ပြည်သူ့လွှတ်တာ် ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော် ကြီးများ အားလုံးကို လေးစားစွာဖြင့် နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ရခိုင်ပြည်နယ်၊ အမ်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေရဲ့ အဆိုနှင့် စပ်လျဉ်းပြီးတော့ ကျွန်တော် ဒုတိယ ရှေ့နေချုပ်မှ ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။ ဥပဒေတစ်ရပ်မှာ ဒီဥပဒေတစ်ရပ်ကို အကောင်အထည် ဖော်လို့လိုအပ်တဲ့ အဓိက အချက်တွေကိုသာ ဖော်ပြလေ့ ရှိပြီးတော့ အသေးစိတ် အချက်တွေကို ဖော်ပြ လေ့မရှိပါဘူး။ ဒီဥပဒေကို အကောင်အထည်ဖော်တဲ့ နေရာမှာ ဆောင်ရွက်ရမယ့် အသေးစိတ် အချက်အလက်တွေကို နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များထုတ်ပြန်ပြီတော့ ဆောင်ရွက်လေ့ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉၇ မှာ ပြည်ထောင်စု လွှတ်တော်က ဥပဒေ တစ်ရပ် ပြဋ္ဌာန်းတဲ့ အခါမှာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ ထုတ်ပြန်ခွင့် အပ်နှင်းနိုင်ကြောင်း ပုဒ်မခွဲ (က) မှာ ပြဋ္ဌာန်းထားပြီးတော့ သက်ဆိုင်ရာ အဖွဲ့အစည်းနှင့် အာဏာပိုင်တွေကို အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ခွင့် အပ်နှင်းနိုင်ကြောင်း ပုဒ်မခွဲ(ခ) မှာ ပြဋ္ဌာန်းထားပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၈၉ မှာလည်း အလားတူပဲ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက ဥပဒေတစ်ရပ် ပြဋ္ဌာန်းတဲ့အခါ အထက်ပါကဲ့သို့ သက်ဆိုင်ရာအဆင့် အဖွဲ့အစည်းများက နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် လုပ်ထုံး လုပ်နည်းတွေ ထုတ်ပြန်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စု လွှတ်တော်က ဥပဒေများ ပြဋ္ဌာန်းခြင်းဟာ တိုက်ရိုက် ဥပဒေပြုခြင်း (Direct Legislation) ဟုခေါ်ဆိုပါသည်။ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ ဆောင်ရွက် ရမယ့် အသေးစိတ် အချက်များကို နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွန်ကြားချက်နှင့် လုပ်ထုံး လုပ်ငန်းများ ထုတ်ပြန်နိုင်ကြောင်း ပင်ရင်း ဥပဒေများမှာ ပြဋ္ဌာန်းလေ့ရှိ ပါတယ်။ ဒီလိုနည်းဥပဒေ စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ခြင်းဟာ တစ်ဆင့်ခံ ဥပဒေပြုခြင်း (Indirect or Subordinate Legislation ) ဖြစ်ပါတယ်။ ပြဋ္ဌာန်းပြီးတဲ့ ဥပဒေ တစ်ရပ်အတွက် လိုအပ်တဲ့ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းတွေ ထုတ်ပြန်နိုင်ကြောင်း ဒီဥပဒေတွေမှာ ပြဋ္ဌာန်းထား သော်လည်းပဲ ဒီနည်းဥပဒေတွေကို လိုအပ်တဲ့အခါမှသာ ထုတ်ပြန် ဆောင်ရွက်လေ့ ရှိပါတယ်။ ဥပဒေမှာ နည်းဥပဒေ ထုတ်ပြန်နိုင်ကြောင်း ပြဋ္ဌာန်းထားခြင်းဟာ လိုအပ်တဲ့အခါ ထုတ်ပြန်နိုင်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်တဲ့အတွက်ကြောင့် အချို့သော ဥပဒေတွေကို အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ နည်းဥပဒေ မလိုအပ်တဲ့ အတွက်ကြောင့် ထုတ်ပြန်ခြင်းမရှိဘဲနဲ့ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်တို့နဲ့သာ ထုတ်ပြန်ပြီး ဆောင်ရွက်တာ တို့ရှိပါတယ်။ ဒီလို ဆောင်ရွက်တာဟာ သက်ဆိုင်ရာ ဥပဒေတစ်ရပ်ခြင်းရဲ့ အကြောင်း အရာအလိုက် ဆီလျော်သလို ဆောင်ရွက်ရတဲ့ ကိစ္စရပ်များလည်း ဖြစ်ပါတယ်။
