို့လိုအပ်ပါတယ်လို့ ကျွန်တော်ထင်မြင်ပါတယ်။ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ ဒီဥပဒေရဲ့ အကာအကွယ်တွေကို အပြည့်အဝ ရရှိစေချင်တာပဲ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာလည်း ပြည်သူ လူထု အတွင်းမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတယ်ဆိုသော်လည်းပဲ ဒီရဲ့အကျိုးကျေးဇူးခံစားရမှုကို ပြည်သူလူထုရဲ့ လက်တွေ့ ခံစားရမှသာလျှင် အကောင်အထည် ပေါ်တယ်လို့ ကျွန်တော်ထင်မြင် ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ရဲ့အဆိုကို ပြည်သူ့လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူချင် ပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။
ဥက္ကဋ္ဌ။ ။ လွှတ်တော် ကိုယ်စာလှယ်များ ခင်ဗျား။ အဆိုနဲ့စပ်လျဉ်းပြီး အဆိုရှင်တစ်ဦး အပါအဝင် စုစုပေါင်း ၇ ဦးက အဆိုကို ထောက်ခံ ဆွေးနွေး သွားခဲ့ပါတယ်။ သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းဝင်ကတော့ အဆိုကို မှတ်တမ်းတင် ထားရှိကြောင်း အကိုးအကားများနှင့် ဖော်ပြ ဆွေးနွေးသွားပါတယ်။ တဖန်အဆိုရှင် ဦးသိန်းဆွေက ထပ်မံပြီး လွှတ်တော်သို့ တင်ပြတာက ခေတ်ကာလ အခြေအနေ အပြောင်းအလဲ ဖြစ်နေတဲ့အချိန်မှာ နိုင်ငံတော်နဲ့ ပြည်သူများအတွက် အကာအကွယ်ပေး နိုင်တဲ့ အကျိုးပြုနိုင်မယ့် ဥပဒေများဟာ မူလဥပဒေ သက်သက် တစ်ရပ်တည်းနဲ့ ဆောင်ရွက်ဖို့ မလုံလောက်ဘူး။ သက်ဆိုင်ရာဆင့်ပွားဥပဒေများ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ညွန်ကြားချက်၊ ညွန်ကြားလွှာများရရှိမှသာလျှင် ဒီဥပဒေဟာ အသက်ဝင် အကျိုးခံစား နိုင်ခွင့်ရှိမှာ ဖြစ်တဲ့အတွက် ဒီအခွင့်အရေးကို ပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများရဖို့ လိုကြောင်း ရှင်းလင်း တင်ပြသွားတာဖြစ်ပါတယ်။ ဒါကြောင့် စေတနာကောင်းနဲ့၊ ရည်ရွယ်ချက်ကောင်းနဲ့ တင်ပြချက်အဆို ဖြစ်သလို ဆောင်ရွက်သင့်၊ ဆောင်ရွက်အပ်တဲ့ အဆိုဖြစ်တဲ့အတွက် ဒီဥပဒေကို မှတ်တမ်းတင်ထားမယ့် အစား လွှတ်တော်ရဲ့အဆုံးအဖြတ် ခံယူမယ်ဆိုပြီးတော့ တင်ပြသွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မို့လို့ လွှတ်တော် ကိုယ်စားလှယ် များရဲ့အဆုံးအဖြတ် ခံယူနိုင်ရေး အတွက် စက်ခလုတ် အသုံးပြု ဆောင်ရွက်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဦးသိန်းဆွေရဲ့အဆိုကို ထောက်ခံ၊ ကန့်ကွက်နိုင်ဖို့ အတွက် ဆန္ဒမဲပေးရန် အသင့်ရှိ စေလိုပါတယ်။ ဆန္ဒမဲ ပေးနိုင်ကြပါပြီ။ ထောက်ခံမဲ ၂၇၃၊ ကန့်ကွက်မဲ ၆၈၊ ကြားနေမဲ ၁၉၊ ဦးသိန်းဆွေ၊ အမ်းမဲဆန္ဒနယ်၏ ပြည်ထောင်စုမှ ပြဋ္ဌာန်းပြီးသည့် ဥပဒေများနှင့် စပ်လျဉ်း၍ ဆက်လက် ထုတ်ပြန်ရန် လိုအပ်သော ရင်းဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်း ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းသည် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာပြီးနေ့မှ ရက်ပေါင်း ၉၀ အတွင်း သို့မဟုတ် လွှတ်တော်က သတ်မှတ်သည့်ရက် အတွင်း ထုတ်ပြန်ပြီးဖြစ်ရန် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများသို့ တိုက်တွန်းကြောင်း အဆိုဟာ ထောက်ခံမဲ ၂၇၃ မဲ ရရှိတဲ့ အတွက် အတည် ဖြစ်ကြောင်း ကြေညာပါတယ်။
