ဦးကြည်သာ (ဂွ မဲဆန္ဒနယ်)။ ။ မင်္ဂလာပါအပေါင်းနှင့် ပြည့်စုံကြပါစေခင်ဗျား။ ကျွန်တော့် အနေနဲ့ ကျွန်တော့် အရှေ့ကလည်း ကိုယ်စားလှယ်တွေက ပြည့်ပြည့်စုံစုံ ဆွေးနွေးသွားတော့ လိုအပ်တာ လေးပဲကျွန်တော် ဖြည့်စွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့၊ သြဂုတ်လ ၁၀ ရက်နေ့က သင်္ဃန်းကျွန်း မဲဆန္ဒနယ်က ဦးသိန်းညွန့်ရဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်တဲ့ မေးခွန်းကို ပြည်ထောင်စုအဆင့် သက်ဆိုင်ရာ တာဝန်ရှိသူပုဂ္ဂိုလ်က လာရောက် ဖြေကြားပါတယ်။ ဒီဖြေကြားချက်တွေဟာ ၂၇-၁-၂၀၁၁ ရက်နေ့က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကထုတ်ပြန်ခဲ့တဲ့ အထူးစီးပွားရေးဇုန် ဥပဒေနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေနှစ်ခု အပေါ်မှာ မူတည်တယ်။ အဲ့ဒီအတိုင်းပဲ ဆက်လက် လုပ်နေတယ် ဆိုပြီးတော့ ပြောသွားပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီ အထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်ဆိုတဲ့ ဥပဒေကြီးနှစ်ရပ်ဟာ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ကျင်းပတဲ့ ၃၁-၁-၂၀၁၁ ရက်နေ့မတိုင်မီ ၄ ရက်အလိုလေးမှာမှ တင်သွင်းသွားတဲ့ ဥပဒေနှစ်ရပ် ဖြစ်ပါတယ်။ အဲ့တော့ ဒီဥပဒေနှင့် ပတ်သက်တဲ့ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေဟာ ၁၈ လကြာမြင့်ပြီဖြစ်တဲ့အထိ ပြည်သူ့လွှတ်တော်ကိုလည်း ရောက်ရှိမလာသေးပါဘူး။ ပြည်ထောင်စု လွှတ်တော်က ရေးဆွဲတဲ့ဥပဒေ မဟုတ်လို့ဘဲ ဒီကို မပေးတာလား ဆိုတာကိုတော့ မသိပါဘူး။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ထားဝယ် ရေနက်ဆိပ်ကမ်း ဆိုတဲ့ စီမံကိန်းကြီးဟာ ရင်းနှီးမြှုပ်နှံမှု ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၈.၆ ဘီလီယံအထိကြီးမား ပါတယ်။ ဒီ စီမံကိန်းကြီးဟာ မြန်မာနိုင်ငံ အတွက်သာ မဟုတ်ပါဘူး။ ASEAN နယ်ပယ် အသိုင်းအဝိုင်း မှာရှိတဲ့ ကုန်သွယ်မှု လမ်းကြောင်း၊ စီးပွားရေး လမ်းကြောင်းတွေကို ပြောင်းလဲသွားတဲ့ အတွက်ကြောင့် ဒေသဆိုင်ရာ အတွက်ပါ အလွန်အရေးကြီးတဲ့ စီမံကိန်းကြီး တစ်ခုဖြစ်ပါတယ်။ အဲ့တော့ ဒီ စီမံကိန်းကြီး နှင့်ပတ်သက်လာတဲ့ နည်းဥပဒေတွေကို ရှင်းရှင်း လင်းလင်း မသိရသေးတဲ့ အခါ ကျွန်တော်တို့နှင့် အကောင်အထည်ဖော်နေတဲ့ အစိုးရအဖွဲ့ကြားထဲမှာ Transparency တွေက လွတ်နေတဲ့သဘော ရှိပါတယ်။ ဒါနဲ့ကြောင့် မေးတဲ့မေးခွန်းကို မက်စ်မြန်မာကုမ္ပဏီဟာ ၂၅ ရာခိုင်နှုန်း ပူးပေါင်းပါဝင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီ ၂၅ ရာခိုင်နှုန်းက ဘာကိုဆိုလိုသလဲ။ အမေရိကန် ဒေါ်လာ ၈.၆ ဘီလီယံရဲ့ ၂၅ ရာခိုင်နှုန်းဆိုရင် မက်စ်မြန်မာ ကုမ္ပဏီရဲ့ပါဝင်မှုဟာ ၂ ဘီလီယံကျော် ဖြစ်မျာပါ။ အဲ့တော့ ဒီဟာတွေက မရှင်းမရှင်း ဖြစ်ရခြင်းဟာ ဥပဒေထုတ်ပြီးတော့ သက်ဆိုင်ရာ နည်းဥပဒေတွေ ကို ဆင့်ကဲ ဆင့်ကဲ အချိန်မီ မထုတ်ပေးတဲ့ အခါ ရောထွေးယှက်တင် အတွေးအခေါ်တွေ၊ ရှုတ်တာတွေ ဖြစ်သွားပါ မယ်။ ဒါနဲ့ကြောင့် ဥက္ကဋ္ဌကြီးက ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှု ကော်မတီနှင့် စီးပွားရေးကော်မတီ နှစ်ရပ်ကို ဒီကိစ္စဟာ မက်စ်မြန်မာကုမ္ပဏီက ထွက်သွားတဲ့ အတွက်ကြောင့် ဘယ်လို မြန်မာနိုင်ငံအတွက် Impart ရှိတယ် ဆိုတာကို လေ့လာပြီး ပြန်ပြီးတော့ တင်ပြဖို့အထိ ကျွန်တော်တို့ကို ညွှန်ကြားခြင်းဟာ ဒီဥပဒေ၊ နည်းဥပဒေတွေ ကို အချိန်မီ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ခြင်း မပြုခြင်းကြောင့်ပဲ ဖြစ်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဒါနဲ့ကြောင့် အမ်းမဲဆန္ဒနယ်က ဦးသိန်းဆွေရဲ့အဆိုကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ထောက်ခံပါ ကြောင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
ဥက္ကဋ္ဌ ။ ။ ဒေါ်တင်နွယ်ဦး အဆိုနှင့်ပတ်သက်ပြီးတော့ တစ်ဦးကိုတာဝန်လွှဲပေးခဲ့တာရှိရင် ဆွေးနွေးပါ။ မရှိဘူးဆိုလို့ရှိရင်တော့ အဆိုနှင့်စပ်လျဉ်းပြီး သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်ကပြန်လည်ရှင်းလင်းဆွေးနွေးဖို့ဖြစ်ပါတယ်။