ခေတ်အဆက်ဆက်က ပြဋ္ဌာန်းခဲ့တဲ့ တည်ဆဲဥပဒေတွေ အနက် နည်းဥပဒေ ထုတ်ပြန်ခြင်း မရှိတဲ့ ဥပဒေများစွာရှိပါတယ်။ လွတ်လပ်ရေးမရမီက ပြဋ္ဌာန်းခဲ့တဲ့ Penal Code တို့ The Arms Act တို့ ပါလီမန်ခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ၁၉၅၅ ခုနှစ် ကလေးသူငယ်များ အက်ဥပဒေ၊ ၁၉၅၈ ခုနှစ် မသန်မစွမ်း ဖြစ်လာသူများ အလုပ်ရရှိရေး အက်ဥပဒေတို့၊ တော်လှန်ရေး ကောင်စီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သော ပစ္စည်းကာကွယ် စောင့်ရှောက်ရေး ဥပဒေတို့၊ ၁၉၆၄ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေး ဥပဒေတို့၊ ပြည်သူ့လွှတ်တော်ခေတ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပိုင်နက် ပင်လယ် နှင့်ပင်လယ်ဇုန်များ ဥပဒေ၊ လောင်းကစားဥပဒေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီက ပြဋ္ဌာန်းခဲ့တဲ့ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက် ရေးဥပဒေ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေစတဲ့ ဥပဒေများစွာ နည်းဥပဒေ ထုတ်ပြန်ခဲ့ခြင်း မရှိတာ မရှိတဲ့ ဥပဒေတွေပဲဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ် စကားရပ်များ အနက် အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေပုဒ်မ ၁၃ (ခ)အရ ဥပဒေ တစ်ရပ်ရပ်မှာ ယင်းဥပဒေ အာဏာတည်တဲ့နေ့ရက်ကို အတိအလင်း သတ်မှတ်ထားခြင်း မရှိလို့ရှိရင် ထုတ်ပြန်ကြေညာတဲ့ နေ့ရက်မှ စတင်အာဏာတည်ရမှာ ဖြစ်ပါတယ်။ ဥပဒေတစ်ရပ်နှင့် သက်ဆိုင်တဲ့ နည်းဥပဒေကို ထုတ်ပြန်နိုင်ခြင်း မရှိတဲ့အတွက် ပြည်သူလူထုအနေနဲ့ ဥပဒေရဲ့ အကာအကွယ်၊ ဥပဒေရဲ့ အခွင့်အရေးတွေ မခံစားရဘဲနဲ့ မလိုလားအပ်တဲ့ ပြဿနာနှင့် အခက်အခဲတွေ ကြုံတွေ့နေရတယ်ဆိုတဲ့ အချက်နှင့်စပ်လျဉ်းပြီးတော့ နည်းဥပဒေ ထုတ်ပြန်နိုင်ခြင်း မရှိစေကာမူ ဥပဒေဟာ အာဏာတည်တာပဲ ဖြစ်ပါတယ်။ ယင်းဥပဒေ၏ အကာအကွယ်၊ ဥပဒေပါ အခွင့်အရေးတွေကို ရရှိခံစားရမှာပဲဖြစ်ပါတယ်။ အကြောင်းမှာ နည်းဥပဒေ ထုတ်ပြန်နိုင်ခြင်းမရှိတဲ့ အတွက်ကြောင့် ဥပဒေဟာ အာဏာမတည်ဘူး လို့ဆိုလို့မရတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၃၇ ပုဒ်မခွဲ (က)မှာ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေအရပြုတဲ့ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို အနီးကပ်ဆုံးကျင်းပတဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေး ကာလမှာ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုတဲ့ အစီအစဉ်နဲ့ လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြရမယ်ဟု လည်းကောင်း၊ ပုဒ်မခွဲ (ခ)မှာ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ဟာ သက်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို ဖြန့်ဝေတင် ပြသည့်ရက်မှ ရက်ပေါင်း ၉၀ အတွင်း ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းနိုင်ကြောင်း ပြဋ္ဌာန်း ထားပါတယ်။ အလားတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၇ ပုဒ်မခွဲ (က) နှင့် (ခ) တို့မှာလည်း အမျိုးသားလွှတ်တော်မှာ ဒီလိုဆောင်ရွက်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ခြုံပြီးတော့ သုံးသပ်မယ် ဆိုရင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေတိုင်းအတွက် နည်းဥပဒေ ထုတ်ပြန်ဖို့ လိုအပ် တယ်လို့ တစ်ထစ်ချဆိုနိုင်မှာမဟုတ်ဘဲ ပင်ရင်းဥပဒေ၏ အကြောင်းအရာအလိုက် လိုအပ်တဲ့ အခါမှသာ နည်းဥပဒေထုတ်ပြန်ဖို့ဖြစ်ပါတယ်။ ဥပဒေပြဋ္ဌာန်းချက်များမှာ Letters of Law အရ နည်းဥပဒေကို ထုတ်ပြန်ရမယ်လို့ သုံးနှုန်းခြင်းမပြုဘဲနဲ့ ထုတ်ပြန်နိုင်တယ်လို့ သုံးနှုန်းတာတွေ့ရမှာဖြစ် ပါတယ်။ နည်းဥပဒေထုတ်ပြန်ရန် မလိုအပ်တဲ့အတွက်ကြောင့် နည်းဥပဒေထုတ်ပြန်ခြင်း မရှိစေကာမူ ပင်ရင်းဥပဒေဟာ အာဏာတည်သည်သာဖြစ်ပါတယ်။ ယင်းသို့ အာဏာတည်တဲ့ ဥပဒေတစ်ရပ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရမှာပဲဖြစ်ပါတယ်။ ယင်းသို့ ဆောင်ရွက်ရာမှာ ဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် လိုအပ်တဲ့ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းတွေလည်း ထုတ်ပြန်နိုင်ခွင့် ရှိပါတယ်။ သို့ဖြစ်ပါ၍ တင်သွင်းတဲ့ အဆိုနှင့်စပ်လျဉ်း၍ နည်းဥပဒေထုတ်ပြန်၍ ဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်တဲ့ ဥပဒေတစ်ရပ်အတွက် နည်းဥပဒေကို ထုတ်ပြန် ခြင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ချောမွေ့မှုရှိမှာ မှန်ကန်သော်လည်း အသေးစိတ် အချက်အလက်တွေ ပြည့်စုံစွာပါရှိရမယ့် နည်းဥပဒေ တစ်ရပ်ကို သက်ဆိုင်ရာအဖွဲ့အစည်းအနေနဲ့ စိစစ်ရေးသားပြီးတော့ အဆင့်ဆင့် တင်ပြပြီး ထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်ရာမှာ အချိန်ယူရတဲ့ အတွက်ကြောင့် လည်းကောင်း၊ ဥပဒေတစ်ရပ်အတွက် နည်းဥပဒေ ထုတ်ပြန်ဖို့လည်း အမြဲတမ်းလိုအပ်တယ်လို့ မဆိုနိုင်တဲ့ အတွက်ကြောင့် လည်းကောင်း၊ လိုအပ်တဲ့ ဥပဒေနှင့်သက်ဆိုင်တဲ့ နည်းဥပဒေ ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံး လုပ်နည်းတွေကိုသာ ဆက်လက် ထုတ်ပြန်သင့်ပါတယ်။ နည်းဥပဒေတွေ ထုတ်ပြန် ခြင်းနှင့် စပ်လျဉ်းပြီးတော့ အထက်မှာ တင်ပြသလို ရက် ၉၀ အတွင်း ထုတ်ပြန်ဖို့မှာတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ အနေနဲ့ အခက်အခဲရှိနိုင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မှာလည်း သတ်မှတ်ချက်များ မတွေ့ရှိရပါဖြစ်ပါတယ်။ ရှေ့ကတင်ပြသလိုပဲ ဥပဒေဟာ အာဏာ တည်ပြီးလို့ရှိရင် ဥပဒေဟာ အကောင်အထည်ဖော် အသက်ဝင် လာတာပဲဖြစ်ပါတယ်။ နည်းဥပဒေ ထုတ်ဖို့လိုတယ်၊ မလိုဘူးဆိုတာလည်း ဆွေးနွေးညှိနှိုင်းရမယ့် အချက်ဖြစ်တဲ့ အတွက်ကြောင့် အမိန့်၊ ညွှန်ကြားချက်များလည်း ထုတ်ပြန်ပြီး ဆောင်ရွက် နိုင်တာဖြစ်တဲ့ အတွက်ကြောင့် အဆိုနှင့်စပ်လျဉ်း ပြီးတော့ မှတ်တမ်းအဖြစ်သာထားရှိသင့်ပါကြောင်း တင်ပြအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
